
လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် အမျိုးသမီးများ၏ အမြင်သဘောထား အကြံပြုချက်များ ပါဝင်မှုနှင့် အဓိပ္ပါယ် ပြည့်ဝသော ပူးပေါင်းမှု အားနည်းနေသည်ဟု မြန်မာ့ အမျိုးသမီး သမဂ္ဂ(WLB)က ဇန်နဝါရီ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် နိုင်ငံ၏ လူဦးရေ တဝက်ကျော်ရှိသည့် အမျိုးသမီးများ၏ ဆန္ဒသဘောထားပေးခွင့်နှင့် ပါဝင်ဆုံးဖြတ် ခွင့်များကို သေချာစွာ မလုပ်ဆောင်နိုင်ခဲ့လျှင် လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်သည် မြန်မာ အမျိုးသမီးထုအပေါ် ကိုယ်စားပြုမှု ရှိ/မရှိ မေးခွန်းထုတ်ရမည် ဖြစ်ကြောင်း၊ အရေးကြီးသည့် ပူးပေါင်း ပါဝင်မှုများကို ချန်လှပ်ထားပြီး လုပ်ဆောင်နေခြင်းသည် စစ်မှန်ပြီး ရေရှည် တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန် နှောင့်နှေးနိုင်သည်ဟု WLB၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် အဓိက ပါဝင်နေသည့် အစိုးရ၊ လွှတ်တော်၊ တပ်မတော်မှ ကိုယ်စားလှယ်များ၊ လက်နက်ကိုင်အဖွဲ့မှ ကိုယ်စား လှယ်များ၊ နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များသာ ဖြစ်ပြီး အမျိုးသမီး ပါဝင်မှုကို အလေးအနက် ထည့်သွင်း စဉ်းစားခြင်းမရှိကြောင်း WLB က သဘောထား ထုတ်ပြန်ခဲ့သည်။