နိုင်ငံရေးခေါင်းဆောင်တယောက်က သူ၏ ရာထူးကို မိမိဆန္ဒအလျောက် စွန့်လွှတ်ခြင်းမျိုး မြန်မာနိုင်ငံတွင် ရှားပါးပါသည်။ ထို့အပြင် ရာထူးမှ ထုတ်ပယ်ခံရသူတယောက်က နိုင်ငံရေးလောကအတွင်းသို့ ပြန်လည် ဝင်ရောက်လာခြင်းမျိုးက ပိုပြီးရှားပါးနေဆဲ ဖြစ်ပါသည်။
စစ်တပ်ကအာဏာသိမ်းယူပြီး ရာထူးမှဖယ်ရှား ခြင်းခံခဲ့ရသော မြန်မာနိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ် ဦးနုသည် ၁၉၈၈ ခုနှစ် အရေးအခင်း ကာလအတွင်း တွင် နိုင်ငံရေးလောကအတွင်းသို့ ပြန်လည် ဝင်ရောက်ရန် ကြိုးစားခဲ့ သော်လည်း မျိုးဆက်သစ် ဒီမိုကရက် များက ငြင်းဆန်ခဲ့ကြသည်။ ထောက်လှမ်းရေးအကြီး အကဲဟောင်း ဦးခင်ညွန့်သည်လည်း နေအိမ်အကျယ် ချုပ်မှ လွတ်မြောက်လာသည့် ၂၀၁၂ ခုနှစ် နောက် ပိုင်းတွင် မထင်မရှား နေထိုင်ခဲ့သည်။ အထူးသဖြင့် ဒီပဲယင်း အရေးအခင်းနှင့် ပတ်သက်၍ သူ့တွင် တာဝန်မရှိဟု လူသိရှင်ကြား ပြောဆိုခဲ့သည့်အတွက် သူ့ထံသို့ သတင်းတပ်ဖွဲ့မှရဲအရာရှိများ တိတ်တဆိတ် ရောက်လာခဲ့ပြီးသည့် နောက်ပိုင်းတွင် ဖြစ်သည်။ ၁၉၈၈ ခုနှစ်အရေးအခင်းတွင် နိုင်ငံရေးမှ တရားဝင် ထွက်ခွာခဲ့ရသော အာဏာရှင် ဟောင်း ဦးနေဝင်းသည်လည်း သူ၏ဘဝကို မိသားစုနှင့်အတူ နေအိမ် အကျယ်ချုပ်ဖြင့် နေထိုင်ရင်း အဆုံးသတ် ခဲ့ရသည်။
ယခုအချိန်တွင် အကယ်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ထိပ်တန်းပုဂ္ဂိုလ်များ၏ လတ်တလော မှတ်ချက်စကားများသာ မှန်ကန်ခဲ့ပါ က ဦးရွှေမန်းက အထက်ပါ အစဉ်အလာ ပုံစံခွက်ကို ချိုးဖျက်သွားရန် ရှိနေပါသည်။
ဩဇာကြီးသည့် ဗိုလ်ချုပ်ကြီးဟောင်းတယောက် ဖြစ်သော ဦးရွှေမန်းသည် ၁၉၈၀ နှစ်များအတွင်းက ကရင် လက်နက်ကိုင် အဖွဲ့နှင့် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲတခုကို ဦးဆောင်ခဲ့သည့်အတွက် သူရဘွဲ့ ရရှိခဲ့သူဖြစ်ပြီး အရပ်သားအမည်ခံအစိုးရပေါ်ပေါက် လာသည့် ၂၀၁၀ ခုနှစ် မတိုင်မီအထိ စစ်အစိုးရအဖွဲ့တွင် တတိယ မြောက် အာဏာအရှိဆုံးပုဂ္ဂိုလ် ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတဖြစ်လာမည်ဟု ဆန်းစစ်လေ့လာ သူ တချို့က သူ့ကို ထင်ကြေးပေးခဲ့သော်လည်း နောက်ဆုံးတွင် ဦးသိန်းစိန်က သမ္မတ ရာထူး ရရှိသွားခဲ့သည်။
ဦးရွှေမန်းက အတိုက်အခံခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်နှင့် နီးကပ်သွားသည်ဟု ယူဆရ သည့်အတွက် ၂၀၁၃ ခုနှစ်မှစ၍ ဦးသိန်းစိန်နှင့် ဦးရွှေမန်းတို့အကြား ဆက်ဆံရေးအခြေအနေ ဆိုးရွား လာခဲ့သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှ ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်ပေးရန် ဦးရွှေမန်းက ထိုနှစ်အတွင်း တောင်းဆိုခဲ့သည်။ စစ်အစိုးရက ရေးဆွဲခဲ့သည့် အခြေခံဥပဒေတွင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်မလာအောင် ထိရောက် စွာ တားဆီးထားသည့် စာပိုဒ်ကို ပြင်ဆင်သင့်သည်ဟု သူက ဆိုသည်။ ထိပ်တန်းခေါင်းဆောင်များနှင့် နိုင်ငံရေး ဆွေးနွေးမှု များပြုလုပ်ရန် ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုခြင်းကိုလည်း သူက ထောက်ခံခဲ့သည်။ NLD နှင့် ဒီမိုကရေစီအရေး လှုပ်ရှားသူများ တောင်းဆိုလာခဲ့သော အခြေခံဥပဒေ ပြင်ဆင်ရေးကို ပြည်ထောင်စုလွှတ်တော်တွင် မဲပေးဆုံးဖြတ်ခွင့်ပြုခဲ့သည်။ သို့သော်လည်း နောက်ဆုံးတွင် ရှုံးနိမ့်သွားခဲ့သည်။
အစိုးရအဖွဲ့မှ ဝန်ကြီးများနှင့် တာဝန်ထမ်းဆောင်ဆဲ စစ်ဘက်အရာရှိကြီးများ လွှတ်တော်ကိုယ် စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုးစားခြင်းကို အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေးပါတီ) ဥက္ကဋ္ဌအနေဖြင့် ဦးရွှေမန်းက တားဆီးပိတ်ဆို့ခဲ့သည့်အတွက် ရာထူးမှကျဖို့ ဖြစ်လာခဲ့သည်။
ဦးရွှေမန်းကို ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌနေရာမှ ဖယ်ရှားရန် အားထုတ်မှု ၂၀၁၅ ခုနှစ်အတွင်း အနည်းဆုံး ၂ ကြိမ်ခန့် ရှိခဲ့ပြီး သူက ပါတီထိပ်တန်း တာဝန်ရှိသူ အများစု၏ ထောက်ခံမှုကို ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့သည်။ သို့သော်လည်း ဩဂုတ် လအတွင်းတွင် ပါတီဗဟိုအလုပ်အမှုဆောင် ကော်မ တီဝင်များကို နေပြည်တော်ရှိ ပါတီရုံးချုပ်သို့ခေါ်ယူ၍ ဦးရွှေမန်းနှင့် သူ၏မဟာမိတ်များကို ထိပ်ပိုင်းရာထူး များမှဖယ်ရှားရန် မဲပေးခိုင်းခဲ့သည်။ နောက် ၄ ရက် ကြာသည့် အခါကျမှ အစိုးရပိုင် မြန်မာ့အလင်း သတင်းစာတွင် အဆိုပါအဖြစ်အပျက်သည် “တရား ဝင်မှတ်ပုံတင်ထားသည့် နိုင်ငံရေး ပါတီတခုအတွင်း ဖြစ်ရိုးဖြစ်စဉ် သာမန်ကိစ္စတခုသာ ဖြစ်ကြောင်း” ဖော်ပြခဲ့သည်ကို တွေ့ရသည်။
ပါတီခေါင်းဆောင်အဖြစ်မှ ဖယ်ရှားခြင်း ခံလိုက်ရသဖြင့် ဦးရွှေမန်း၏ နိုင်ငံရေးလောကမှ အချိန်များ ပြီးဆုံးသွားခဲ့ပြီဟု လေ့လာစောင့်ကြည့်သူများက ယူဆခဲ့ကြသည်။ ဖမ်းဆီးတရားစွဲဆိုခြင်း ခံရမည်ဟုလည်း ကောလာဟလများ ထွက်ပေါ်ခဲ့သည်။ စွပ်စွဲပြစ်တင်ခြင်း ဥပဒေကြမ်းက သူ့ကို လူထု မြင်ကွင်းမှ လျင်မြန်စွာ ပျောက်ကွယ်သွားစေလိမ့်မည်ဟု ယူဆခဲ့ကြသည်။ အဆိုပါဥပဒေကြမ်းကို ကြံ့ခိုင်ရေး ပါတီမှ လွှတ်တော် ကိုယ်စားလှယ်များက ထောက်ခံခြင်း မပြုခဲ့သည့်အတွက် ရှုံးနိမ့်သွားခဲ့ပါသည်။ နောက်ဆုံးတွင် ပြီးခဲ့သည့် နိုဝင်ဘာရွေးကောက်ပွဲ၌ သူ၏ဇာတိ ဖြူးမြို့နယ်တွင် ရှုံးနိမ့်ခဲ့ခြင်းက ဦးရွှေမန်း၏ နိုင်ငံရေးသမားဘဝ အဆုံးသတ်ခဲ့ပြီဆိုသော အယူအဆများကို ပိုမိုခိုင်မာစေခဲ့သည်။
သို့သော်လည်း NLD ပါတီ အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး ရက်သတ္တပတ် အနည်းငယ်အကြာတွင် ဦးရွှေမန်း ပြန်လည်ပေါ်ထွက်လာခဲ့သည်။ ရွေးကောက်ပွဲ ရလဒ်များ ထွက်ပေါ်လာပြီး နောက်ပိုင်းတွင် ဒေါ်အောင်ဆန်း စုကြည်နှင့် ပထမဆုံး တွေ့ဆုံခဲ့သော ပြိုင်ဘက်နိုင်ငံရေးခေါင်းဆောင် ဖြစ်လာသည်။ နောက်ပိုင်းတွင်လည်း သူတို့ ၂ ဦး ပုံမှန်တွေ့ဆုံမှုများ ရှိလာခဲ့သည်။ ဒီဇင်ဘာလအတွင်းတွင် ဒေါ်အောင် ဆန်းစုကြည်နှင့် အာဏာရှင် ဟောင်း ဦးသန်းရွှေတို့ မျှော်လင့်မထားဘဲ တွေ့ဆုံခဲ့ကြသည့် ကိစ္စတွင်လည်း ဦးရွှေမန်းက ကြားပွဲစားအဖြစ် ဆောင်ရွက်ပေးခဲ့သည် ဆိုသည့် သတင်းများလည်း ထွက်ပေါ်လာခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် ဦးသန်းရွှေက ဒေါ်အောင်ဆန်း စုကြည်ကို မြန်မာနိုင်ငံ၏ အနာဂတ်ခေါင်းဆောင် အဖြစ် ရည်ညွှန်းခဲ့ပြီး နိုင်ငံရေး အသွင်ကူး ပြောင်းမှု ကာလအတွင်းတွင် ကူညီပေးမည်ဟုလည်း ကတိပြု ခဲ့သည်။
မတ်လကုန်ပိုင်းတွင် ဖွဲ့စည်းမည့် အဖွဲ့အစည်း အသီးသီးမှ ပါဝင်မည့် အစိုးရသစ်တွင် ဦးရွှေမန်းက တနေရာမှ ပါဝင်လာဖွယ်ရှိသည်ဟု NLD ပါတီ၏ ပြောရေးဆိုခွင့် ရှိသူဖြစ်သော ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းထိန်က အပတ်စဉ်ထုတ် The Voice ဂျာနယ်သို့ ပြောကြားခဲ့သည်။
“သူက ထက်မြက်တယ် ရဲရင့်တယ်။ အရှုံးကို လက်ခံတာ လူတိုင်းသိကြတယ်။ ဒီမိုကရေစီနိုင်ငံ တခု တည်ထောင်ဖို့အတွက် ကြံ့ခိုင်ရေးနဲ့ တိုင်းရင်း သား ပြည်သူတွေ အားလုံးပါဝင်ဖို့ လိုအပ်တယ်လို့ ယူဆမယ်ဆိုရင် သူရဦးရွှေမန်း ပါလာနိုင်ပါတယ်။ သူပါလာဖို့ ရှိပါတယ်” ဟု ဦးဝင်းထိန်က ပြောသည်။
ဦးရွှေမန်း၏ နောက်ခံအချက်အလက်များက အလေးထား၍ အခြေအတင် ဆွေးနွေးဖွယ်ရာ ဖြစ် သည်။ စစ်အစိုးရအဖွဲ့တွင် ထိပ်သီးပုဂ္ဂိုလ်တယောက် ဖြစ်ခဲ့ခြင်း၊ စစ်ဗိုလ်ချုပ်ကြီးတယောက် ဖြစ်ခဲ့ခြင်းနှင့် လက်ရှိ လွှတ်တော်ကိုယ်စားလှယ်တယောက် ဖြစ် နေခြင်းတို့ကြောင့် သူ၏ရည်ရွယ်ချက်များ၊ အလို ဆန္ဒများနှင့် ပတ်သက်၍ မေးခွန်းများ မြင့်တက်စေခဲ့ သည်။ ဩဂုတ်လအတွင်းတွင် ပါတီတွင်း ရာထူးမှ ချထားခြင်းခံရ ပြီးနောက် အငြင်းပွားဖွယ်ရာများ ပြန်လည်ပေါ်ပေါက်လာခဲ့သည်။
၂၀ဝ၇ ခုနှစ်က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ကြေးနန်းသတင်းတခုကို Wikileaks က ၂၀၁၀ တွင် ထုတ်ပြန်ခဲ့ရာ၌ ၂၀ဝ၃ ခုနှစ်အတွင်းက ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းကို ဒီပဲယင်း မြို့နယ်တွင် အကြမ်းဖက် တိုက်ခိုက်ရန် စီစဉ်ရာ၌ ဦးရွှေမန်းက ပါဝင်ကူညီခဲ့သည်ဟု သတင်းရင်းမြစ် တချို့ကပြောကြောင်း ဖော်ပြထားသည်။ အဆိုပါ တိုက်ခိုက်မှုတွင် စစ်အစိုးရဘက်သားများကြောင့် လူ ၇၀ ကျော် သေဆုံးခဲ့ရသည်။
ဦးရွှေမန်းက စီးပွားရေးဆိုင်ရာ ကိစ္စအများ အပြားတွင် ပါဝင်နေကြောင်း၊ စစ်အစိုးရနှင့် နီးကပ် သော စီးပွားရေး လုပ်ငန်းရှင်များနှင့်လည်း ဆက် သွယ်မှုရှိကြောင်းနှင့် သူ၏သားများက ဖခင်၏ အဆက်အသွယ်များကို အသုံးပြု၍ သူတို့၏ စီးပွား ရေးအင်ပါယာကို တည်ဆောက်ခဲ့သည်ဟု သတင်း ရင်းမြစ်များက ဆိုကြောင်း Wikileaks တွင် ဖော်ပြခဲ့သည်။
ကြံ့ခိုင်ရေးပါတီတွင်းရှိ ဦးရွှေမန်း၏ မဟာမိတ် များထဲမှ တဦးဖြစ်သည့် ပါတီအထွေထွေအတွင်းရေး မှူးဟောင်း ဦးမောင်မောင်သိမ်းကို မကြာသေးမီက ထုတ်ပြန်ခဲ့သည့် Global Witness ၏ အစီရင်ခံစာတွင် ကချင် ပြည်နယ်ရှိ အကျိုးအမြတ် အလွန်များပြားသည့် ကျောက်စိမ်းကုန်သွယ်မှုမှ အကျိုးအမြတ် အများအပြား ရရှိနေသူများထဲမှ တဦးဖြစ်သည်ဟု ဖော်ပြထားသည်ကိုတွေ့ရသည်။ ဦးရွှေမန်း၏ မဟာ မိတ်တဦးဖြစ်ပြီး ဇူလိုက်လအတွင်းက ကွယ်လွန်သွား ခဲ့သော ဦးအောင်သောင်း၏ သားများမှာ International Group of Entrepreneurs (IGE) ကုမ္ပဏီကို ဦးဆောင်နေပြီး အဆိုပါကုမ္ပဏီမှာ ဆောက်လုပ်ရေး၊ သယံဇာတအရင်း အမြစ်နှင့် ဘဏ် လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံထားသည်။ IGE ကုမ္ပဏီကို အမေရိကန်နိုင်ငံက အရေးယူ ပိတ်ဆို့ သည့်စာရင်းတွင် ထည့်သွင်းထားဆဲဖြစ်သည်။
တချိန်တည်းမှာပင် ဦးရွှေမန်းကို နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ပြန်လည် ဆက်သွယ်လိုသည့် အလားအလာရှိ သော ပြုပြင်ပြောင်းလဲရေးသမား တယောက်အဖြစ် အများစုက ယူဆထားကြောင်း ၂၀ဝ၇ ခုနှစ် ကြေးနန်း သတင်းတခုတွင် ဖော်ပြထား သည်။ လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်စဉ် ကာလအတွင်း အရပ်ဘက် အဖွဲ့ အစည်းများနှင့် တွေ့ဆုံခဲ့သည့် သတင်းများကလည်း အဆိုပါ အယူ အဆကို အထောက်အကူပြုခဲ့သည်။ ဒေါ်အောင် ဆန်းစုကြည်နှင့် ဆက်ဆံရေးအပြင် ပြည်ထောင်စု လွှတ်တော်ကို နိုင်ငံတကာမှ လေ့လာ စောင့်ကြည့်သူ များ ကြိုတင်မျှော်မှန်းထားကြသလို အထက်က ပြောသမျှ ခေါင်းညိတ်သည့် လွှတ်တော် တခုထက် ပိုအားကောင်းသည့် လွှတ်တော်တခုဖြစ်လာအောင် ကြိုးစားခဲ့ခြင်းများကြောင့်လည်း သူ့ကို လမ်းကြောင်း သစ်တခုပေါ်သို့ ရောက်ရှိစေခဲ့သည်။
၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်တဦးဖြစ်သည့် ဦးမြအေးက ဦးရွှေမန်း သည် သူ၏ လွှတ်တော်သက်တမ်းအတွင်း NLD ပါတီနှင့် နှစ်ဦးနှစ်ဖက် အကျိုးရှိမည့် ဆက်ဆံရေး တခုကို ထူထောင်နိုင်ခဲ့ ကြောင်းနှင့် လက်ရှိပူးပေါင်း ဆောင်ရွက်မှု လမ်းကြောင်းအတိုင်း ဆက်သွားရန် နှစ်ဖက်လုံးတွင် အကြောင်း ပြချက်များ ရှိခဲ့ကြောင်း ပြောသည်။
“NLD ရဲ့ ရွေးကောက်ပွဲ အောင်နိုင်မှုက ဦးရွှေမန်းကို ပြန်လည်ရှင်သန်စေခဲ့တာ အမှန်ပါပဲ” ဟု ဦးမြအေးကပြောသည်။ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် စစ်ဘက်နှင့် ပူးပေါင်းဆောင်ရွက် ရေးအပေါ် NLD ပါတီ၏ ဦးစားပေးမှုက ခေါင်း ဆောင်ပိုင်း၏ ဆုံးဖြတ်ချက်အပေါ်တွင် တည်နေ လိမ့်မည်ဟု သူက ထပ်ပြောသည်။ “အခု NLD လုပ်နေတာနဲ့ ပတ်သက်ပြီး ကန့်ကွက်ဖို့ ကျနော့်မှာ အကြောင်းမရှိပါဘူး” ဟု ဦးမြအေးက ဆိုသည်။
ပညာရှင်အဖွဲ့အစည်း တခုဖြစ်သည့် တမ္ပဒီပ အင်စတီကျုမှ ဒါရိုက်တာ ဦးခင်ဇော်ဝင်းက ပြီးခဲ့သည့် ၅ နှစ် အတွင်း သူ၏ဆောင်ရွက်ခဲ့မှုများက အနာဂတ် အစိုးရအဖွဲ့တွင် ဦးရွှေမန်း ဝန်ကြီးတနေရာရလာနိုင်သည့် အလားအလာကို အားကောင်းစေခဲ့သည်ဟု ဆိုသည်။ ဥပဒေပိုင်းဆိုင်ရာ ကျွမ်းကျင်မှုကို ပြသနိုင်ခြင်းမရှိသည့် အခြေခံဥပဒေခုံရုံး အဖွဲ့ဝင်များကို ဦးရွှေမန်းက စတင်ဝေဖန်အပြစ်တင်ခဲ့သလို အခြေခံ ဥပဒေ ပြင်ဆင်ရေးကို လည်း ထောက်ခံခဲ့သည်ဟု ဦးခင်ဇော်ဝင်းက ပြောသည်။
“လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ ဦးရွှေမန်းက လွှတ် တော်ကိုယ်စားလှယ်တွေကြားမှာ နာမည်ကောင်း ရခဲ့ပါတယ်။ လွှတ်တော်မှာ အတွေ့အကြုံ ၅ နှစ် ရှိခဲ့တဲ့အပြင် ဗိုလ်ချုပ်ကြီးဟောင်းတယောက်ဖြစ်တဲ့ အတွက် စစ်တပ် အကြောင်းလည်း သူက ကောင်း ကောင်းသိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့လိုလူမျိုးကို မဟာမိတ်အဖြစ် အနားမှာထားဖို့ လိုပါတယ်။ ဒါကြောင့် သူ့ကို နေရာတခု ပေးပါလိမ့်မယ်။ သူက ဒေါ်အောင် ဆန်းစုကြည်အတွက် အသုံး ဝင်ပါလိမ့်မယ်” ဟု သူကဆိုသည်။
သို့သော်လည်း မြန်မာ့အရေး ကျွမ်းကျင်သူတဦး ဖြစ်သည့် မစ္စတာ ဘာတေးလ် လင့်တနာ (Bertil Lintner) အတွက်မူ NLD နှင့် စစ်တပ်ကြားတွင် ဦးရွှေမန်းက ကြားဝင်စေ့စပ်သူအဖြစ် ဆောင်ရွက် ပေးနိုင်မည်ဟု သိပ်မသေချာပါ။ ဦးသိန်းစိန်နှင့် ဆက်ဆံရေး မကောင်းခဲ့ခြင်း၊ ပြိုင်ဘက်ပါတီနှင့် မဟာမိတ်ဖွဲ့ရန် ဆုံးဖြတ် ခဲ့ခြင်းများကြောင့် ဦးရွှေမန်းကို နေရာပေးခြင်းအပေါ် စစ်ဘက်မှ အဆင့်မြင့်ပုဂ္ဂိုလ် များက မလိုလားအပ်သည့် ကိစ္စတခုအဖြစ် ယူဆကြဖွယ်ရှိသည်ဟု ဘာတေးလ်လင့်တနာက ဧရာဝတီသို့ ပြောသည်။
“သူတို့အတွက်ကတော့ ဦးရွှေမန်းက ဒေါ် အောင်ဆန်းစုကြည်နဲ့ ရင်းနှီးမှုရှိတဲ့ သစ္စာဖောက် တယောက်ပဲ။ အခြေခံဥပဒေ ပြင်ဆင်ဖို့တောင်မှ သူကထောက်ခံခဲ့တယ်” ဟု သူကဆိုသည်။
ဦးရွှေမန်း၏ နိုင်ငံရေးအရ စွမ်းဆောင်နိုင်မှုကိုမူ ဘာတေးလ်လင့်တနာက လက်ခံခဲ့သည်။ အထူးသဖြင့် သူ့ကိုယ်သူ ဦးဆောင်ဦးရွက်လုပ်ပေးနိုင်သူ (Kingmaker) တယောက်အနေဖြင့် ခံယူပြီး ဒေါ်အောင် ဆန်းစုကြည်၊ သမ္မတ ဦးသိန်းစိန်နှင့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စသည့် အဆင့်မြင့်ပုဂ္ဂိုလ်များအကြား နှောင့်နှေးကြန့်ကြာနေ သည့် နိုင်ငံရေးဆွေးနွေးမှုများ ပေါ်ပေါက်လာစေရန် တွန်းအားပေးနိုင်ခဲ့သည့် နေရာတွင် ဖြစ်သည်။
“တကယ်ကိုကောင်းတဲ့ ရွှေ့ကွက်လို့ ကျနော် ထင်ပါတယ်။ ဦးသန်းရွှေရဲ့မြေးနဲ့ ဒေါ်အောင်ဆန်း စုကြည် မတွေ့ဆုံမီအချိန်အထိ ဦးသိန်းစိန်နဲ့ ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်တွေ မပြီးပြတ်သေးခင် ဒေါ်အောင်ဆန်းစု ကြည်နဲ့ တွေ့ဆုံမှာမဟုတ်ဘူးလို့ ပြောခဲ့ကြတယ်။ သူတို့နဲ့ တွေ့ပြီး နောက်မှာ ဒေါ်အောင်ဆန်းစုကြည်က ဦးသန်းရွှေနဲ့ တွေ့ဆုံခဲ့တယ်။ ဒါပေမယ့် အဓိက ကတော့ ဦးသန်းရွှေပေါ့။ သူက ဒေါ်အောင်ဆန်းစု ကြည်နဲ့ တွေ့ဖို့ သူ့ရဲ့မြေးကို လွှတ်လိုက်တာက ဦးသိန်းစိန်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လျစ်လျူရှုလို့ မရတဲ့ အကြောင်းတခု ဖြစ်သွားတယ်” ဟု ဘာတေးလ် လင့်တနာက ပြောသည်။
ဦးရွှေမန်းအနေဖြင့် သူ့ နိုင်ငံရေး ဗီဇလက္ခဏာ များကို ဆက်လက် ထိန်းသိမ်းထားနိုင်မည်ဆိုလျှင် ဇန်နဝါရီလတွင် လွှတ်တော်သက်တမ်း ပြီးဆုံးသွား ခြင်းက အဆင့်မြင့်တာဝန်များကို ထမ်းဆောင်ရသည့် ဘဝကို အဆုံး သတ်လိုက်ခြင်း မဟုတ်ဖို့ များနေပါသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော ကျော်ဖြိုးသာ၏ Analysis: Will Shwe Mann Make a Comeback? ကို နိုင်မင်းသွင် ဘာသာပြန်ဆိုသည်။)