ရန်ကုန်မြို့အနီးရှိ သီလဝါ အထူးစီးပွားရေးဇုန်တွင် ဆိပ်ကမ်း ဆောက်လုပ်ရန် ဂျပန်နိုင်ငံမှ Toyo Construction နှင့် JFE Engineering ကုမ္ပဏီ တို့ကို မြန်မာအစိုးရ က ခွင့်ပြုလိုက်ကြောင်း ဂျပန်သတင်းစာ Nikkei တွင် ရေးသားထားသည်။
ဂျပန်ယန်း ၁၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၁၇သန်း) ခန့် တန်ဘိုးရှိသည့် စီမံကိန်း အတွက် အဆိုပြု လွှာတင်သွင်း ယှဉ်ပြိုင်ရာ ဂျပန်ကုမ္ပဏီများက လုပ်ခွင့်ရရှိသွားခြင်း ဖြစ်ပြီး စီမံကိန်း အတွက် ရန်ပုံငွေကို ဂျပန်နိုင်ငံ၏ ဖွံ့ဖြိုးရေး အထောက်အကူပြု အစီအစဉ်မှ ထောက်ပံ့မည် ဖြစ်သည်။
သီလဝါ အထူးစီးပွားရေးဇုန်တွင် တည်ဆောက်မည့် ဆိပ်ကမ်းကို တနှစ်လျှင် ပေ၂၀ ကုန်သေတ္တာ အလုံးရေ ၁၈၇၀၀၀ ဝန်ဆောင်ပေးနိုင်ရန် စီစဉ်ထားပြီး ဆိပ်ခံတံတားများ၊ ကုန်သေတ္တာ စခန်းနှင့် အခြားသော အဆောက်အဦး များလည်း ဆောက်လုပ်သွားမည် ဖြစ်သည်။ ၂၀၁၈ ခုနှစ် တွင် ဆောက်လုပ်ရေးလုပ်ငန်းများ ပြီးဆုံးမည်ဟု သိရသည်။
ဆိပ်ကမ်းဆောက်လုပ်ခွင့်ရသည့် JFE Engineering သည် မြန်မာနိုင်ငံမှ ဖက်စပ်စက်ရုံတခု တွင် သံမဏိ ပစ္စည်းများ ထုတ်လုပ်မည် ဖြစ်ပြီး၊ Toyo Construction က မြေနှင့် ရေအနက်ကို ပိုနက်ရှိုင်းလာအောင် ပြင်ဆင်ခြင်းများ ပြုလုပ်မည် ဖြစ်သည်။
ဂျပန်- မြန်မာ အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဖြင့် လုပ်ဆောင်မည့် သီလဝါ အထူးစီးပွားရေးဇုန်သည် အဓိက စက်မှုနယ်မြေတခု ဖြစ်ပြီး နိုင်ငံခြား ကုမ္ပဏီများကို ဆွဲဆောင် ရာတွင် အထောက်အကူဖြစ် လိမ့်မည်ဟု မြန်မာနိုင်ငံက အထူးမျှော်လင့်ထားသည်။ သီလဝါ အထူးစီးပွားရေး ဇုန်တွင် လုပ်ငန်းများ လုပ်ကိုင်ရန် ဂျပန် ကုမ္ပဏီများကလည်း စဉ်းစားနေသော်လည်း ဆိပ်ကမ်းနှင့် လျှပ်စစ် ဓာတ်အား လိုအပ်မှုများက အတားအဆီး တခု ဖြစ်နေသည်။
အဆိုပါဆိပ်ကမ်းသစ်က လက်ရှိ ရန်ကုန်ဆိပ်ကမ်းထက် ရေစူးပိုနက်မည်ဖြစ်သည့်အတွက် ကြီးမားသည့် သင်္ဘောများ လွယ်ကူစွာ ဆိုက်ကပ်နိုင်မည် ဖြစ်သည်။ ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ အခြေခံ အဆောက်အဦးများ တင်ပို့မှု အရှိန်အဟုန် ကိုလည်း တွန်းအားပေးနိုင်မည်ဖြစ်သည်။
လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် အတွက် Mitsubishi Hitachi Power Systems က လျှပ်စစ် ဓာတ်အား စုစုပေါင်း ကီလိုဝပ် ၅၀၀၀၀ ထုတ်လုပ်ပေးနိုင်မည့် ဓာတ်ငွေ့တာဘိုင် ၂ ခုတည်ဆောက်ရန် ခွင့်ပြုချက် ရရှိပြီး ဖြစ်ပြီး ပထမဆုံး တခုကို မတ်လ အတွင်းတွင် စတင်လည်ပတ်နိုင်ရန် စီစဉ်ထားသည်။