ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်း လူကုန်ကူးမှု ၁၃၀ ဖြစ်ပွားခဲ့ရာတွင် အများစုသည် တရုတ်နိုင်ငံသို့ ဇနီးမယားအဖြစ် အဓမ္မလက် ထပ် ရန် ရောင်းစားသည့် လူကုန်ကူးမှုများဖြစ်ကြောင်း သတင်းရရှိသည်။
ယမန်နှစ်အတွင်း မြန်မာအမျိုးသမီးငယ်များကို တရုတ်မယားအဖြစ် အဓမ္မလက်ထပ်ရန် ရောင်းစားမှု ၇၄ မှု ဖြစ်ပွားခဲ့ပြီး ယင်း ပမာဏသည် တနှစ်တာ အတွင်းဖြစ်ပွားခဲ့သည့် လူကုန်ကူးမှုအားလုံး၏ ၅၆ ရာခိုင်နှုန်း ရှိနေကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ စာရင်းများအရ သိရသည်။
“တရုတ်မယားအဖြစ် အဓမ္မလက်ထပ်ဖို့ ရောင်းစားတာတွေက လောလောဆယ်အချိန်ထိတော့ လျော့ကျသွားတာ မရှိသေးဘူး။ ဆက်ဖြစ်နေဆဲပဲ။ အရင်တုန်းက တရုတ်မယားအဖြစ် လူကုန်ကူးခံထားရတဲ့ သူတွေကိုယ်တိုင် ပြန်ပြီး လူကုန်ကူးတာတွေကြောင့် လည်း ပါတာပေါ့”ဟု နေပြည်တော် လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး တပ်ဖွဲ့စုမှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူး မင်းနိုင်က ဧရာဝတီကို ပြောသည်။
မြန်မာအမျိုးသမီးများအား တဦးလျှင် တရုတ်ယွမ်ငွေ ၂၀၀၀၀ မှ ၈၆၀၀၀ ယွမ်အထိရှိသော ဈေးနှုန်းများဖြင့် လူပွဲစားများထံမှ တရုတ် နိုင်ငံသားများက ဇနီးမယားအဖြစ် ဝယ်ယူမှုများရှိနေသည်ဟုလည်း နေပြည်တော် လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့က ပြောသည်။
၂၀၁၅ ခုနှစ်အတွင်းဖြစ်ပွားခဲ့သည့် လူကုန်ကူးမှု ၁၃၀ အနက် တရုတ်နိုင်ငံကို ဦးတည်၍ လူကုန်ကူးခြင်းက အမှုပေါင်း ၈၀ ပါဝင်နေပြီး မြန်မာနိုင်ငံရှိ လူကုန်ကူးမှုအားလုံး၏ ၆၁ ရာခိုင်နှုန်း ရှိနေသည်။
ပြည်တွင်း လူကုန်ကူးခြင်းက အမှု ၂၁ မှုဖြင့် ဒုတိယနေရာတွင် ရှိနေပြီး ထိုင်းနှင့် မလေးရှားနိုင်ငံသို့ ဦးတည်လူကုန်ကူးခြင်းက တတိယနှင့် စတုတ္ထနေရာတွင် ရှိနေကြောင်း နေပြည်တော် လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့၏ စာရင်းများအရ သိရ သည်။
ပြည်တွင်း လူကုန်ကူးမှုအများစုသည် မြို့ကြီးများ၌ အလုပ်ရမည်ဟု လိမ်ညာခေါ်ဆောင်၍ ပြည့်တန်ဆာပြုလုပ်၍ ခိုင်းစေခြင်းက အများဆုံးဖြစ်ပြီး လုပ်အားခ ခေါင်းပုံဖြတ်ခြင်းအမှုများလည်း ပါဝင်ကြောင်း နေပြည်တော် လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့က ပြောသည်။
စာရင်းများအရ တရုတ်နိုင်ငံနှင့် ထိစပ်နေသည့် ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံတွင် လူကုန်ကူးမှု အများဆုံးဖြစ်ပွားနေသည့်ဒေသဖြစ်ပြီး ယမန်နှစ်အတွင်း လူကုန်ကူးမှု ၃၉ မှု ဖြစ်ပွားခဲ့သည်။
မန္တလေးတိုင်းသည် အမှု ၁၈ မှုဖြင့် ဒုတိယ အများဆုံးဖြစ်ပြီး ရန်ကုန်တိုင်းသည် အမှု ၁၇ မှုဖြင့် တတိယနေရာတွင် ရှိနေကြောင်း သိရသည်။
ယမန်နှစ်အတွင်း အမျိုးသား ၃၉၈ ဦးနှင့် အမျိုးသမီး ၂၄၃ ဦးအပါအဝင် လူပေါင်း ၆၄၁ ဦး လူကုန်ကူးခံခဲ့ရပြီး အသက်အရွယ်အားဖြင့် လူကြီး ၄၉၅ ဦး၊ လူငယ် ၅၀ နှင့် အရွယ်မရောက်သေးသူ ကလေး ၉၇ ဦးတို့ ပါဝင်သည်။
ထို့ကြောင့် ၂၀၁၅ စာရင်းများ၌ မြန်မာနိုင်ငံတွင် လူကုန်ကူးခံရသူ ၁၀၀ တွင် ကလေးသူငယ် ၁၅ ဦးနှုန်းပါဝင်နေပြီး လူကုန်ကူး ခံရသူ ၃ ဦးတွင် အမျိုးသမီး ၁ ဦးနှုန်း ပါဝင်နေကြောင်း တွေ့ရသည်။
ပြည်ပနိုင်ငံများ၌ အဓမ္မလက်ထပ်ခြင်း၊ အဓမ္မခိုင်းစေခြင်း၊ ပြည့်တန်ဆာပြုခြင်း၊ ကလေးများကို ရောင်းစားခြင်းနှင့် ကလေးမွေးစား၍ လူကုန်ကူးခြင်းစသည့် နည်းအမျိုးမျိုးဖြင့် လူကုန်ကူးခံရသူများကို မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ပြည်ပ ရဲတပ်ဖွဲ့များနှင့် ပူးပေါင်း၍ ကယ်တင်ခဲ့ရာ လူပေါင်း ၅၆၇ ဦး ကယ်ဆယ်နိုင်ခဲ့ပြီး ကယ်ဆယ်၍မရသူ ၇၄ ဦး ကျန်ရှိနေသေးကြောင်း သိရသည်။
“ကယ်မရသူ ၇၄ ဦးထဲမှာ ယောက်ျားလေး ၂၄ ယောက်ပါတယ်။ မိန်းကလေးက ၅၀ လောက် ပါတယ်။ မိန်းကလေးတွေကတော့ တရုတ်ပြည်ဘက်မှာ တရုတ်မယားအဖြစ် ရောင်းစားခံရသူအများစု ပါတာပေါ့။ တရုတ်ပြည်ရောက်သွားတဲ့အထဲမှာ သတင်းအချက် အလက် ရတဲ့လူကျတော့ ကယ်နိုင်ပေမယ့် တချို့ကျတော့ တရုတ်ပြည်အတွင်းပိုင်းအထိရောက်သွားလို့ သတင်းမရတော့ ကယ်လို့မရတာတွေ ကျန်နေတယ်”ဟု ဒုရဲမှူး မင်းနိုင်က ပြောသည်။
လူကုန်ကူးသည့်အတွက် နိုင်ငံတဝန်းရှိ လူကုန်ကူးမှု တားဆီးနှိမ်နင်ရေး ရဲတပ်ဖွဲ့များက ဖမ်းဆီးတရားစွဲဆိုခဲ့သည့် တရားခံပေါင်း ၂၆၄ ဦးရှိပြီး တဖက်နိုင်ငံများသို့ ထွက်ပြေး တိမ်းရှောင်နေသည့်တရားခံ ၁၄၀ ရှိကြောင်း သိရသည်။
“ကျနော်တို့ လူကုန်တား ရဲတပ်ဖွဲ့အနေနဲ့ မီဒီယာပေါင်းစုံကနေ အသိပညာပေးမှုတွေ လုပ်နေပါတယ်။ ပြည်သူတွေအနေနဲ့ ရွှေ့ပြောင်း သွားလာ အလုပ်လုပ်မယ်ဆိုရင် သိထားသင့်တဲ့ အချက်တွေကို သေချာလေ့လာပြီးတော့မှ လုပ်ကိုင်ကြမယ်ဆိုရင် လူကုန် ကူး ခံရဖို့ နည်းပါတယ်။ အဲ့ဒီလိုမဟုတ်ဘဲ အလုပ်ရရင် ပြီးရောဆိုတဲ့ပုံစံမျိုးနဲ့ လေ့လာမှုမရှိဘဲ သွားမယ်ဆိုရင်တော့ လူကုန်ကူး ခံရဖို့ များနိုင်ပါတယ်”ဟု နေပြည်တော် လူကုန်ကုန်ကူးမှု တားဆီး နှိမ်နင်းရေး တပ်ဖွဲ့စုမှူး ဒုရဲမှူး မင်းနိုင်က ပြောသည်။
မြန်မာနိုင်ငံ၌ ၂ဝ၁၁ ခုနှစ်တွင် လူကုန်ကူးမှု ၁၃၆ မှုဖြစ်ပွားခဲ့ပြီး ၂ဝ၁၂ခုနှစ် တွင် ၁၂ဝ ၊ ၂ဝ၁၃ ခုနှစ်တွင် ၁ဝ၂ မှု၊ ၂ဝ၁၄ ခုနှစ်တွင် ၁၂၄ မှုနှင့် ၂၀၁၅ ခုနှစ်တွင် ၁၃၀ ဖြစ်ပွားခဲ့ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ (ဗဟို) ၏ စာရင်းများအရ သိရ သည်။