ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်၊ ရပ်ကွက် ၅ ခုတွင် ဝင်ရောက်နေထိုင်လျက်ရှိသည့် ကျူးကျော်နေထိုင်သူများကို အစိုးရ အနေ ဖြင့် ဖယ်ရှားပေးခြင်း မရှိပါက ဇန်နဝါရီ ၁၉ ရက်တွင် မြို့တပတ် ဆန္ဒပြမည်ဖြစ်ကြောင်း ယင်းမြို့ခံများက ဧရာဝတီသို့ ပြောသည်။
ယင်းကျူးကျော်ကိစ္စနှင့် ပတ်သက်ပြီး ဆန္ဒပြရန် ဇန်နဝါရီ ၁၃ ရက်က ကျောက်တန်းမြို့နယ် ရဲစခန်းသို့ ခွင့်ပြုမိန့်တင်ထားပြီး လူအင် အား ၂၀၀ ခန့် ဖြင့် ဗီနိုင်းများ ကိုင်ဆောင်ကာ မြို့တပတ် စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်မည်ဖြစ်ကြောင်း ကျောက်တန်းမြို့နယ် အနောက်ပိုင်း ရပ်ကွက်တွင် နေထိုင်သူ ဦးမျိုးဝင်းက ပြောသည်။
ဦးမျိုးဝင်းက“ကျနော်တို့ကတော့ ဒီပလပ်မြေ နေရာတွေမှာ စီမံကိန်းအရ ဖော်မယ်ဆိုလည်း စည်းစနစ် ကျကျပေါ့။ နိုင်ငံတော်က ဖော်ဆောင်တဲ့ဟာကိုတော့ လိုလိုလားလားနဲ့ လက်ခံပါတယ်။ အခုလို မင်းမဲ့စရိုက်ဆန်ဆန် ကျူးကျော်တာတွေကျတော့ လူစုံ စရိုက်စုံလေ။ အမှုပေါင်းမျိုးစုံ ဖြစ်လာမှာကိုလည်း ရပ်ကွက်သူရပ်သားတွေက စိုးရိမ်တယ်”ဟု ဆိုသည်။
လာရောက်ကျူးကျော် နေထိုင်သူများကြောင့် ဒေသခံများသည် ၎င်းတို့မြေကွက်အား သံစူးကြိုးခတ်ခြင်း၊ ဆိုင်းဘုတ်ထောင်ခြင်းများ ပြုလုပ်လျက် ကာကွယ်ထားရကြောင်း၊ ကျူးကျော်နေထိုင်သူသည် ၎င်းတို့ကျုးကျော်ထားသည့် မြေကွက်များကို ပြန်လည် ရောင်းချမှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။
ကျောက်တန်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဦးတင်ေဋ္ဌးက“မရှိလို့နေတဲ့ ကျူးကျော်တွေ ရှိပေမယ့် နည်း တယ်။ အခုကျတော့ လူမိုက်အဖွဲ့ဆန်ဆန် လွတ်တဲ့နေရာတွေကို အတင်းဝင်ဆောက်။ တချို့ဆို ပိုင်ရှင်ရှိတဲ့ နေရာတွေပါ ဝန်ထမ်း တွေအတွက် ပေးထားတဲ့ နေရာတွေမှာပါ အတင်းဝင်ဆောက်ကြတယ်”ဟု ပြောသည်။
ကျောက်တန်းမြို့နယ်မှ စံချိန်မီ ရပ်ကွက်နှင့် အနောက်ပိုင်း ရပ်ကွက်တို့ရှိ မြေလွတ်မြေရိုင်းများ၊ ပလပ်မြေများ၊ အိုးအိမ်မှ စီမံကိန်း ချထားသည့် မြေနေရာများတွင် ပြီးခဲ့သည့် ဒီဇင်ဘာလ အတွင်းကပင် ဝင်ရောက်ကျူးကျော် နေထိုင်မှုများ ရှိနေပြီး လက်ရှိအချိန်၌ ကျူးကျော် အိမ်ပေါင်း ၁၀၀၀ ဝန်းကျင် ရှိနေကြောင်း သိရသည်။
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် အတွင်းရှိ စံချိန်မီ ရပ်ကွက်၊ အနောက်ပိုင်း ရပ်ကွက်၊ သီတာမြိုင် ရပ်ကွက်၊ ရွှေပြည်သာယာ ရပ်ကွက်၊ အေးမြသီတာ ရပ်ကွက်များရှိ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနပိုင် အကွက်ချ မြေနေရာများနှင့် သီလဝါ အထူးစီးပွားရေးဇုန် မြေနေရာများတွင် ကျူးကျော်အဆောက်အအုံများ ဆောက်လုပ်ထားသည်ကို တွေ့ရှိရသဖြင့် ဆောက်လုပ်ထားသည့် ကျုးကျော်အိမ်များအား ၃ ရက်အတွင်း ဖျက်သိမ်းပေးရန် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ဇန်နဝါရီ ၁၁ ရက်တွင် အမိန့်ထုတ်ပြန်ခဲ့သည်။
ကျောက်တန်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထွန်းက“အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ လုပ်တာပါ။ ထုတ်တဲ့ရက်စွဲလည်း စာထဲမှာ ပါပါတယ်။ ဥပဒေအရ လုပ်သွားပါမယ်။ ဥပဒေမှာ သူ့လုပ်ထုံးလုပ်နည်းတွေ ရှိပါတယ်။ ကျနော်တို့က ဥပဒေနဲ့အညီပဲ ပြောလို့ရမယ်။ ဥပဒေအတိုင်းပဲ လုပ်မှာပါ”ဟု ဧရာဝတီသို့ ပြောဆိုသည်။
ထိုသို့ထုတ်ပြန်ထားချက်ကို လိုက်နာမှု မရှိပါက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ အရ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်သည်ဟု အသိပေး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။