မန္တလေးမြို့အတွင်း လာမည့်နွေရာသီ၌ လျှပ်စစ်မီးအပြည့်အ၀ ရရှိစေရေးအတွက် ငွေကျပ်သန်း ၂ သောင်းကျော် ရင်းနှီးမြှုပ်နှံလုပ်ဆောင်နေကြောင်း မန္တလေး လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၏ အမှုဆောင်အရာရှိချုပ် ဦးထွန်းကြွယ်က ပြောသည်။
“နွေရာသီ မီးပြည့်ပြည့်၀၀ ရမှာဖြစ်ပါတယ်။ အဲဒီအတွက်လည်း သက်ဆိုင်ရာဌာနက ရန်ပုံငွေတွေနဲ့ လုပ်ငန်းတွေကို မတ်လအတွင်း အပြီးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ဦးထွန်းကြွယ်က ဇန်နဝါရီ ၁၃ ရက်က မန္တလေး လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ရုံး၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသည်။
နွေရာသီ၌ မန္တလေးမြို့အတွင်း လျှပ်စစ်မီးပေးနိုင်ရန် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းအား လုပ် ပိုင်ခွင့်ရထားသည့် ပုဂ္ဂလိက ကုမ္ပဏီများနှင့် လျှစ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းတို့၏ ရန်ပုံငွေများဖြစ်သည့် ကျပ် သန်း ၂၃၈၅၇ ဒသမ ၉၇ တန်ဖိုးကို ရင်းနှီးမြှုပ်နှံ လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
ထိုရန်ပုံငွေများဖြင့် ဓာတ်အားခွဲရုံ အသစ်နှင့် ဓာတ်အားလိုင်းသစ်များ တည်ဆောက်ခြင်း၊ ထရန်စဖော်မာနှင့် ဓာတ်အားလိုင်းများ အစားထိုး တပ်ဆင်ခြင်းတို့ပါ လုပ်ဆောင်သွားမည်ဖြစ်ပြီး ထိုလုပ်ငန်းစဉ်များအား မတ်လတွင် အပြီးသတ်နိုင်ရန် သတ်မှတ်ထားကြောင်း သိရသည်။
“ဒီနှစ်နွေမှာ မီးဖြတ်တာ၊ မီးပြတ်တာ မရှိအောင် အစွမ်းကုန် ထိန်းသွားပါ့မယ်။ ကင်းတားတို့၊ ရဲရွာဆည် အခြေအနေတို့ကိုလည်း စောင့်ကြည့်နေပါတယ်”ဟု မန္တလေးတိုင်း ဒေသကြီး လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးကျော်မြင့်က ပြောသည်။
၂၀၁၅ ခုနှစ် ဧပြီလမှ စတင်၍ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းက မန္တလေး လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲဆောင်ရွက်ခဲ့ပြီး တိုင်းအတွင်း လျှပ်စစ်မီး အပြည့်အဝရရှိရန် အဖွဲ့အစည်းသုံးခု၏ ရန်ပုံငွေများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မန္တလေးမြို့သစ် ပြည်ကြီးတံခွန် မြို့နယ်တွင်နေထိုင်သည့် ဦးဝင်းမြင့်လွင်က“အရင်တုန်းကထက်စာရင် မီးသိပ်မပျက်တော့ဘူး။ ပျက် လည်း ခဏပါပဲ။ ဒါပေမယ့် မြို့သစ်ဘက်မှာ မီးအားသိပ်မကောင်းဘူး။ မီးသုံးများတဲ့ အချိန်ဆို မီးလုံးက ခရမ်းချဉ်သီးလောက် ဖြစ်နေ တယ်”ဟု ပြောသည်။
မန္တလေးတိုင်းအတွင်း လျှပ်စစ်မီးနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ စုံစမ်းမေးမြန်း တိုင်ကြားနိုင်ရန်အတွက် မန္တလေး (တိုင်းရုံး) ၀၂-၆၅၆၆၆၊ မန္တလေး (ခရိုင်ရုံး) ၀၉-၉၇၇၂၈၀၂၄၁ တို့အား ဆက်သွယ်နိုင်သည်ဟု လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ထုတ်ပြန်ထားကြောင်း သိရသည်။
၂၄ နာရီ မီးရရေးအတွက် ရေတို၊ ရေရှည် စီမံကိန်းများကို ရေးဆွဲထားကြောင်း၊ ၂၀၁၅ – ၂၀၁၆ တွင် ၂၄ နာရီ မီးပေးနိုင်ရန်အတွက် လျှပ်စစ် မဂ္ဂါဝပ် ၃၀၀၀ ခန့် လိုအပ်ကြောင်း၊ ၂၀၁၅ – ၂၀၁၆ တွင် လက်ရှိထုတ်လွှတ်နေသည့် လျှပ်စစ်မဂ္ဂါဝပ်၏ နှစ်ဆကျော်ကို ထုတ်လွှတ်နိုင်မှသာလျှင် ၂၄ နာရီ မီးပေးနိုင်မည် ဖြစ်ကြောင်း လျှပ်စစ်ဝန်ကြီးဌာနမှ အင်ဂျင်နီယာချုပ် ဦးခင်မောင်ဝင်းက ပြောဆို ထားသည်။
လက်ရှိအသုံးပြုနေသော လျှပ်စစ်ဓာတ်အားများကို ရေအားလျှပ်စစ် စက်ရုံပေါင်း ၂၀၊ ကျောက်မီးသွေး စက်ရုံ ၁ ရုံ၊ သဘာဝဓာတ်ငွေ့ စက်ရုံ ၁၀ ရုံတို့မှ ထုတ်လွှတ်နေခြင်း ဖြစ်သည်ဟု လျှပ်စစ်ဝန်ကြီးဌာနမှ သိရသည်။