Politics

ပြန်လည်ရင်ကြားစေ့ရေး လမ်းညွှန်

This article has been converted from Zawgyi One to Unicode

အမျိုးသားပြန်လည် ရင်ကြားစေ့ရေးဆိုတာ မြန်မာ့နိုင်ငံရေး ထောင့်တိုင်းမှာ ခနခန အသံမြည်တဲ့ စကားလုံးတလုံးပဲ ဖြစ်ပါတယ်။ အခု ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က အပြတ်အသတ် အနိုင်ရပြီးနောက် ပြည်သူရဲ့ မျက်ကွယ်ပြုခြင်းကို ခံလိုက်ရတဲ့ အာဏာကို ဆုပ်ကိုင်ခဲ့သူတွေကို ဘယ်လို ဆက်ဆံမလဲ၊ မြန်မာ့နိုင်ငံရေးအခင်းအကျင်းမှာ အင်အားစုတခုအဖြစ် ရှိနေတဲ့ အစိုးရတပ်နဲ့ ဆက်ဆံရေးကို ဘယ်လိုထူထောင်မလဲဆိုတဲ့ မေးခွန်းတွေ ထွက်လာတဲ့ အခါမှာလည်း “အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး” ကပဲ ရှေ့တန်းကို ထွက်လာပါတယ်။

ရွေးကောက်ပွဲ မတိုင်ခင် စက်တင်ဘာလအတွင်းက စိတ်ဝင်စားစရာ စာအုပ်တအုပ် ထွက်လာပါတယ်။ “ပြန်လည် ရင်ကြားစေ့ရေးနှင့် ဖောက်ထွက်ခြင်း မဟာဗျူဟာ” ဆိုတဲ့ စာအုပ်ဖြစ်ပြီး ရေးသူကိုလည်း စိတ်ဝင်စားကြမယ် ထင်ပါတယ်။ ဟိုယခင်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေး တာဝန်ယူခဲ့ပြီး နောက်ဆုံးမှာ ပြန်ကြားရေးဝန်ကြီး ဖြစ်ခဲ့သူ ဗိုလ်ချုပ်ဟောင်း ဦးအောင်ကြည် ဖြစ်ပါတယ်။ ကလောင်အမည်ကတော့ “မင်းဗထူး” ပါ။

စာရေးသူ မင်းဗထူးက နိုင်ငံတခုကို စနစ်တခုလို စဉ်းစားခဲ့ကြောင်းနဲ့ မအောင်မြင်မှုအတွက် တဦးကိုတဦး အပြစ်တင်နေမယ့်အစား စနစ်ကို ပြင်ကြဖို့ အမှာစာမှာ စကားဦး သမ်းထားပါတယ်။

ခွင့်လွှတ်ခြင်းနှင့် ပြန်လည်ရင်ကြားစေ့ရေး၊ ပေးလျော်ခြင်းနှင့် ပြန်လည်ရင်ကြားစေ့ရေး၊ အမှန်တရား တရားမျှတမှုနှင့် ပြန်လည်ရင်ကြားစေ့ရေး၊ ပြန်လည်ရင်ကြားစေ့ရေးနှင့် မဟာဗျူဟာထွက်ပေါက်၊ နိဂုံးချုပ် ဆိုပြီး အခန်းတွေ တကန့်စီနဲ့ ကမ္ဘာ့အဖြစ်အပျက်များကို မြန်မာ့လက်ရှိ အခြေအနေနဲ့ ထင်ဟပ်ပြီး ခွဲခြား တင်ပြထားပါ တွေ့ရပါတယ်။ တခန်းစီမှာ မြန်မာပြည်နဲ့ ဆက်စပ်မယ့်၊ သင့်လျော်မယ့် ဆွေးနွေးချက်တွေကို ကြားညှပ်ထားတာ တွေ့ရတာကြောင့် စာက လေးသလိုလို ရှိပေမယ့် မပျင်းရဘဲ ဖတ်နိုင်ပါတယ်။

အငြိမ်းစား စစ်ဗိုလ်ချုပ်တယောက်၊ တပ်မတော်အစိုးရနဲ့ ရွေးကောက်ခံ အစိုးရကာလတွေမှာ ရာစုဝက်လောက် အလုပ်လုပ်ခဲ့တဲ့ လူတယောက် အနေနဲ့ ပြန်လည်ရင်ကြားစေ့ရေးကို ဘာကြောင့်ရေးနေရသလဲ၊ နိုင်ငံရေးပရိယာယ်လား၊ ကစားကွက်တခု ဖန်တီးနေသလား ဆိုတဲ့ သံသယကင်းစေဖို့ မင်းဗထူးက “ဘာကြောင့် ပြန်လည်ရင်ကြားစေ့ရေးလဲ” ဆိုတဲ့ ခေါင်းစဉ်ခွဲအောက်မှာ ရှင်းလင်းထားတာ တွေ့ရပါတယ်။

“ဒီမိုကရေစီနဲ့ ပြန်လည်ရင်ကြာစေ့ရေးတို့ဟာ တခုကိုတခု ကျောထောက်နောက်ခံပြုပြီး တခုကိုတခု မှီခိုနေကြပါတယ်။ ဒီမိုကရေစီ မရှိဘဲ ပြန်လည်ရင်ကြားစေ့ရေး လုပ်လို့ မရနိုင်သလို ပြန်လည်ရင်ကြားစေ့ခြင်း မရှိဘဲ ဒီမိုကရေစီ ထူထောင်ရင် အောင်မြင်မှု မရတတ်ပါဘူး။ ကမ္ဘာပေါ်မှာ အတော်ဆုံး ဒီမိုကရက်တွေက အကောင်းဆုံး ဒီမိုကရေစီစနစ်ကို ချပေးလိုက်ပါ။ ပြည်သူတွေဆီမှာ အနည်းဆုံး ရှိသင့်တဲ့ ခွင့်လွှတ်ခြင်းနဲ့ ပြန်လည်ရင်ကြားစေ့ရေး အစီအစဉ်သာ မရှိခဲ့ရင် အဲ့ဒီ ဒီမိုကရေစီဟာ အဲ့ဒီနိုင်ငံမှာ မရှင်သန်နိုင်ပါဘူး” လို့ စာရေးသူ မင်းဗထူးက ရှင်းလင်းချက် ပေးပါတယ်။

ဒီစာအုပ်ထဲမှာ စိတ်ဝင်စားစရာ ကဏ္ဍတခုကတော့ အတိတ်ကာလ အုပ်ချုပ်ရေး ခေတ်အဆက်ဆက်မှာ နစ်နာခံခဲ့ရတဲ့ သူတွေအတွက် ပေးလျော်ခြင်း အစီအစဉ်အကြောင်း ဆွေးနွေးတင်ပြချက်ပါ။ အဲဒီအခန်းမှာ နစ်နာမှု အမျိုးမျိုး၊ အကျိုးကျေးဇူး ခံစားသွားရသူ အမျိုးမျိုး၊ ပေးလျော်နည်း အမျိုးမျိုးနဲ့ ဥပဒေတွေအကြောင်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးထားတာ တွေ့ရပါတယ်။

“အကြောင်းပြချက် အမျိုးမျိုးနဲ့ ပေးလျော်ရန် တောင်းဆိုမှုတွေကို ကျနော်တို့ ပယ်ချခဲ့တာ ဘယ်လောက် များနေပြီလဲ၊ ဆယ်စုနှစ်တွေနဲ့ချီပြီး ကျနော်တို့ဟာ ကြားရည်မှန်ချက်ပန်းတိုင် အမျိုးမျိုး ရရှိရေးအတွက်သာ ရှေးရှုပြီး အလုပ်လုပ်ခဲ့ကြပါတယ်။ လူတဦးချင်းရဲ့ တရားနဲ့အညီရပိုင်ခွင့်တွေ၊ စောင့်ထိန်းရမယ့် ကိုယ်ကျင့်တရားတွေကို လျစ်လျှူရှုမိခဲ့ကြပါတယ်။ အခုအခါ ကျနော်တို့ဟာ အရင်က ရှိခဲ့တဲ့ စဉ်းစားတွေးခေါ်မှု စံပြုချက်အဟောင်းတွေကို စွန့်လွတ်ဖို့ အချိန်ကျပါပြီ” လို့ ပွင့်ပွင့်လင်းလင်း ဝေဖန်ထောက်ပြထားချက်တွေကိုလည်း တွေ့ရပါတယ်။

မြန်မာနိုင်ငံ စစ်အုပ်ချုပ်ရေး ခေတ်အဆက်ဆက်အောက်မှ ဘဝပျက်၊ အသက်ဆုံးကြတဲ့အထိ နစ်နစ်နာနာ ခံခဲ့ရသူတွေ ထုနဲ့ဒေးပါ။ ဒီ့အတွက် အရပ်သားတပိုင်း အစိုးရလက်ထက်မှာ ဘာမျှ တောင်းပန်ခြင်း၊ ပေးလျော်ခြင်း၊ ကုစားပေးခြင်း တစုံတရာ မရှိခဲ့တဲ့အတွက် ဝေဖန်မှုတွေ ရှိနေတုန်းပါ။

မြန်မာနိုင်ငံမှာတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အာဏာရှင်တွေကို နောက်ကြောင်းပြန် အရေးမယူစေရဆိုပြီး အကာအကွယ် ပေးထားခဲ့ပါတယ်။ ဒါ့အပြင် ပလ္လင်ပေါ်က ဆင်ရတော့မယ့် အခု သမ္မတဟောင်းကို အကာအကွယ်ပေးတဲ့ ဥပဒေကြမ်းမှာလည်း သမ္မတ တာဝန်ယူစဉ်ကာလ လုပ်ဆောင်ချက်တွေအရ အရေးယူခြင်း မရှိစေရဆိုပြီး ပြဌာန်းချက် ထည့်သွင်းထားတဲ့အတွက် အကြီးအကျယ် ဝေဖန်မှုတွေ ခံနေရပါတယ်။

ဒုတိယ ကမ္ဘာစစ်အပြီး နုရင်ဘတ် ခုံရုံးကနေ ဒီဘက်ခေတ် အမှန်တရား ကော်မရှင်၊ အမျိုးသားခုံသမာဓိရုံး အထိ အသွင်ကူးပြောင်းရေးကာလမှာ အမှန်တရားဖော်ထုတ်မှု၊ အရေးယူမှု၊ တာဝန်ခံရမှုတွေကို နိုင်ငံတခုချင်းစီ အကျဉ်းရုံး ဆွေးနွေးထားပြီး သမိုင်းအမှန်တရား ဖော်ထုတ်ခြင်း၊ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း၊ လယ်ယာမြေ အဆောက်အဦး ငွေကြေးများ ပေးလျော်ခြင်း၊ နုတ်ပယ်ခြင်း၊ ခွင့်လွှတ်ခြင်း နည်းလမ်းတွေကို မင်းဗထူးရဲ့ စာအုပ်မှာ ခပ်ပါးပါး ညွှန်းပေးထားတာ သတိပြုမိပါတယ်။

မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းမှုဟာ စနစ်ဟောင်းပြိုလဲတာကြောင့် မဟုတ်ဘဲ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပြောင်းလဲရတာဖြစ်လို့ ဆွေးနွေးညှိနှိုင်းပြီး အသွင်ကူးပြောင်းမှု ပုံစံနဲ့ နီးစပ်တယ်လို့ မင်းဗထူးက ဆိုပါတယ်။ ဒါပေမယ့် အရေးကြီး ကာလတွေမှာ အပွင့်ဆိုင်ဆွေးနွေးပွဲတွေကို ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုခဲ့ပေမယ့် အာဏာရ အစိုးရက အကြိမ်ကြိမ် ရှောင်လွှဲခဲ့တာ၊ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ပြီးမှသာ သမ္မတ ဦးသိန်းစိန်၊ တပ်ချုပ် မင်းအောင်လှိုင်တို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ စားပွဲဝိုင်းမှာ သီခြားဆီ ထိုင်ဖို့ စဉ်းစားလက်ခံခဲ့ကြတာ၊ ဒေါ်အောင်ဆန်းစုကြည်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ယိုပေါက်မရှိအောင် တားမြစ်ထားတာတွေကြောင့် အလွန်အကျွံအကောင်းမြင်ဖို့ ခက်နေပါသေးတယ်။

စာအုပ်ရဲ့ နိဂုံးချုပ် အပိုင်းမှာ စာရေးသူ မင်းဗထူးက သူ့အတွေ့အကြုံတွေနဲ့ နှိုင်းယှဉ်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေး ထားတာတွေကလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။ စစ်ဘက်တာဝန်၊ အစိုးရ နိုင်ငံရေးတာဝန်ကို နှစ် ၅၀ ကျော် တာဝန်ယူခဲ့ဖူးတဲ့ မင်းဗထူးက သူလုပ်ခဲ့ရတာ ၂ မျိုးပဲ ရှိတယ်လို့ သုံးသပ်ပြောဆိုပါတယ်။ တခုက ကိုယ့်အတွေးကို မြိုသိပ်ထားပြီး အထက်က မူဝါဒတွေကို သဘောကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ အကောင်အထည် ဖော်ရခြင်း ဖြစ်ပြီး နောက်တခုကတော့ အထက်က မူဝါဒတွေကို ပြည်တွင်းပြည်ပမှာ အမြဲတမ်း ခုခံကာကွယ်နေရခြင်းလို့ ဆိုပါတယ်။ မင်းဗထူးအနေဲ့ ပွင့်လင်းပြီး ရိုးရှင်းတဲ့ ဝေဖန်ချက်ပါ။ တဆက်တည်း ဖောက်ထွက်ခြင်းဆိုင်ရာ မူဝါဒကို ဆွေးနွေးသွားရင်း စစ်တပ်အုပ်ချုပ်စဉ်ကာလ တာဝန်နဲ့ လုပ်ဆောင်ချက်တွေအတွက် လျှောက်လဲချက် ပေးသွားတယ်လို့ ခံစားမိပါတယ်။

အချုပ်အားဖြင့် ပြောရရင် မင်းဗထူးရဲ့ စာအုပ်ဟာ မြန်မာနိုင်ငံလို အသွင်ကူးပြောင်းရေးဆီ ဦးတည်နေတဲ့ နိုင်ငံတခုအနေနဲ့ အမှန်တရားဖော်ထုတ်ခြင်း (Truth)၊ တရားမျှတမှုရှာဖွေခြင်း (Justice)၊ ပြန်လည်ကုစားခြင်း (Reparation) နဲ့ အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှု (Institutional Reform) တွေ ပြုလုပ်ရာမှာ ထည့်သွင်းစဉ်းစားဖို့ မြန်မာနိုင်ငံနဲ့ သင့်လျော်တဲ့ နည်းလမ်းတွေကို အကြံပြုထားတဲ့ စာအုပ်လို့ ဆိုချင်ပါတယ်။

စာအုပ်အမည်    – ပြန်လည် ရင်ကြားစေ့ရေးနှင့် ဖောက်ထွက်ခြင်း မဟာဗျူဟာ
ရေးသူ        – မင်းဗထူး
ထုတ်ဝေသူ    – တူဒေးစာအုပ်တိုက်
ခုနှစ်        – ၂၀၁၅၊ စက်တင်ဘာလ
အကြိမ်        – ပထမအကြိမ်
တန်ဖိုး        – ၅၀၀၀ ကျပ်

Loading