တလကျော်ကြာ ဆေးကုသမှု ခံယူနေသည့် ကျောင်းသား ခေါင်းဆောင် ကိုမင်းသွေးသစ် အပါအဝင် ၄ ဦးကို ယနေ့ နေ့လယ် ၃ နာရီခန့်က ဆရာဝန်၏ သဘောထား မှတ်ချက်ဖြင့် ရန်ကုန်ဆေးရုံကြီးမှ ဆင်းပြီး သာယာဝတီ အကျဉ်းထောင် သို့ ပြန်လည် ခေါ်ဆောင်သွားပြီ ဖြစ်ကြောင်း စုံစမ်းသိရသည်။
ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသည့် ကိုမင်းသွေးသစ်၊ ကိုမာနော်၊ ကိုကျော်စွာလင်း၊ ကိုမြကြီးနှင့် ကိုထိန် လင်းအောင်တို့ ၅ ဦးသည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၈ ရက်နေ့ကတည်းက ဆေးကုသမှု ခံယူနေခြင်းဖြစ်ပြီး ကိုမင်းသွေးသစ် အပါအဝင် ၄ ဦးက ဆေးရုံဆင်းရသော်လည်း ကိုထိန်လင်းအောင်အနေနှင့် ရောဂါ မသက်သာသည့် အတွက် ဆေးကုသမှု ဆက်လက်ခံယူရမည် ဖြစ်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ ချုပ် (ဗဟို)မှ မပိုပိုက ပြောသည်။
၂၀၁၅ခုနှစ် မတ်လ ၁၀ ရက်က အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး လက်ပံတန်းမြို့အထိ ချီတက် ဆန္ဒပြ တောင်းဆိုခဲ့ကြသည့် ကျောင်းသားများနှင့် ဝန်းရံပြည်သူများ အပါအဝင် ၁၂၇ ဦးကို ရဲတပ်ဖွဲ့က အကြမ်းဖက် ဖမ်းဆီး ချုပ်နှောင်ခဲ့ပြီးနောက် စွဲချက်အမျိုးမျိုးဖြင့် တရားစွဲဆို အမှုဖွင့်ပြီး သာယာဝတီ အကျဉ်းထောင်တွင် ဖမ်းဆီး စစ်ဆေးနေသည်မှာ ယခုဆိုလျှင် ၁၀ လ ကျော် ကြာမြင့်လာပြီ ဖြစ်သည်။
သာယာဝတီ အကျဉ်းထောင်တွင်လည်း ကျန်းမာရေး ချို့ယွင်းမှုများ ဖြစ်နေသည့် ကျောင်းသားအချို့နှင့် ဝန်းရံပြည်သူ အချို့မှာ ဆေးကုသခွင့် ခံယူရန် တင်ပြမှုများ လုပ်ခဲ့သော်လည်း ဆေးကုသခွင့် ပယ်ချခံခဲ့ရကြောင်း စုံစမ်းသိရသည်။