သတင်း

အလုပ်သမားဆိုင်ရာ ဥပဒေတချို့ ပြင်ပေးရန် ဆန္ဒပြတောင်းဆိုမည်

This article has been converted from Zawgyi One to Unicode

အစိုးရက ပြဋ္ဌာန်းထားပြီးဖြစ်သည့် အလုပ်သမားဆိုင်ရာ ဥပဒေများသည် စက်ရုံ အလုပ်သမားများအပေါ် အကျိုးသက်ရောက်မှု အားနည်းနေသဖြင့် ဥပဒေပြဋ္ဌာန်းချက် တချို့ကို ပြန်လည် ပြင်ဆင်ပေးရန် အလုပ်သမားများ တောင်းဆို ဆန္ဒပြမည်ဖြစ်ကြောင်း သိရသည်။

ခုံသမာဓိကောင်စီ၏ ဆုံးဖြတ်ချက်ကို မလိုက်နာသည့် မည်သူကိုမဆို အနည်းဆုံး ထောင်ဒဏ်တနှစ် ချမှတ်ရန် ဥပဒေ ပြင်ဆင်ရေး၊ ညှိနှိုင်းရေးကော်မတီတွင် မဖြေရှင်းဘဲ တဖက်သတ် အလုပ်ထုတ်ပယ်လျှင် အလုပ်ရှင်ကို အရေးယူပေးရေး နှင့် အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ် နှင့် ဒေသန္တရ စည်းကမ်းများကို အလုပ်ရှင် အလုပ်သမား သဘောတူညီချက်ဖြင့် အမြန်ဆုံးချုပ်ဆိုရေးဟု ပြင်ဆင်ပေးရန် လှိုင်သာယာစက်မှုဇုန် နယ်မြေရှိ ဂရိတ်ဝဲလ် စက်ရုံ ၁ နှင့် ၂၊ ထိပ်တန်းမြန်မာ၊ တိုင်ရီ၊ Galent ocean ၊ ဂျင်းဘရားသားနှင့် စံကောင်းမြန်မာ စက်ရုံ အပါအဝင် စက်ရုံများရှိ အလုပ်သမား ၂၀၀၀ ခန့်က အစိုးရသို့ တောင်းဆို သွားမည်ဖြစ်ကြောင်း အလုပ်သမားများက ဧရာဝတီသို့ ပြောသည်။

ဂရိတ်ဝဲလ် ဖိနပ်စက်ရုံ အခြေခံ အလုပ်သမားအဖွဲ့ အတွင်းရေးမှူး ကိုဟန်ဇော်ငြိမ်းက “အလုပ်သမားအများစု ကြုံတွေ့နေရတာက ညှိနှိုင်းရေးကော်မတီမှာ ဖြေရှင်းခွင့်မရဘူး။ အလုပ်ထုတ်ခံရပြီးမှ ညှိနှိုင်းရေးဆီကို ရောက်ရတယ်။ အဲဒီတော့ ခုံသမာဓိ အဆင့်အထိ လိုက်ရအောင် အလုပ်သမားတွေမှာ အဆင်မပြေကြဘူး။ ဒေသန္တရစည်းကမ်း ဆိုတာကလည်း အလုပ်ရှင်က သတ်မှတ်ပေးဖို့ ဆိုတာ ဥပဒေမှာ ပါနေတော့ အဲဒါကို ပြင်ဆင်ပေးဖို့ပါ။ အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေတွေကလည်း ကျနော်တို့အတွက် သိပ်ပြီးတော့ ထိရောက်မှုမရှိဘူး။ အလုပ်ရှင်တွေကို အရေးယူမှုတွေက ပျော့ပြောင်းလွန်းတယ်။ အလုပ်သမားတွေက အလုပ်ရှင်တွေနဲ့ အမှုဖြစ်လို့ အမှုနိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ အလုပ်ထုတ်ခံတယ်။ နစ်နာကြေး၊ ခံစားခွင့်တွေ မရတော့ အမြဲတမ်းနစ်နာနေတယ်” ဟု ရှင်းပြသည်။

အလုပ်သမားများအနေဖြင့် အစိုးရက ဥပဒေပါ ပြဋ္ဌာန်းချက်များကို ပြင်ဆင်ပေးရန် တောင်းဆိုဆန္ဒပြမှုကို ဇန်နဝါရီ ၁၅ ရက်၊ နေ့လည် ၁ နာရီတွင် ရွှေလင်ဗန်း စက်မှုဇုန်နယ်မြေ ဂရိတ်ဝဲလ် စက်ရုံရှေ့မှ စတင်ထွက်ခွာကာ အနော်ရထာ လမ်းမကြီးရှိ တမာကုန်းအဝိုင်းသို့ လည်းကောင်း၊ ထို့နောက် ညောင်တုန်းလမ်းမှတဆင့် လှိုှု်င်သာယာမြို့နယ် အောင်မြေသာယာ အားကစားကွင်းအထိ သွားရောက်ကာ ဆန္ဒထုတ်ဖော်ကြမည်ဖြစ်ကြောင်း သိရသည်။

အစိုးရသည် ၂၀၁၁ ခုနှစ်မှ ယနေ့အချိန်ထိ အလုပ်သမား အဖွဲ့အစည်း ဥပဒေနှင့် နည်းဥပဒေ၊ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေ နှင့် နည်းဥပဒေများ၊ လူမှုဖူလုံရေး ဥပဒေနှင့် နည်းဥပဒေ၊ အနည်းဆုံး အခကြေးငွေ ဥပဒေနှင့် နည်းဥပဒေ၊ အလုပ်အကိုင် နှင့် ကျွမ်းကျင်မှု ဖွ့ံ့ဖြိုးတိုးတက်ရေး ဥပဒေ၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် ဥပဒေများကို ရေးဆွဲပြဌာန်းထားပြီး အလုပ်ခန့်ထားမှု ကန့်သတ်ရေး အက်ဥပဒေ၊ အလုပ်ရုံများ အက်ဥပဒေ စသည့် ဥပဒေတချို့ကို ပြင်ဆင်ရေးဆွဲခြင်းများ ပြုလုပ်နေကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန မှ သိရသည်။

Loading