ကျောင်းဆုပေးပွဲတွင် ကလေးငယ်များအား မလုံမခြုံ ဝတ်ဆင်စေကာ စင်ပေါ်တွင် ဖျော်ဖြေစေခဲ့သည့် ဓာတ်ပုံများ လူမှုကွန်ရက် ဖေ့ဘွတ်စ်ပေါ်တွင် ပျံ့နှံနေမှုနှင့် ပတ်သက်ပြီး ထိုကျောင်းရှိ ဆရာ/ဆရာမများ အားလုံးကို မြို့နယ် ပညာရေးမှူးရုံးက ယနေ့နံနက်ပိုင်းတွင် ခေါ်ယူစစ်ဆေးနေကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ် အ.မ.က (၁) ငါးရှဥ့်ရိုးကျောင်း၌ ဇန်နဝါရီ ၁၄ ရက်တွင် ပြုလုပ်သည့် ပညာရည်ချွန်ဆုပေးပွဲတွင် ကလေးများအား အရွယ်ရောက် အမျိုးသမီးတဦးကဲ့သို့ ဝတ်ဆင်ကာ အလှမယ်အဖြစ် ယှဉ်ပြိုင်စေခဲ့သည့် ဓာတ်ပုံများ လူမှုကွန်ရက် ဖေ့ဘွတ်စ်ပေါ်တွင် ပျံ့နှံခဲ့ပြီး ဝေဖန်မှုများ ထွက်ပေါ်လာရာမှ ထိုကျောင်းရှိ ဆရာ၊ ဆရာများ အားလုံးကို ခေါ်ယူစစ်ဆေးနေခြင်း ဖြစ်သည်။
ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး အုတ်ဖိုမြို့နယ် ဒုတိယ ပညာရေးမှူး ဦးခင်မောင်ဝင်းက “ယောကျာ်လေးတွေကို မိန်းမလို လုပ်ထားပြီး ပြိုင်ပွဲလုပ်ကြတာပါ။ မိန်းကလေးတွေ မဟုတ်ပါဘူး။ ကျနော်တို့ ဒီနေ့ ခေါ်စစ်ပြီး တကျောင်းလုံးက ဆရာ၊ ဆရာမတွေကို နောင်ဒီလိုမလုပ်ဖို့ ဝန်ခံကတိ ထိုးခိုင်းခဲ့ပါတယ်” ဟု ဧရာဝတီသို့ ပြောဆိုသည်။
ထိုကဲ့သို့ ဝတ်စားဆင်ယဉ်မှု ပုံစံသည် မြန်မာ့ယဉ်ကျေးမှုနှင့် လုံးဝကိုက်ညီမှု မရှိသည့်အတွက် မပြုလုပ်သင့်ကြောင်းနှင့် လူမှုကွန်ရက်ပေါ်တွင် ထိုဓာတ်ပုံများ ပျံ့နေမှသာ သိရခြင်းဖြစ်သည်ဟု မြို့ခံတဦးဖြစ်သည့် အုတ်ဖိုမြို့နယ် သန္ဓိသုခ လူမှုကူညီရေး အသင်းမှ ဦးသန်းနိုင်က ပြောသည်။
မြို့နယ်ပညာရေးမှူးရုံးက ယခုကဲ့သို့ဖြစ်ရပ်များ ထပ်မံပေါ်ပေါက် မလာစေရေးအတွက် ကျောင်းများရှိ အခမ်းအနားများကို ကြပ်မတ်သွားမည်ဖြစ်ကြောင်းနှင့် ယဉ်ကျေးမှုနှင့် မကိုက်ညီသည့် သရုပ်ပျက်ပုံစံ ဖျော်ဖြေမှုများကို လုံးဝခွင့်ပြုမည် မဟုတ်ကြောင်း ဒုတိယ ပညာရေးမှူး ဦးခင်မောင်ဝင်းက ပြောသည်။
ရန်ကုန်အခြေစိုက် အစိုးရအထက်တန်းပြ ဆရာတဦးဖြစ်သည့် ဦးမင်းသက်အောင်က ကျောင်းသူ ကျောင်းသားများအား ယခုကဲ့သို့ ဝတ်ဆင်စေခြင်းသည် မလိုလားအပ်သည့် အတုယူမှားမှုနှင့် နောက်ဆက်တွဲ ပြဿနာများ ဖြစ်လာနိုင်ကြောင်း၊ မိဘများအနေဖြင့် ယခုပုံစံမျိုးကို ခွင့်မပြုသင့်ကြောင်းနှင့် ပညာရေးဌာန တာဝန်ရှိသူများအနေဖြင့် ကြပ်မတ်ကိုင်တွယ်ရန် လိုအပ်သည်ဟု ဝေဖန်ပြောဆိုသည်။