တင်ဒါခေါ်ယူရွေးချယ်မှုတွင် ပွင့်လင်းမြင်သာမှုမရှိခဲ့ခြင်း အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်ခြင်းများကြောင့် လွန်ခဲ့သော ၁ နှစ် ကျော်ခန့်က ရပ်ဆိုင်းထားခဲ့ရသော ရန်ကုန်အနောက်တောင်ပိုင်း မြို့သစ်စီမံကိန်း ကိုဆောင်ရွက်ရန် ဒေါ်လာဘီလီယံ များစွာတန်သည့် ကန်ထရိုက်လုပ်ငန်းကို ပြည်တွင်း ကုမ္ပဏီ ၃ ခုသို့ ချထားပေးလိုက်ကြောင်း သိရသည်။
အဆိုပါ ကိစ္စနှင့် နီးစပ်သည့် အမည်မဖော်လိုသူ သတင်းရင်းမြစ် တဦး၏ အဆိုရ ကန်ထရိုက်ရရှိခဲ့သည့် ကုမ္ပဏီများထဲမှ တခု ဖြစ်သည့် ရန်ကုန် အနောက်တောင်ဒေသ ဖွံဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီ၏ ပိုင်ရှင်များသည် ၎င်းစီမံကိန်းကို လုပ်ကိုင်ရန် ၂၀၁၄ ခုနှစ် သြဂုတ်လအတွင်းက တင်ဒါအောင်မြင်ခဲ့သည့် မြန်မာ့စေတနာ မြို့သစ် ကုမ္ပဏီကို ပိုင်ဆိုင်သူများပင် ဖြစ် သည်ဟု သိရသည်။ မြန်မာ့စေတနာ မြို့သစ် ကုမ္ပဏီ ပိုင်ရှင်များမှာ လူသိနည်းသည့် တရုတ် လူမျိုး လုပ်ငန်းရှင် ၂ ဦးဖြစ် သည့် ရှောက်ပန်းနှင့် ရှောက်စန်း တို့ဖြစ်ကြပြီး ၎င်းတို့က ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် နီးစပ်သည့် ဆက်ဆံရေး ရှိသူ များဖြစ်သည်ဟု ဆိုကြသည်။
ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေက ကုမ္ပဏီ ၃ ခုမှကိုယ်စားလှယ်များနှင့် မကြာသေးမီက တွေ့ဆုံဆွေးနွေးခဲ့သည်ဟု အဆိုပါ သတင်းရင်းမြစ်က ဧရာဝတီသို့ပြောသည်။ စီမံကိန်းကို ပူးတွဲ အကောင်ထည်ဖော်ကြရန် နှင့် အသေးစိတ် အစီအစဉ်များကို ပြန်လည် အစီရင်ခံရန် ဝန်ကြီးချုပ်က ပြောကြားခဲ့သည်ဟုလည်း သိရသည်။
မူလ အစီအစဉ်အတိုင်းဆိုလျှင် ရန်ကုန်မြို့တော်တိုးချဲ့ရေး အစီအစဉ်က ရန်ကုန်မြို့၏ တရားဝင် နယ်နိမိတ်ကို ရန်ကုန် မြစ် အနောက်ဘက်ကမ်းရှိ ကြည့်မြင် တိုင်၊ ဆိပ်ကြီးခနောင်တိုနှင့် တွံတေးမြို့နယ်များအတွင်းသို့ ဧက ၃၀၀၀၀ ခန့် တိုးချဲ့သွား ရန် ဖြစ်သည်။ စီမံကိန်းတွင် လူနေတိုက်ခန်းများ ဆောက်လုပ်ခြင်း၊ ကျောင်းသား ၁၀၀၀ အတွက် စာသင်ကျောင်း ၁ ကျောင်း၊ ဘိုးဘွားရိပ်သာတခုနှင့် ၆လမ်းသွား တံတား ၅ ခုတို့ပါဝင် မည်ဖြစ်သည်။
စီမံကိန်းကို ၂၀၁၄ ခုနှစ် သြဂုတ်လတွင် တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်တို့က ပထမဆုံး စ တင် ကျေညာခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း မြန်မာစေတနာ မြို့သစ်ကုမ္ပဏီ တင်ဒါရရှိခဲ့ခြင်းမှာ ဦးမြင့်ဆွေ နှင့် ကုမ္ပဏီ ပိုင်ရှင်များ ရင်းနှီးမှုကြောင့် ဖြစ်သည်ဟု စွပ်စွဲမှုများ ထွက်ပေါ်ခဲ့ပြီးနောက် အများပြည်သူ သိရှိနိုင်မည့် တင်ဒါ အသစ်တခု ခေါ်ယူရန်အတွက် နောက်တလ အကြာတွင် စီမံကိန်းကို ဆိုင်းငံ့ထားခဲ့သည်။
စီမံကိန်း အစိတ်အပိုင်းတွင် ပါဝင် နေသည့် ခလောက်ချိုင့် ကျေးရွာမှ ရန်ကုန် အနောက်တောင်ဒေသ ဖွံဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီ၏ ဒေသခံ ကိုယ်စားလှယ်တဦး ဖြစ်သည့် ဦးစိုးကြည်က သူ၏ ကုမ္ပဏီသည် ဆောက်လုပ်ရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် လူသိ များသည့် စီးပွားရေး လုပ်ငန်းရှင်တယောက်ဖြစ်သည့် ဦးမောင်ဝိတ်၏ Business Capital City Development Ltd. နှင့် အတူ ရန်ကုန်အနောက်တောင်ပိုင်း မြို့သစ်စီမံကိန်းကို လုပ်ပိုင်ခွင့် ရရှိခဲ့သည်ဟု ဇန်နဝါရီလ ၁၃ ရက်နေ့က အတည် ပြု ပြောကြားခဲ့သည်။ တတိယမြောက် ကုမ္ပဏီမှာ ပြည်တွင်း ကုမ္ပဏီအုပ်စုကြီးတခု ဖြစ်သည့် ရွှေသံလွင်၏ လုပ် ငန်းခွဲ ဖြစ်သော Shwe Popa International ဆောက်လုပ်ရေး ကုမ္ပဏီ ဖြစ်သည်ဟု ဦးစိုးကြည်၏ အဆိုအရ သိရသည်။
“ကျနော် သိသမျှကတော့ အတူတူတွဲလုပ်ကြဖို့ ကျနော်တို့ကို ပြောထားတာရှိတယ်။ ဒါပေမယ့် ကျနော်တို့လုပ်ငန်းစဖို့ ခုချိန် အထိ ခွင့်ပြုချက် တစုံတရာ မရသေးဘူး” ဟု သူက ထပ်ပြောသည်။
၂၀၁၅ ခုနှစ် ဇူလိုင်လတွင် စီမံကိန်းအတွက် တင်ဒါအသစ်ခေါ်ယူကြောင်း ကျေညာခဲ့ပြီးနောက် အဆိုပါ ကုမ္ပဏီ ၃ ခုသာ အချိန်မီ အဆိုပြုလွှာတင်သွင်းနိုင်ခဲ့သည်ဟု ဦးစိုးကြည်၏ အဆိုအရသိရသည်။ ယမန်နှစ်က ထုတ်ပြန်ခဲ့သော ကျေညာ ချက် အရ တင်ဒါ တင်သွင်းမည့် ကုမ္ပဏီတိုင်းသည် စရံငွေ ကျပ် ၅ ဘီလီယံတင်သွင်းရန် လိုအပ်ပြီး ရွေးချယ်ခြင်း မခံရ လျှင် အဆိုပါ စရံငွေများကို ပြန်လည်ရရှိမည် ဖြစ်သည်။
သို့သော်လည်း သူ၏ ကုမ္ပဏီသည် မြန်မာ စေတနာမြို့သစ် ကုမ္ပဏီနှင့် ပတ်သက်မှု လုံးဝမရှိခဲ့ဟု ဦးစိုးကြည်က ညင်း ဆန်ခဲ့သည်။
“ကျနော်တို့နဲ့ ဘာမှ မပတ်သက်ပါဘူး။ ကျနော်တို့ ကုမ္ပဏီက လူ ၁၅၀ နဲ့ ဖွဲ့စည်းထားတာပါ။ အများစုက စီမံကိန်းဧရိယာမှာ နေ ထိုင်တဲ့သူတွေပါ” ဟု သူကပြောသည်။
စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် ရန်ကုန် အနောက်တောင်ဒေသ ဖွံဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီ က အဆိုပြုခဲ့သည်ဟု စက်တင်ဘာလအတွင်းက ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့သော တင်ဒါ အကြို စိစစ်မှု အစည်း အဝေးသို့ တက် ရောက်ခဲ့သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း ကပြောသည်။
“ကုမ္ပဏီ ၃ ခုလုံးက သူတို့ရဲ့ အဆိုပြုလွှာတွေနဲ့ ပတ်သက်လို့ သရုပ်ပြ ရှင်းလင်းခဲ့ကြတယ်။ ဒါပေမယ့် သူတို့ ကုမ္ပဏီရဲ့ ဒါရိုက်တာ တွေက ဘယ်သူတွေပါဆိုတာ မပြောခဲ့ကြဘူး” ဟု သူက ဆိုသည်။
စီမံကိန်း၏ အရွယ်အစားကြောင့် အမေရိကန် ဒေါ်လာ ၁၅ ဘီလီယံ ကုန်ကျမည့် စီမံကိန်းအတွက် အထောက် အကူ ဖြစ် စေရန် ပုဂ္ဂလိက စီးပွားဖက်ရှာဖွေပေးရန် ကုမ္ပဏီက အစိုးရကို မေတ္တာရပ်ခံခဲ့သည်ဟု ရန်ကုန် အနောက်တောင်ဒေသ ဖွံဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီ မှ ဒေသဆိုင်ရာ အတွင်းရေးမှူး ဦးခင်မောင်သန့်က ဧရာဝတီကို ပြောသည်။ သို့ရာတွင် ထိုကိစ္စနှင့် ပတ်သက်ပြီး အစိုးရဘက်က နှုတ်ဆိတ်နေဆဲဖြစ်သည်ဟု လည်း ဆိုသည်။
အကယ်၍ မြန်မာ့စေတနာမြို့သစ်ကုမ္ပဏီ က စီမံကိန်းတွင် ပြန်လည်ပါဝင်လာခဲ့လျှင် မည်သို့ ပြုလုပ်မည်နည်းဟု ဧရာ ဝတီက မေသည့် အခါ “ဘယ်သူ့ကိုပဲ ရွေးရွေးပါ.. ကျနော်တို့က ဒေသခံ ပြည်သူတွေ အတွက် ကောင်းမယ် ဆိုရင် လက် တွဲဆောင်ရွက်သွားမှာပါ” ဟု ဦးခင်မောင်သန့် ကပြောသည်။