သတင်း

လားရှိုးတွင် တရုတ်နိုင်ငံသား ၂ ဦးနှင့် မြန်မာနိုင်ငံသား ၂ ဦးကို လူကုန်ကူးမှုဖြင့် ဖမ်းဆီးစစ်ဆေးနေ

This article has been converted from Zawgyi One to Unicode

ရှမ်းပြည်နယ် လားရှိုးမြို့မှ အမျိုးသမီးတဦးအား လက်ထပ်၍ တရုတ်ပြည်သို့ ခေါ်ဆောင်ရန် ကြိုးစားသူ တရုတ်နိုင်ငံသား ၂ ဦးနှင့် လက်ထပ်ပွဲဖြစ်မြောက်ရေး ဝိုင်းဝန်းကူညီပေးသူ မြန်မာနိုင်ငံသား ၂ ဦးတို့ကို မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ဖမ်းဆီး စစ်ဆေးနေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းက လားရှိုးမြို့ အမှတ် ၉ ရပ်ကွက်တွင်နေထိုင်သူ အသက် ၃၄ နှစ် အရွယ် အမျိုးသမီးတဦး နေအိမ်သို့ လားရှိုးမြို့နယ် နောင်မွန်အုပ်စု ခေးနင်းကျေးရွာနေ ဒေါ်အေးခမ်း၊ သားဖြစ်သူ အိုက်ထွန်း(ခ)အိုက်လွတ်နှင့်အတူ တရုတ်နိုင်ငံသား တွန်းစောက်ရှင်း (၃၄ နှစ်)၊ လီချီ(ခ)ကျိမ်ချွမ်း (၃၃ နှစ်) တို့ ရောက်ရှိလာပြီး တရုတ်နှစ်ဦးအနက် တစ်ဦးနှင့် လက်ထပ်ပါက ကျပ် သိန်း ၅၀ဖြင့် တင်တောင်းမည်ဟု ပြောဆိုစည်းရုံး၍ စရန်ငွေအဖြစ် ကျပ် ၅ သိန်းကို လက်ထပ်မည့် အမျိုးသမီးအား ပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့နောက် ဒေါ်အေးခမ်းက လက်ထပ်မည့်အသက် ၃၄ နှစ်အရွယ် အမျိုးသမီးကို ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ဖုန်းဖြင့်ဆက်သွယ်၍ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် မင်္ဂလာဆောင်မည်ဖြစ်ကြောင်းနှင့် ကုန်ကျစရိတ်များအားလုံးကို ၎င်းတို့မှ ကျခံမည်ဖြစ်ကြောင်း၊ ကျန်ငွေ ၄၅ သိန်းအား တရုတ်နိုင်ငံရှိ တရုတ်အမျိုးသား၏ နေအိမ်သို့ ရောက်ရှိမှသာ ရရှိမည်ဖြစ်ပြီး အမျိုးသမီးအနေဖြင့် တရုတ်နိုင်ငံသို့ လိုက်ပါ သွားရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ က ပြောသည်။

ဇန်နဝါရီလ ၁၃ ရက်နေ့ မနက်ပိုင်းတွင် လားရှိုးမြို့ အမှတ် ၉ ရပ်ကွက်၌ တရုတ်နိုင်ငံသား တွန်းစောက်ရှင်း (အသက် ၃၄ နှစ်) နှင့် မြန်မာနိုင်ငံသား အမျိုးသမီးတို့ လက်ထပ်ပွဲကျင်းပနေသည့် သတင်းရရှိသည့်အတွက် လားရှိုးမြို့နယ် လူကုန်ကူးမှု တားဆီး နှိမ်နင်း ရေး ရဲတပ်ဖွဲ့က သွားရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ဖမ်းတာတော့ မင်္ဂလာပွဲကျင်းပနေတုန်း သွားဖမ်းဖြစ်တာပေါ့။ နောက်တရက်ဆို ကောင်မလေးကို တရုတ်နိုင်ငံကို သူတို့က ခေါ်သွားတော့မှာလေ။ လက်ရှိတော့ တရုတ် နိုင်ငံသား ၂ ဦးနဲ့ ကူညီပေးသူ မြန်မာ ၂ ဦး ကို လားရှိုးမြို့မစခန်းမှာပဲ ဖမ်းဆီးစစ်ဆေးနေပါတယ်” ဟု နေပြည်တော် လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူး မင်းနိုင်က ဧရာဝတီကို ပြောသည်။

တရုတ်နိုင်ငံသား တွန်းစောက်ရှင်းသည် အမ်းဟွေးပြည်နယ် ကျဲ့စုမြို့တွင်နေထိုင်သူဖြစ်ပြီး ကုန်စိမ်းရောင်းသူတဦးဖြစ်ကြောင်း၊ လီချီ(ခ)ကျိမ်ချွမ်းသည် ကျဲ့စုမြို့ရှိ အရက်ချက်စက်ရုံမှ အလုပ်သမား တဦးဖြစ်ကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာအမျိုးသမီး တစ်ဦးကို တရုတ်မယားအဖြစ် လက်ထပ်စေပြီး တရုတ်နိုင်ငံသို့ခေါ်ဆောင် သွားနိုင်ရေး ကူညီလုပ်ဆောင်ပေးသူများဖြစ်သော ဒေါ်အေးခမ်းနှင့် သား အိုက်ထွန်း(ခ)အိုက်လွတ်၊ တရုတ်နိုင်ငံသားများဖြစ်သော တွန်းစောက်ရှင်းနှင့် လီချီ(ခ)ကျိမ်ချွမ်းတို့အား လားရှိုးမြို့နယ် လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုရဲမှူး ဝင်းညွှန့်က တရားလိုပြုလုပ်၍ လားရှိုးမြို့မ ရဲစခန်း၌ ပြစ်မှုနံပါတ် ၁၄/၂ဝ၁၆ ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ဖြင့် အမှုဖွင့်ထားရှိပြီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသူ တရုတ်နိုင်ငံသား ၂ ဦးနှင့် ဝင်ရောက်နိုင်ရန် ဆောင်ရွက်ပေးသူ အိုက်ထွန်း (ခ) အိုက်လွတ်တို့အား လားရှိုးမြို့နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနက လူဝင်မှုကြီးကြပ်ရေး ဥပဒေဖြင့်လည်း အရေးယူရန် ဆောင် ရွက်နေသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်း မြန်မာအမျိုးသမီးငယ်များကို တရုတ်မယားအဖြစ် အဓမ္မလက်ထပ်ရန် တရုတ်နိုင်ငံသို့ ရောင်းစားမှု ၇၄ မှု ဖြစ်ပွားခဲ့ပြီး ယင်းပမာဏသည် တနှစ်တာ အတွင်းဖြစ်ပွားခဲ့သည့် လူကုန်ကူးမှု အားလုံး၏ ၅၆ ရာခိုင်နှုန်း ရှိနေကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ စာရင်းများအရ သိရသည်။

Loading