Ethnic Issues

ကချင်စစ်ဘေးရှောင်ဒုက္ခသည်များ NLD အစိုးရကို အားကိုးတကြီးမျှော်လင့်

This article has been converted from Zawgyi One to Unicode

ရွယ်ဂျာဟာ ၂ဝ၁၁ ခုနှစ်က သူတို့ရွာအနီးဝန်းကျင်မှာ အစိုးရတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ရဲ့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ကြားက ထွက်မပြေးဘဲ  အိမ်မှာ ခြောက်လကျော် တင်းခံပြီး နေခဲ့ပါတယ်။   ဒီနေရာမှာပဲမွေး၊ ဒီနေရာမှာပဲကြီးပြင်း၊ လယ်ယာလုပ်တဲ့ ခင်ပွန်းသည်၊ ကလေးငယ်တစ်ဦးတို့နဲ့အတူ ဘဝလေးတစ်ခုကို တည်ဆောက်ခဲ့တာပါ။

“ဒါပေမဲ့ အာဏာပိုင်တွေက ကချင်တွေဆို KIA နဲ့ ပတ်သက်မှုရှိနေတယ်လို့ မြင်လာတယ်။ စီးပွားရေး၊ လူမှုရေး ကြောင့် KIA ဆိုပြီး စွပ်စွဲရင် ဘာမှ စုံစမ်းစစ်ဆေးခြင်းမရှိဘူး။ ဖမ်းတာပဲ” လို့ ရွယ်ဂျာက ပြောပါတယ်။

ခင်ပွန်းသည် ဒီလိုလိမ်လည်တိုင်ကြားခံမှာ စိုးတာရယ်၊ အဲဒီတုန်းက သူ့မှာ ဒုတိယကလေးကို ကိုယ်ဝန်အရင့်အမာလွယ်ထားရတာတို့ကြောင့် နောက်ဆုံးမှာတော့၂ဝ၁၂ ခုနှစ် မတ်လမှာ တာလောကြီးရွာကနေ ကားနဲ့ နှစ်နာရီလောက် သွားရတဲ့ မြစ်ကြီးနားမြို့ကို ထွက်ခွာခဲ့ရတယ်။

စိန့်ပေါလ်ဂျန်မိုင်ကောင်း ဒုက္ခသည်စခန်းကို ရောက်ရှိပြီး နှစ်ပတ်အကြာမှာ သူတို့ရဲ့ ဒုတိယမြောက်ကလေးကို မွေးပါတယ်။

“ဒီနေရာမှာ ဒီလောက်ကြာကြာနေရမယ်လို့ မထင်ခဲ့ဘူး” လို့ သက်ငယ်၊ ဓနိတွေနဲ့ ကာရံထားပြီး ဒုက္ခသည်စခန်းရဲ့ အစည်းအဝေးခန်းအဖြစ်  အသုံးပြုတဲ့ နေရာမှာ သူကပြောပြပါတယ်။ ဒီဒုက္ခသည်စခန်းလေးဟာ ကစ်သလစ်ဘုရားရှိခိုးကျောင်းက တည်ထောက်ထားတဲ့ ကရုဏာမြန်မာ လူမှုကူညီရေးအသင်းရဲ့ အထောက်အပံ့တွေနဲ့ အဓိကရပ်တည်နေတာဖြစ်ပြီး ဒီနှစ်ဆိုရင် ရွယ်ဂျာဟာ စခန်းတာဝန်ခံအဖြစ်  ထမ်းဆောင်နေတာပါ။

သူတို့ရွာနား တိုက်ပွဲတွေ မဖြစ်တော့ပေမယ့် အစိုးရစစ်တပ်ရှိနေတာရယ်၊ အနှံ့အပြားထောင်ထားတဲ့ မိုင်းတွေ ဆက်ရှိနေတာတွေရယ်ကို ကြောက်တာကြောင့် သူတို့ မိသားစု ရွာကို မပြန်ရဲကြသေးပါဘူး။

ဒါပေမဲ့ နေအိမ်ကနေ့ စွန့်ခွာလာပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် ရွယ်ဂျာ့မှာ မျှော်လင့်ချက်တွေရှိလာပါပြီ။

“ကျမ ၂ဝ၁ဝ ရွေးကောက်ပွဲတုန်းက မဲမထည့်ခဲ့ဘူး၊ ကိုယ်ထည့်လည်း မထူးခြားဘူးဆိုပြီးတော့။ ဒီတစ်ခေါက်တော့ အစောကြီး အိပ်ရာကထပြီး မဲသွားပေးတယ်။ ထင်ထားတဲ့အတိုင်းဘဲ NLD နိုင်လို့ အရမ်းပျော်တယ်။ ငြိမ်းချမ်းရေးကို ဦးစားပေးမယ်လို့ ထင်ပါတယ်။ အများကြီးပြောင်းလဲလိမ့်မယ်လို့ထင်တယ်” လို့ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ရည်ညွှန်းပြောပါတယ်။

ကျမ တွေ့ဆုံပြောဆိုခဲ့ရတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေအားလုံးမှာ ဒီလိုမျှော်လင့်ချက်တွေ ရှိနေပါတယ်။ အစိုးရတပ်တွေနဲ့ ကချင်လက်နက်ကိုင်တပ်ဖွဲ့တွေအကြား တိုက်ပွဲပြန်စတာ ငါးနှစ်နီးပါးရှိခဲ့ဖြစ်လို့ NLD အစိုးရအနေနဲ့  ငြိမ်းချမ်းရေးရရှိအောင် အကောင်အထည်ဖော်၊ စစ်တပ်တွေကိုပြန်လည်ရုပ်သိမ်းပြီးရင် သူတို့အနေနဲ့ အိမ်ပြန်နိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။

တဖက်နှင့်တဖက် ကာလရှည်ကြာ မကျေနပ်မှုများကြောင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ၁၇ နှစ်အကြာမှာ ပျက်စီးသွားခဲ့ပြီး ၂ဝ၁၁ ခုနှစ်၊ ဇွန်လမှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွေမှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ရာကနေ အရပ်သား တစ်သိန်းခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတာပါ။

ငြိမ်းချမ်းရေးရဖို့ကြန့်ကြာလာတာနဲ့အမျှ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိန်းချုပ်ထားတဲ့ နေရာတွေမှာ ခိုလှုံကြတဲ့ ဒီစစ်ဘေးရှောင်ဒုက္ခသည်တွေဟာ ယုံကြည်မှုကျဆင်းလာကြပါတယ်။

“ဒီစခန်းတွေမှာနေရတာ ကြာလာတာနဲ့အမျှ ဒုက္ခသည်တွေဟာ ငြီးငွေ့လာတယ်၊ အလုပ်အကိုင်ဆိုလည်း အနီးအနားမှာမရှိဘူး။ လုပ်ကိုင်စားသောက်ဖို့ဆိုတော့လည်း မြေအခက်အခဲရှိတော့ အဆင်မပြေဘူး။ ပြည်ပကကူညီတာတွေလည်း လျော့ကြလာတော့  တကယ်လိုအပ်ချက်တွေကို မဖြည့်ဆည်းပေးနိုင်တာတွေ ရှိလာတယ်။ အားလုံးက မရေမရာဆိုတော့ ကူညီသူတွေလည်း လက်ပန်းကျလာတယ်၊  ဒုက္ခသည်တွေလည်း စိတ်ဓာတ်ကျလာတယ်” လို့ မေတ္တာဖောင်ဒေးရှင်းမှ ဒေါ်အိဖြူအောင်က ပြောပါတယ်။

ဒီဖောင်ဒေးရှင်းဟာ မြန်မာနိုင်ငံမှာ အင်အားအကြီးမားဆုံးသော NGO အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကချင်ပြည်နယ်က ဒုက္ခသည်တွေအပေါ် အရေးပေါ်အကူအညီပေးရေး လုပ်ငန်းတွေကို ၂ဝ၁၁ ကတည်းက စတင်လုပ်ဆောင်နေတာပါ။

ဒီစခန်းတွေမှာလည်း အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေကလည်း ဖြစ်ပေါ်နေပါသေးတယ်။ ခင်ပွန်းသည်တွေက သူတို့ရဲ့စိတ်မကျေနပ်မှုကို ဇနီးသည်အပေါ်မှာပုံချ၊ အကြမ်းဖက်တာတွေက အများဆုံးဖြစ်ပါတယ်လို့  ဒေါ်အိဖြူအောင်က ပြောပါတယ်။

မေတ္တာဖောင်ဒေးရှင်းက ဒုက္ခသည်စခန်း ၄၁ မှာ ၂ဝ၁၄၊ ဧပြီကနေ ၂ဝ၁၅၊ မတ်လ အထိ ၁၅ လကြာ ကာလအတွင်း အမျိုးသမီးတွေ အကြမ်းဖက်နှိပ်စက်ခံရမှုပေါင်း ၅၈၃ ခု စာရင်းရရှိထားပါတယ်။

အဲဒီတော့ ဒီစစ်ရှောင်ဒုက္ခသည်တွေဟာ ရွေးကောက်ပွဲရလဒ်အပေါ် စိတ်တွေလှုပ်ရှားနေတာဟာ အရမ်းအံ့သြစရာတော့ မဟုတ်ပါဘူး။ လေ့လာစောင့်ကြည့်သူတွေကတော့ တိုင်းရင်းသားပြည်နယ် ဒေသတွေမှာ NLD ပါတီ အကြီးအကျယ် အနိုင်ရသွားတာကို အံ့အားသင့်သွားကြပါတယ်။

အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့ လွှတ်တော်အတွက် ကချင်ပြည်နယ် မဲဆန္ဒနယ် ၃ဝ မှာ ၂၂ နေရာအတွက် NLD အနိုင်ရခဲ့သလို ပြည်နယ်လွှတ်တော်မှာလည်း နေရာထက်ဝက်ကျော် နိုင်တာကြောင့် ဗဟိုအဆင့်နဲ့ ပြည်နယ်အဆင့်တွေမှာ အခိုင်အမာ ထောက်ခံမှုရရှိခဲ့တာပါ။

“မျှော်လင့်တာက အစိုးရအသစ်ကို မျှော်လင့်နေတာပေါ့။ စစ်ပြေးတွေရော၊ အားလုံးရော၊ လူမျိုးဘာသာမခွဲခြားဘဲ အကုန်လုံးကို ငြိမ်းငြိမ်းချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် တည်ထောင်ပေးမယ် လို့မျှော်လင့်တယ်” လို့ ဒေါ်ရွယ်ဂျာရဲ့  ဇာတိရွာမှ အသက် ၄ဝ အရွယ် ဒေါ်ဂါးခွန်ရာက ပြောပါတယ်။

ထိခိုက်သွားတဲ့ ဘဝတွေ

တိုက်ပွဲတွေ ပြန်လည်စဖြစ်ပြီးတဲ့နောက်ပိုင်း ဒုက္ခသည်စခန်းများဟာ နေရာ အခက်အခဲဖြစ်လာသလို မိုးတွင်းမှာ ရေကြီးမှုကိုလည်း ကြုံတွေ့ရပါတယ်။ နွေရာသီမှာတော့ မခံမရပ်နိုင်လောက်အောင် ပူပါတယ်။ သူတို့အတွက် အကူအညီအထောက်အပံ့တွေ ရရှိမှုနည်းလာသလို အနာဂတ်ဟာလည်း မသေချာပါဘူး။ ဒီဒုက္ခသည်တွေကို ကူညီဖို့ ဒေါ်လာ သန်း ၄ဝ လိုအပ်နေတဲ့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ကလည်း အစားအစာ မပေးတော့ဘဲ ငွေစတင်ပေးနေပါပြီ။ အစိုးရရဲ့ ထိန်းချုပ်မှုအပြင်ဘက်မှာ ရောက်နေတဲ့ ဒုက္ခသည်စခန်းတွေဟာ ဝေးလံခေါင်ဖျားတဲ့ အရပ်မှာရှိနေပြီး အကူအညီရရှိမှုလည်း နည်းနေတာကြောင့် အခြေအနေတွေက ပိုမိုဆိုရွားနေတာပါ။ အခြေအနေတွေ သည့်ထက်ပိုဆိုးလာမှာကိုလည်း စိုးရိမ်နေကြပါပြီ။

“ဒီမှာကတော့ဝင်ငွေမရှိဘူး၊ ထွက်ငွေပဲရှိတယ်” လို့ အသက် ၄ဝ အရွယ် လတောင်ခွန်ရာက ပြောပါတယ်။

“ကျမမှာ ကလေး ၈ ယောက်ရှိတယ်။ ကျမ ယောက်ျားက မနှစ်က ဆီးချိုဖြစ်လို့ … အလုပ်ကြမ်းလည်း မလုပ်နိုင်ဘူး။ ဒီနေ့တော့ နေ့စားလုပ်ဖို့ဆိုပြီး သူငယ်ချင်းတွေနဲ့ထွက်သွားလေရဲ့” လို့ ဆိုပါတယ်။

အလုပ်လုပ်ဖို့  သူတို့ ဝန်မလေးပေမယ့် အလုပ်အကိုင် အလွန်ရှားပါးတယ်လို့ စစ်ဘေးရှောင်ဒုက္ခသည်တွေက ဆိုပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အလုပ်သွားလုပ်မယ်ဆိုရင် အများဆုံးအနေနဲ့ အမျိုးသမီးတစ်ဦးကို တစ်နေ့ ကျပ်သုံးထောင်၊  အမျိုးသားဆိုရင် တစ်ဦးကို ခြောက်ထောင်လောက် ရတတ်တယ်။ အဲဒီလောက် မရတာလည်းရှိကြတယ်လို့ ဆိုပါတယ်။

“အလုပ်ရှင်တွေကနှိမ်ကြတယ်။ ‘နင်တို့ကအကူအညီရနေတာ။ ၂,ဝဝဝ ပဲ ပေးလည်းရတယ်’ လို့ပြောတယ်။ ကျမတို့က ချေးများလို့မရဘူး” လို့ ဒေါ်ဂါးခွန်ရာက ပြောပါတယ်။

အနည်းငယ်ပိုကြီးတဲ့ ဇီအွန်စခန်းမှာတော့ ဒုက္ခသည် ၇၁ဝ လောက်ကို ကချင်နှစ်ခြင်းအဖွဲ့က အဓိက ကူညီထောက်ပံ့ထားပါတယ်။  အမျိုးသမီးတွေက ကချင်ရိုးရာခေါင်းပေါင်းလေးတွေကိုချုပ်ပြီး ကလေးတွေကို ထိန်းရင်း ဝင်ငွေရှာပါတယ်။ ခေါင်းပေါင်းတစ်ခု ကျပ် ၁ဝဝ ရဖို့အတွက် မိနစ် ၄ဝ ကနေ ၅ဝ အထိ ကြာမြင့်တတ်ပါတယ်။

လူငယ်တွေကတော့ ကျောင်းကထွက်ပြီး ဝင်ငွေရမယ့် အလုပ်ကို ရှာလုပ်နေကြပါတယ်။

အသက် ၂ဝ အရွယ် ဇော်ဖန်းကတော့ သူ့အနေနဲ့ အထက်တန်းပြီးအောင် ကျောင်းဆက်တက်ချင်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ နှစ်က ဆယ်တန်းစာမေးပွဲ ကျပြီးတဲ့နောက်မှာ ပညာရေးကို စွန့်ခွာပြီး အခြားတစ်မြို့မှာ လယ်အငှားသွားလုပ်နေပါတယ်။ သူလည်းပဲ ရွေးကောက်ပွဲတုန်းက မဲမပေးခဲ့ပါဘူး။

“နိုင်ငံရေးစိတ်မဝင်စားတာလဲပါတယ်၊ အလုပ်မအားလို့မလာဖြစ်တာလည်းပါတယ်။ ဒါပေမယ့် အပြောင်းအလဲကိုတော့ မျှော်လင့်နေပါတယ်။  ဘာဖြစ်မလဲတော့ မှန်းလို့မရဘူး” လို့ ဆိုတယ်။

ဖျောက်ဖျက်ဖို့ မလွယ်တဲ့ ဒဏ်ရာတွေ

မျှော်လင့်ချက်တွေအရမ်းမကြီးဖို့ အကူအညီပေးရေးဝန်ထမ်းတွေက သတိပေးထားပါတယ်။

“အစိုးရအသစ်တက်ရင်လည်း ဒီတစ်နှစ်၊ နှစ်နှစ်အတွင်း အရမ်းကြီးပြောင်းသွားမယ် မထင်ဘူး။ နိုင်ငံရေးအခြေအနေကောင်းသွားလို့ ပြန်လို့ရပြီဆိုရင်တောင် အရင်ကအတိုင်း လုပ်ကိုင်စားသောက်နိုင်ဖို့ အတွက် အကူအညီကတော့ ကျွန်မတို့ လုပ်ပေးနေရဦးမှာပဲ” လို့ မေတ္တာဖောင်ဒေးရှင်းက ဒေါ်အိဖြူအောင်က ပြောပါတယ်။

အိမ်ဆိုင်လေးတစ်ဆိုင်ဖွင့်ခဲ့ဖူးတဲ့ ကလေး လေးယောက်အမေ အသက် ၃၉ နှစ်အရွယ် ဒေါ်လုဆန်ကတော့ ထွက်ပြေးလာပြီး လအနည်းအကြာမှာ မြစ်ကြီးနားမြို့ရဲ့ တဘက်ကမ်းမှာရှိတဲ့ သူတို့အိမ်ကို ဒုက္ခသည်စခန်းကနေ ခဏပြန်သွားဖို့အတွက် ထောက်ခံချက်တွေ၊ ခွင့်ပြုချက်တွေ အများကြီးယူပြီး ကြိုးပန်းခဲ့သေးတယ်လို့ ဆိုပါတယ်။ သူက ရွာမှာ ဆိုင်ကိုရော၊ တင်းပေါင်းရာနဲ့ချီကျန်ခဲ့တဲ့ စပါးတွေကိုရော စွန့်ခွာပြီး ထွက်ပြေးခဲ့ရသူပါ။

“ဘာမှမကျန်ဘူး။ စပါးတွေလည်း အကုန်ကုန်။ ပစ္စည်းအကောင်းတွေဆို အကုန်ယူသွားကြတာ။ နောက်မှကြားတာက စစ်တပ်ကယူသွားတယ်လို့ ပြောကြတယ်” လို့ သူက အသံတွေတုန်လာရင်း ပြောပြပါတယ်။

သူတို့ရဲ့ စိတ်ဒဏ်ရာတွေကိုလည်း ပျောက်ကင်းအောင် ကုသဖို့ လိုနေပါတယ်။ သူငယ်ချင်းတွေနဲ့ မိသားစုတွေ ဆုံးရှုံးခဲ့ရသလို အားလုံးနီးပါးမှာ လက်ဗလာဖြစ်နေပါပြီ။ သူတို့ ရွာအနီးနားနဲ့ တစ်ရွာတည်းနေတဲ့သူတွေ နှိပ်စက်ခံရတာ၊ ဒုက္ခိတဖြစ်သွားတာ၊ အသတ်ခံရတာတွေကို ကြားသိနေရပါတယ်။ အများစုက အစိုးရစစ်တပ်ကြောင့် ဖြစ်ပွားရတာဆိုတဲ့ သတင်းတွေကြောင့်လည်း အစိုးရတပ်တွေအပေါ်မှာ ရွံကြောက်ကြီးဖြစ်နေသလို အခြားတိုင်းရင်းသားတွေလည်း စုပေါင်းနေထိုင်တဲ့ ဒီရွာတွေမှာ အချင်းချင်း ယုံကြည်မှုတွေ ပျောက်ဆုံးနေပါပြီ။

အသက် ၇၄ နှစ်ရှိပြီဖြစ်တဲ့ ဦးကွမ်ဘောလကတော့ ၁၉၆ဝ ပြည့်နှစ် ဝန်းကျင် စစ်အစိုးရက တိုင်းရင်းသားတွေအပေါ်မှာ ဒီလိုနှိုပ်စက်ခဲ့တာတွေကို ကြားခဲ့တယ်လို့ ဆိုပါတယ်။  ရှမ်း၊ ကချင်၊ ဗမာတိုင်းရင်းသားတွေနေထိုင်တဲ့ သူတို့ရွာမှာ တိုက်ပွဲတွေမဖြစ်ခင်က ပြည်သူတွေဟာ တစ်ဦးနဲ့တစ်ဦး ချစ်ချစ်ခင်ခင် နေထိုင်သလို  ခရစ်ယာန်ဘုရားရှိခိုးကျောင်းနဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတို့ဟာလည်း လမ်းကလေးသာခြားပြီး ရင်းရင်းနှီးနှီး ရှိကြတယ်လို့ ဆိုပါတယ်။

အခုအခါမှာတော့ ရွာအများအပြားမှာ KIA ရဲ့ အန္တရာယ်က ကာကွယ်ဖို့ ရှမ်းနဲ့ ဗမာတိုင်းရင်းသားတွေဟာ အစိုးရ ပေးထားတဲ့ လက်နက်တွေ ရရှိပြီး ပြည်သူ့စစ်တွေဖြစ်နေပါပြီလို့ စစ်ဘေးရှောင်ဒုက္ခသည်များက ပြောပါတယ်။

ဒေါ်လုဆန်ကတော့ NLD နဲ့ ယခုနေပြည်တော်မှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို တက်ရောက်နေတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို မေတ္တာရပ်ခံပေးပါလို့ ပြောလိုက်ပါတယ်။

“၇ နှစ်ဆိုတော့ ရွာတွေလည်း ပျက်ကုန်ပြီ။ ကလေးတွေရှေ့ရေးလည်း မကောင်းဘူး။ စစ်ရှောင်တွေလည်း အရမ်းဒုက္ခရောက်တယ်။ ချထားတဲ့ စစ်တပ်တွေလည်းအမြန်သိမ်းပေးပါ။ နောက်ပြီး ပြန်လည်နေရာချထားရေး၊ မိုင်းရှင်းပေးရေးတွေလည်းလုပ်ပေးပါ။ ကျမတို့ အရမ်းပြန်ချင်ပြီ”

(ရန်ကုန်အခြေစိုက် သတင်းဌာန၏ ဝက်ဘ်စိုက်မှ ကူးယူဖော်ပြသည်)

Loading