၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ရဲ့ အစိုးရ အဖွဲ့သစ်ဟာ အမျိုးသား ရင်ကြားစေ့ရေးကို ဦးတည်တဲ့ အစိုးရအဖွဲ့ ပုံစံမျိုး ဖွဲ့စည်းမယ် ဆိုတာကလွဲရင် သမ္မတ ဘယ်သူဖြစ်မလဲဆိုတာ အပါအဝင် ဘယ်သူတွေနဲ့ ဖွဲ့စည်းမယ် ဆိုတာကို NLD က လျှို့ဝှက်ထားလို့ ဘယ်သူကမှ တိတိကျကျ မသိရှိကြသေးပါဘူး။
NLD ကလည်း အခုလို အချိန်မှာ ထိုင်ခုံ(နိုင်ငံရေးရာထူး)လိုချင်တဲ့ သူတွေများတဲ့အတွက် မလိုလားအပ်ဘဲ သဘောထား ကွဲလွဲမှုတွေ၊ စည်းလုံး ညီညွှတ်မှုတွေ ပြိုကွဲမှာ စိုးရိမ်တဲ့အတွက် သတင်းထုတ်ပြန်မှု မရှိဘဲ လျှို့ဝှက်ထားတာပါ။
ဒီလိုအချိန်မှာတောင် ဝန်ကြီးရာထူး၊ သံအမတ်ရာထူး တောင်းတဲ့သူတွေများနေလို့ ထပ်ခါတလဲလဲ တောင်းဆိုနေရင် ပါတီ စည်းကမ်း အရ အရေးယူမယ်လို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ထုတ်ဖော်ပြောဆိုခဲ့ရပါတယ်။
အခုလည်း ဖေဖော်ဝါရီလအတွင်း လွှတ်တော်သစ် ခေါ်ယူပြီး အစိုးရသစ် ဖွဲ့စည်းဖို့ အချိန်နီးကပ်လာတာနဲ့အမျှ သမ္မတ ဘယ်သူ ဖြစ်မ လဲဆိုတာနဲ့ ပြည်ထောင်စုအဆင့် ရာထူးတွေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေ ဘယ်သူတွေ ဖြစ်မယ်ဆိုတာ နိုင်ငံရေး အသိုင်းအဝိုင်းမှာ ခန့်မှန်းပြောဆိုမှုတွေ ရှိလာပါပြီ။
သမ္မတ ရာထူးအတွက် လက်ရှိ NLD နာယက သူရဦးတင်ဦး၊ NLD ကျန်းမာရေး ကွန်ရက် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းနဲ့ ဆရာ မင်းသု ဝဏ်ရဲ့သား ဦးထင်ကျော်တို့ နာမည်ကြီးခဲ့ရာမှာ နောက်ဆုံး ဦးထင်ကျော် ဖြစ်တယ်လို့ NLD အသိုင်းအဝိုင်းက ပြောပြန်ပါတယ်။
နိုင်ငံရေးအရ တိုင်းရင်းသားတဦးကို ဒုတိယ သမ္မတ တနေရာ ပေးတဲ့ အစဉ်အလာ ရှိပေမယ့် အခုချိန်အထိ ဘယ်တိုင်းရင်းသားကို ရွေးချယ်ထားတယ်ဆိုတာ မသိရသေးသလို တချို့ကလည်း NLD ဦးဆောင်အစိုးရမှာ တိုင်းရင်းသား ဒုသမ္မတအတွက် နေရာမရှိတော့ဘူးလို့ ဆိုကြပါတယ်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက“NLD ကို အားလုံးပါဝင်နိုင်တဲ့ အစိုးရမျိုး ဖြစ်စေချင်တယ်။ သူတို့လည်း အမျိုးသား ရင်ကြားစေ့ရေး အစိုးရလို့ အော်နေတာပဲ။ တိုင်းရင်းသားတွေ ပါမှရမှာ။ ရှမ်းပြည်နယ် ဝန်ကြီးချုပ်ကိုလည်း တို့ပါတီက နေရာ ၄၀ ကျော်နိုင်ထားတာဆိုတော့ တို့ရွေးရမယ်ဆိုရင် အဆင်သင့်ပဲ။ ခက်တာက အခုချိန်အထိ NLD က ဆွေးနွေးဖို့ မကမ်းလှမ်းသေးဘူး”လို့ ဆိုပါတယ်။
လက်ရှိ ဒေါ်အောင်ဆန်းစုကြည်နဲ့ အလွန်နီးစပ်တဲ့ USDP က ဦးရွှေမန်းကို ဒုတိယ သမ္မတ ဖြစ်နိုင်တယ်ဆိုတာမျိုးတောင် ပြောဆို နေကြပေမယ့် အခုတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ရာထူးပေးမှာ ဖြစ်တယ်လို့ ဆိုကြပါတယ်။
ရန်ကုန်တိုင်း ဝန်ကြီးချုပ်အဖြစ် လှည်းကူးမြို့နယ် တိုင်းဒေသကြီး ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော်ဝန် အဖြစ် ဗိုလ်တ ထောင်မြို့နယ် တိုင်းဒေသကြီး ကိုယ်စားလှယ် ဦးသက်ထွန်းဝင်းနဲ့ တိုင်းဒေသကြီး ဝန်ကြီးတွေကို NLD တိုင်းလွှတ်တော် ကိုယ်စား လှယ်တွေထဲက ညွှန်ချုပ်၊ ညွှန်ကြားရေးမှူး အငြိမ်းစားတွေနဲ့ ဖွဲ့စည်းမှာ ဖြစ်တယ်လို့ NLD နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
တခြား တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေကတော့ မန္တလေးတိုင်း ဝန်ကြီးချုပ်အဖြစ် ဒေါက်တာ ဇော်မြင့်မောင်၊ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် အဖြစ် ဒေါက်တာ မြင့်နိုင်၊ ကရင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် နန်းခင်ထွေးမြင့်နဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဦးညီပုတို့ကို ရွေးချယ် ထားပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ် ဝန်ကြီးချုပ် အများစုဟာ လက်ရှိ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ် ဗဟိုအလုပ် အမှုဆောင်ထဲက ရွေးချယ်မှာ ဖြစ်တယ်လို့ သိရပါတယ်။
“ကြံ့ခိုင်ရေးပါတီကလည်း အနည်းဆုံး ၃၊ ၄ ဦးလောက် ပြန်ပါမယ်လို့ ကြားတယ်။ ဦးအောင်မင်းကိုတော့ ပြန်ခန့်ဖို့ လက်ရှိ ကာ/ချုပ် မင်း အောင်လှိုင် ကိုယ်တိုင်က ဒေါ်အောင်ဆန်းစုကြည်ဆီမှာ ပြန်တောင်းတယ်လို့ ကြားတယ်”လို့ NLD နဲ့ နီးစပ်သူက ဆိုပါတယ်။
ပညာရေးဝန်ကြီးအဖြစ် ဒေါက်တာ အောင်သူ၊ ကျန်းမာရေးဝန်ကြီးအဖြစ် ဒေါက်တာ တင်မျိုးဝင်း၊ လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်း ဝန်ကြီးအဖြစ် ဧဒင် ဦးချစ်ခိုင်၊ သိပ္ပံနဲ့ နည်းပညာဝန်ကြီးအဖြစ် ဒေါက်တာ ခင်မောင်ညိုနဲ့ ပြန်ကြားရေး ဝန်ကြီးအဖြစ် မုံရွာ ဦးအောင်ရှင် တို့ကို NLD အသိုင်းအဝိုင်းက ခန့်မှန်းထားကြပါတယ်။
ကြံ့ခိုင်ရေးပါတီဘက်ကနေ တဦးပါတယ်ဆိုပြီး အသံထွက်နေရာကနေ ဒေါ်အောင်ဆန်းစုကြည်နဲ့ ခင်မင်ရင်းနှီးတဲ့ သူရဦးအောင်ကိုက သာသနာရေးဝန်ကြီး ဖြစ်တယ်လို့ ကြားသိနေရပါတယ်။
NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက NLD က အစိုးရသစ် ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် မချနိုင်သေးဘူးလို့ ဇန်နဝါရီလ ၁၀ ရက်နေ့က နေပြည်တော် ဥတ္တရသီရိမြို့နယ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှင်းဆီစံအိမ်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီးမှာ မီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရ တက်လာရင် ဝန်ကြီးဋ္ဌာနတွေကို လျှော့ချမှာ ဖြစ်ပေမယ့် အစိုးရ ဝန်ထမ်းတွေကိုတော့ ထုတ်ပယ်တာမျိုး မလုပ်ဘဲ သက်ဆိုင်တဲ့ အရည်အချင်းအလိုက် နေရာပေးသွားဖို့ NLD က ပြောဆို ထုတ်ပြန်ထားပါတယ်။
“ချက်ချင်းကြီးတော့ ဝန်ကြီးဋ္ဌာနတွေက ဖြုတ်ပစ်လိုက်လို့ မရသေးဘူး။ ဒုဝန်ကြီး မခန့်ဘူးဆိုတာလည်း မဟုတ်ဘူး။ အနည်းဆုံး တ ယောက်တော့ ခန့်မယ်”လို့ NLD ပါတီဝင်တဦးက ဆိုပါတယ်။
NLD အစိုးရသစ်အတွက် မူဝါဒတွေကို ထင်ဟပ်နိုင်တဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာတော့ နိုင်ငံတော် အသုံးစရိတ် သက်သာဖို့နဲ့ စွမ်းဆောင်ရည် ပြည့်ဝတဲ့ အစိုးရသစ်တရပ် ဖွဲ့စည်းနိုင်ဖို့ ဝန်ကြီးဋ္ဌာနတွေကို လျှော့ချမယ်လို့ ထုတ်ပြန်ထားပါတယ်။
လက်ရှိ သမ္မတ ဦးသိန်းစိန်လက်ထက်မှာတော့ ဝန်ကြီးအများစုဟာ စစ်ဘက် အငြိမ်းစားပုဂ္ဂိုလ်တွေ ဖြစ်ပြီး အရပ်သား ဝန်ကြီးကတော့ လက်ချိုး ရေတွက်လို့ ရပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရလည်း ဒုတိယ သမ္မတ တဦးအပါအဝင် နယ်စပ်ရေးရာ၊ ကာကွယ် ရေးနဲ့ ပြည်ထဲရေး ဝန်ကြီးဌာန ဝန်ကြီးတွေကို ကာကွယ်ရေး ဦးစီးချုပ်က ရွေးချယ်ခန့်အပ်ရမှာ ဖြစ်ပါတယ်။