ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော် (DKBA)မှ ထုတ်ပယ်ခံထားရသူများ စုစည်း၍ ယခင် အဖွဲ့အမည်ဟောင်း ဖြစ် သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA)ကို ဇန်နဝါရီလ ၁၆ ရက်က ပြန်လည် ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။
ပြန်လည် ဖွဲ့စည်းလိုက်သည့် DKBA တပ်ဖွဲ့တွင် စစ်ဦးချုပ်အဖြစ် ဗိုလ်ချုပ် စောကျော်သက်နှင့် ဒု စစ်ဦးချုပ်အဖြစ် ဗိုလ်မှူးချုပ် စော တိုင်းရွှေ(ဗိုလ်ဘိ)တို့ကို ခန့်အပ်ခဲ့ကြောင်း၊ ယင်းတပ်ဖွဲ့တွင် ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော်(DKBA)မှ ထုတ် ပယ် ခံထားရသည့် တပ်ဖွဲ့ဝင်များနှင့် အစိုးရက အသွင်ပြောင်း ဖွဲ့စည်းစေခဲ့သည့် နယ်ခြားစောင့်တပ်(BGF)တွင် တာဝန် ထမ်းဆောင် လိုခြင်း မရှိသည့် တပ်ဖွဲ့ဝင်များ ပါဝင်ကြောင်း ဇန်နဝါရီလ ၁၆ ရက်က ထုတ်ပြန်သည့် ၎င်းတို့၏ ကြေညာချက်တွင် ဖော်ပြထားသည်။
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA)မှ ဗိုလ်ကြီး ရဲထက်က“ကျနော်တို့ အထုတ်ခံထားရတဲ့ တပ်မှူးတွေက ဒီအတိုင်းပဲနေရင် ဘာမှန်းမသိဘဲ ဓားပြလိုလို ဘာလိုလို ဖြစ်နေမယ်။ အခုကလည်း တပ်ဖွဲ့ အသစ်ဖွဲ့တာ မဟုတ်ဘဲ အရင်ရှိခဲ့တဲ့ DKBA ရဲ့ မူဝါဒတွေ အတိုင်းပဲ ပြန်ဖွဲ့ခဲ့တာပါ”ဟု ဧရာဝတီသို့ ပြောသည်။
ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော်(DKBA)က တပ်ဖွဲ့ဝင်များဖြစ်သော ဗိုလ်ချုပ် စောကျော်သက်၊ ဗိုလ်မှူးကြီး စော ဆန်းအောင်တို့ကို ၂၀၁၅ ခုနှစ်အတွင်း အာရှလမ်းမကြီးနှင့် ကော့ကရိတ်မြို့နယ်တို့အတွင်း တပ်မတော် နယ်ခြားစောင့်တပ်(BGF)နှင့် တိုက်ပွဲများ ဖြစ်ပွားမှုများကြောင့် တပ်ဖွဲ့မှ ထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်။
ယခုကဲ့သို့ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) အမည်ဖြင့် ပြန်လည် ဖွဲ့စည်းခြင်းသည် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်(NCA)နှင့်လည်း ဆက်နွယ်မှုရှိပြီး လက်နက်ကိုင်အဖွဲ့များ ပုံစံ ဖြစ်နေခြင်းကြောင့် ငြိမ်းချမ်းရေး လုပ် ငန်း စဉ်ကို ထိခိုက်မည်စိုးရိမ်သဖြင့် တပ်ဖွဲ့တခုပုံစံ သတ်သတ်မှတ်မှတ် ရှိစေချင်၍ ဖြစ်ကြောင်း ဗိုလ်ကြီးရဲထက်က ပြောသည်။
တပ်ဖွဲ့၏ ခံယူချက်အနေဖြင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား အစည်းအရုံး(D.K.B.O)၏ ထုတ်ပြန်ချက်အမှတ် (၁/၉၄)နှင့် (၂/၉၄)တို့ပါ အချက်များအတိုင်း ဆက်လက် လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး တပ်ဖွဲ့ ပြန်လည် ဖွဲ့စည်းမှုကို ကရင် လက်နက်ကိုင် ခေါင်းဆောင်များအား အသိပေးခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဗိုလ်ချုပ်ကြီး စောလားပွယ် ဦးဆောင်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) အဖွဲ့သည် ၂၀၁၀ ပြည့် နှစ်တွင် အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်းပြောင်း ဖွဲ့စည်းစေမှုကြောင့် တပ်ဖွဲ့ဝင် တချို့နှင့် တိုက်ပွဲများ ဖြစ်ပွားကာ ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော် (DKBA) ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော်(DKBA)သည် ၂၀၁၁ ခုနှစ်တွင် အစိုးရနှင့် ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲ ရေး ဆွေးနွေးနိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး စာချုပ် (NCA)ကို ပါဝင် လက်မှတ်ရေးထိုးခဲ့သည်။
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) သည် ၁၉၉၅ တွင် မိခင်အဖွဲ့အစည်းဖြစ်သော ကရင် အမျိုးသား အစည်းအရုံး(KNU) မှ ခွဲထွက်ခဲ့ပြီး အစိုးရနှင့်ပူးပေါင်းကာ KNU ကိုပြန်လည်တိုက်ခိုက်ခဲ့သည်။ KNU မှ ခွဲထွက်လာသည့် အဖွဲ့များအနက် အင်အားအကြီးဆုံးအဖွဲ့လည်း ဖြစ်သည်။