သတင်း

ဗီဇာ ဝန်ဆောင်မှု မလေးရှားနှင့် မြန်မာကုမ္ပဏီ ပူးပေါင်းလုပ်ကိုင်မည်

This article has been converted from Zawgyi One to Unicode

မလေးရှား ဗီဇာ လျှောက်ထားရန် မလေးရှားနှင့် မြန်မာ ကုမ္ပဏီ ပူးပေါင်း၍ Malaysia Visa One Stop Centre(OSC) စနစ်ဖြင့် လုပ် ငန်းများ အားလုံးကို ဆောင်ရွက်မည်ဖြစ်ကြောင်း မလေးရှားနိုင်ငံ OSC မှ ပရောဂျက် ဒါရိုက်တာ Mohd Fadzli Kadir က ပြောကြား သည်။
ယခုကဲ့သို့ မလေးရှားဗီဇာ လျှောက်ထားရာတွင် ကြားခံ အဖွဲ့အစည်းအနေဖြင့် ဆောင်ရွက်ရခြင်းသည် မလေးရှားနိုင်ငံဘက်သို့ ပုံမှန် မဟုတ်သော ဗီဇာအတုများဖြင့် ဝင်ရောက် အလုပ်လုပ်ကိုင်မှုများ ရှိနေခြင်း၊ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အမှုအခင်းများတွင် လည်း မလေးရှား အစိုးရအနေဖြင့် အမျိုးသား လုံခြုံရေးကို ကာကွယ်ရန်အတွက် စိုးရိမ်မှုများ ရှိနေခြင်းတို့ကြောင့် ယခုကဲ့သို့ ဆောင် ရွက်ရခြင်း ဖြစ်ကြောင်း Mohd Fadzli Kadir က ဇန်နဝါရီ ၁၅ ရက်က ဆူးလေ ရှန်ဂရီလာဟိုတယ်တွင် ပြောကြားခြင်း ဖြစ်သည်။

Mohd Fadzli Kadir က“ပြည်သူတွေက အေဂျင်စီတွေကနေ လျှောက်တယ်။ ဟိုဘက်က လူဝင်မှု ကြီးကြပ်တဲ့နေရာမှာ စစ်တဲ့အခါ မရတဲ့ ဗီဇာ ဖြစ်နေတယ်။ ဒါကြောင့် OSC ကတော့ ဗီဇာကို လုံခြုံရေး အဆင့်မြှင့်ထားတဲ့ စတစ်ကာနဲ့ လုပ်မယ်။ တံဆိပ်တုံး မဟုတ် တော့ပါဘူး။ လက်နဲ့ထုထားတဲ့ တံဆိပ်တုံးက မလေးရှား အစိုးရဘက်က ကြည့်ရင် အန္တရာယ် ကြီးတယ်။ စတစ်ကာနဲ့က အတုလုပ်ဖို့ မလွယ်ဘူး”ဟုလည်း ပြောသည်။

OSC သည် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ စတင်၍ ရန်ကုန်မြို့ရှိ မလေးရှားသံရုံးတွင် ဗီဇာ လျှောက်ထားခြင်း လုပ်ငန်းစဉ် အားလုံး ကို ရပ်ဆိုင်း လိုက်ပြီးနောက် ကြားခံအဖြစ် ဖြစ်ပေါ်လာသည့် အဖွဲ့ဖြစ်ပြီး မလေးရှား အစိုးရဘက်မှ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြား ရေး ဝန်ကြီး ဌာနတို့မှ အတည်ပြုချက်ရယူကာ အခြားသော နိုင်ငံများဖြစ်သည့် တရုတ်၊ အင်ဒိုနီးရှား၊ နီပေါ၊ ထိုင်ဝမ်၊ ပါကစ္စတန် နိုင်ငံ များတွင် ဝင်ရောက် လုပ်ကိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံကို ယခုနှစ်တွင် ဝင်ရောက် လုပ်ကိုင်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မလေးရှား ကုမ္ပဏီဖြင့် ပူးတွဲလုပ်ကိုင်မည့် မြန်မာ ကုမ္ပဏီတခု ဖြစ်သည့် Diamond Palace ကုမ္ပဏီ ဥက္ကဋ္ဌ ဦးသိန်းသန်းက“အစိုးရ အချင်းချင်း လုပ်ကိုင်တဲ့နေရာမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို တရားဝင် နေထိုင်ခွင့်ရအောင် လုပ်တဲ့အခါ Social Visa နဲ့ ဝင် တယ်၊ နည်းမျိုးစုံနဲ့ ဝင်ရောက်ပြီး နည်းမျိုးစုံနဲ့ အလုပ်လုပ်နေကြတဲ့သူတွေ များလာတဲ့အခါ မလေးရှားနိုင်ငံ လုံခြုံရေးအတွက်က စိန်ခေါ်မှု ဖြစ်လာတော့ သူတို့က တစိုက်မတ်မတ်လုပ်လာတဲ့ အနေအထား တွေ့လာရတယ်။ ဒါကြောင့် OSC မှာပဲ စုံစမ်းပြီး လျှောက် ထားနိုင်တယ်။ အချိန်ကလည်း မကြာပါဘူး။ ကုန်ကျစရိတ်က အမေရိကန် ဒေါ်လာ ၈၅၀ ကုန်ကျမှာကနေ ဒေါ်လာ ၆၅၀ လောက်နဲ့ သွားနိုင်မယ်”ဟု ပြောသည်။

နှစ်နိုင်ငံ အစိုးရအချင်းချင်း ဆောင်ရွက်ချက်အရ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကုန်အထိ မြန်မာနိုင်ငံသား စိစစ်ပြီးသူ ၁၈၀၀၀ ကျော်၊ မြန်မာနိုင်ငံသား အဖြစ် ယခုမှ စိစစ် အတည်ပြုထားသည့်သူ ၁၅၀၀၀ ကျော်၊ သက်ဆိုင်ရာ နိုင်ငံကူးလက်မှတ် ထုတ်ပေးထားသူ ၁၃၀၀၀ ကျော် ရှိကြောင်း၊ အစိုးရအချင်းချင်း အစီအစဉ်ဖြင့် Work Permit ကိုင်ဆောင်ထားသူပေါင်း ၃၈၂၂ ဦး ရှိထားကြောင်း Diamond Palace ကုမ္ပဏီ ဥက္ကဋ္ဌ ဦးသိန်းသန်းက ပြောသည်။

OSCက မလေးရှား ဗီဇာလျှောက်ထားခြင်း ဆောင်ရွက်ရာတွင် မလေးရှားအစိုးရဘက်မှ သတ်မှတ်ထားသည့် နှုန်းထား၊ လုပ်ထုံး လုပ်နည်းများကို လိုက်နာ၍ ဆောင်ရွက်မည်ဖြစ်ပြီး ၎င်းဝန်ဆောင်မှု လုပ်ငန်းပိုင်းဆိုင်ရာမှ လျှောက်လွှာ လျှောက်ထားခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများတွင် လွယ်ကူစေရန်သာ ဆောင်ရွက်မည် ဖြစ်သည်ဟုလည်း ဆိုသည်။

လက်ရှိတွင် မလေးရှား နိုင်ငံ၌ တရားဝင် လာရောက် အလုပ်လုပ်ကိုင်သူ မြန်မာ ၃ သိန်းခန့် ရှိပြီး တရားမဝင် အလုပ်လုပ်နေသည့် မြန်မာ အလုပ်သမား ၁ သိန်းခန့် ရှိကြောင်း သိရသည်။

Loading