ငွေချေးခြင်း၊ ငွေလွှဲခြင်းများ လုပ်ကိုင်ရန် ဗဟိုဘဏ်က CBM-NET စနစ် စတင်
This article has been converted from Zawgyi One to Unicode

ဘဏ်အချင်းချင်းအကြား ငွေလွှဲခြင်း၊ ငွေချေးခြင်း၊ ငွေတိုက်စာချုပ်များ ရောင်းဝယ်ခြင်းလုပ်ငန်းများ လုပ်ကိုင်ရာတွင် အွန်လိုင်း CBM-NET စနစ်ကို အသုံးပြုပြီး လုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ဖြစ်ကြောင်း၊ CBM-NET စနစ်သည် ဗဟိုဘဏ်မှ ဘဏ်များနှင့် တိုက်ရိုက် အွန်လိုင်းဖြင့် ချိတ်ဆက်လုပ်ဆောင်ထားသည့် ကွန်ပျူတာစနစ် ဖြစ်ကြောင်း ဗဟိုဘဏ်၏ ဒုတိယ ဥက္ကဋ္ဌ ဦးဆက်အောင်က ပြောသည်။
CBM-NET Network ဖြင့် နေပြည်တော် ဗဟိုဘဏ် ရုံးချုပ်၊ ရန်ကုန်ဘဏ်ခွဲ၊ မန္တလေးဘဏ်ခွဲနှင့် နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များ၊ နိုင်ငံခြားဘဏ်များအကြား Fund Transfer ပြုလုပ်ရာတွင် ယခင်က စာရွက်စာတမ်းများဖြင့် ဆောင်ရွက်ခဲ့ရာမှ ယခု စနစ်သည် ဘဏ် များအချင်းချင်း ငွေလွှဲပြောင်းပေးပို့မှုများကို အွန်လိုင်းမှ အချိန်နှင့်တပြေးညီ ဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
ထိုပြင် ဘဏ်များတွင် ငွေပြန်ရနိုင်ချေနည်းသည့် အချိန်ကာလမျိုး၌ ဗဟိုဘဏ် အနေဖြင့် ငွေထုတ်ချေးပေးရာတွင် ဘဏ်များဘက်က ၎င်းတို့တွင်ရှိသည့် Treasury Bond များကို အပေါင်ဖြင့်ထား၍ ချေးယူခြင်းကိစ္စရပ်များတွင်လည်း Paper Bond အနေဖြင့် မဟုတ်ဘဲ Electronic Bond ပုံစံ အဖြစ် လုပ်ကိုင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။