သတင်း

ရန်ကုန်တွင် အငြိမ်းစားဝန်ထမ်းများ မြေကွက် လျှောက်ထားမှု များပြားလာ

This article has been converted from Zawgyi One to Unicode

ရန်ကုန်မြို့တွင် အငြိမ်းစား ဝန်ထမ်းများ မြေကွက် လျှောက်ထားရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တရားဝင် ထုတ်ပြန် ကြေညာ ထားခြင်း မရှိသော်လည်း မြေကွက်လျှောက်ထားသူ အလွန်များပြားနေကြောင်း သတင်းရရှိသည်။

ယနေ့ နေ့လယ်အထိ တောင်ဒဂုံမြို့နယ် စာတိုက်တွင် မြေကွက်လျှောက်ရန် လျှောက်လွှာတင်သူ ၂၀၀၀ ကျော် ရှိကြောင်း၊ လူဦး ရေ အလွန် များပြားသဖြင့် လျှောက်လွှာတင်ခွင့် ရရှိရန် အချိန်များစွာ ယူခဲ့ရကြောင်း ကာကွယ်ရေး ဝန်ကြီးဋ္ဌာနမှ အငြိမ်းစား ဝန်ထမ်း တဦး ဖြစ်သူ ဦးမြဝေက ဧရာဝတီသို့ ပြောသည်။

ဦးမြဝေက“ဒီမှာက ကောင်တာ ၅ ခုလောက် ရှိတယ်။ အန်ကယ်က တုံကင်ကို ၁၂ ခွဲလောက်မှာ ရတယ်။ လူတွေလည်း ရှေ့မှာ တအုပ်ကြီးပဲ။ ကောင်တာ တခုမှာ လူ ၄၀၀ ကျော်လောက် ရှိတယ်။ မနက်က တရားဝင် မကြေညာထားဘူးလို့ သတင်းစာမှာ တွေ့တယ်။ ဒါပေမယ့် လူတွေကတော့ ဆက်ပို့နေကြတာပဲ”ဟု ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း လူမှုကွန်ရက် စာမျက်နှာများတွင် အငြိမ်းစားဝန်ထမ်းများ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ လိပ် မူ ကာ မြေကွက်လျှောက်ထားနိုင်သည်ဆိုသည့် သတင်းများပျံ့နှံ့ခဲ့ရာ ရန်ကုန်စာတိုက်ကြီးအပါအဝင် သက်ဆိုင်ရာ မြို့နယ် စာတိုက် များတွင်လည်း လာရောက် လျှောက်ထားသူ များပြားလျက်ရှိကြောင်း မြေကွက် လျှောက်လွှာတင်သူများက ဧရာဝတီသို့ ပြောသည်။

အငြိမ်းစားဝန်ထမ်းများ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ မြေကွက် လျှောက်ထားခြင်းနှင့်ပတ်သက်၍ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တရားဝင် ကြေညာထားခြင်း မရှိဟု တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောသည်။

ယခုကဲ့သို့ ပင်စင်စား ဝန်ထမ်းများ လျှောက်လွှာတင်နေကြခြင်းသည် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ တညင်၊ ကျောက်တန်းမြို့နယ်များသို့ သွားရောက်စဉ် အငြိမ်းစား ဝန်ထမ်းတဦးက နေစရာမရှိသဖြင့် မြေကွက်ပေးစရာရှိလျှင် ပေးပါဟု တောင်းဆို ခဲ့ရာ ဝန်ကြီးချုပ်က ရာထူးနှင့် ပင်စင်ယူခဲ့သည့် အချိန်တို့ကိုရေးသားပြီး လျှောက်လွှာတင်ခိုင်းခဲ့သည်ကို သတင်းသမား တဦးက လူမှုကွန်ရက် စာမျက်နှာပေါ်တွင် တင်လိုက်ရာမှတဆင့် ယခုကိစ္စများ ဖြစ်ပေါ်လာသည်ဟု သိရကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် ရခိုင် တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင်က ဧရာဝတီသို့ ပြောသည်။

ဦးဇော်အေးမောင်က“ကျနော်အခု ရုံးမှာလည်း မေးကြည့်တော့ တယောက်မှလည်း အဲဒီလိုတရားဝင် ကြေညာတာ မရှိဘူး။ အဲဒီလို အများကြီးပေးဖို့ ဒီမှာ မြေဘယ်လိုလုပ် ရှိမလဲ။ တလောက တန်ဖိုးနည်းအိမ်ရာတွေ လျှောက်လွှာခေါ်တာ ပြီးသွားပြီ”ဟု ရှင်းပြ သည်။
ပင်စင်စား နိုင်ငံ့ဝန်ထမ်းများသည် မိမိတို့နေထိုင်သည့် မြို့နယ် စာတိုက်ရုံးများတွင် လူကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်ဖြင့် ဖြစ်စေ ရုံးချိန်အတွင်း ရုံးတွင် လျှောက်လွှာ ဝယ်ယူ၍ ပူးတွဲပါ စာရွက်စာတမ်းများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမြင့်ဆွေထံ လိပ်မူပေးပို့ပြီး ဇန်နဝါရီ ၂၀ ရက် နောက်ဆုံးထားကာ မြေကွက် (၁ ကွက်)လျှောက်ထားနိုင်ကြောင်း ပြီးခဲ့သည့် ရက် ပိုင်းကတည်းက လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ပျံ့နှံ့ခဲ့ပြီးနောက် အငြိမ်းစား ဝန်ထမ်းများက သက်ဆိုင်ရာ မြို့နယ်စာတိုက်များတွင် လာရောက် လျှောက်ထားလျက်ရှိပြီး စာတိုက်ကလည်း လာတင်သမျှ လျှောက်လွှာများကို လက်ခံပေးနေကြောင်း၊ လျှောက်လွှာတစောင်လျှင် ၁၀၀၀ ကျပ်ဖြင့် ရောင်းချ နေသူများလည်း ရှိကြောင်း အလုံမြို့နယ် စာတိုက်တွင် မြေကွက် သွားရောက်လျှောက်ထားခဲ့သည့် မြန်မာ့သစ်လုပ်ငန်းမှ အငြိမ်းစား ဝန်ထမ်း တဦးဖြစ်သူ ဦးခင်မောင်ကြွယ်က ပြောသည်။

“လျှောက်လွှာက အလုံစာတိုက်မှာ တင်မလို့။ ဒါပေမယ့် ဒီမနက် စာဖတ်ကြည့်တော့မှ စာထဲမှာ မဟုတ်ပါဘူးပေါ့။ ဘယ်သူက ဘယ် လို စလိုက်မှန်းမသိဘူးဆိုပြီး စာစောင်ထဲပါလာတော့ မတင်ဘဲ ပြန်လာလိုက်တော့တယ်။ စာတိုက်ကလည်း လာတင်သမျှ အကုန် လက်ခံတော့ အုန်းအုန်းထကုန်ရော”ဟု ဦးခင်မောင်ကြွယ်က ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ၂၀၁၅ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းတွင် အငြိမ်းစား ပင်စင်စား ဝန်ထမ်းများနှင့် စစ်မှုထမ်း ဟောင်းများ အတွက်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်ထားသည့် ရွှေပြည်သာမြို့နယ်ရှိ တန်ဖိုးနည်း တိုက်ခန်းများကို လက်ငင်းငွေချေစနစ်နှင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

Loading