ရှမ်းပြည်နယ် မြောက်ပိုင်း တရုတ်နယ်စပ် လားရှိုး-မူဆယ် ပြည်ထောင်စု လမ်းမကြီးတွင် ကားများ တပတ်ခန့် ပိတ်ဆို့နေမှုကြောင့် ခရီးသွားလာရန် အခက်အခဲ ဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။
အဆိုပါ လမ်းသည် တရုတ် – မြန်မာ ကုန်သွယ်ရေး အတွက် အဓိက အသုံးပြုနေသည့် လမ်းကြောင်းတခုလည်း ဖြစ်သည်။
လားရှိုး-မူဆယ် ပြည်ထောင်စု လမ်းမကြီးပေါ် ကွတ်ခိုင်မြို့ နှင့် နမ့်ဖက်ကာ ကြားတွင် ၂၂ ဘီး တွဲကားပေါ်မှ သံပေါင်များ ပြုတ်ကျ မှုကြောင့် ဇန်နဝါရီ ၁၁ ရက် ညပိုင်းမှစတင်၍ လမ်းပိတ်ဆို့မှုများဖြစ်ပွားခဲ့ကြောင်း၊ ထိုလမ်းပိတ်ဆို့မှုသည် ယနေ့အထိ ဖြစ်ပွားနေကြောင်း၊ ကားပိတ်ဆို့မှုကြောင့် တချို့ကားဂိတ်များ ယာယီ ရပ်ဆိုင်းနေရကြောင်းလည်း မူဆယ်မြို့တွင် နေထိုင်သည့် ကိုပြည့်စုံ က ဧရာဝတီသို့ ပြောသည်။
“ကားလမ်းပိတ်တဲ့အတွက် ကျနော်ကိုယ်တိုင် လမ်းမှာ ၂ ည အိပ်ခဲ့ရတယ်။ ခေါက်ဆွဲတထုပ်ကို ၄၀၀၀ ကျပ်၊ ရေသန့် တဘူးကို ၁၀၀၀ ကျပ်နဲ့ ဝယ်စားခဲ့ရတယ်။ ကားပိတ်ဆို့မှုက ၂၀၁၅ နိုဝင်ဘာ လကနေ စပြီး ပိတ်တာပဲ။ အခုတကြိမ်နဲ့ဆို သုံးခါလောက်ရှိပြီ၊ လမ်းပိတ်တာ”ဟု ကိုပြည့်စုံ က ပြောပြသည်။
ထိုလမ်းပိတ်ဆို့မှုကြောင့် ကွတ်ခိုင်မြို့ အထွက်တွင် အလှည့်ကျ စနစ်ဖြင့် ကားများ လွှတ်နေကြောင်း၊ လက်ရှိတွင် သက်ဆိုင်ရာ ဌာန မှ တာဝန်ရှိသူများလာရောက် ရှင်းလင်းနေကြောင်း၊ တလမ်းရှင်းစနစ်ဖြင့် သွားလာမှုရရှိနေပြီဖြစ်ကြောင်း လားရှိုး-မူဆယ် ပြေးဆွဲနေ သည့် ကားသမား စိုင်းညွန့် ကလည်း ပြောသည်။
“ကားလမ်းတွေ ပိတ်နေတဲ့အတွက် ကားသမားတွေရော ကုန်သည်တွေရော အခက်ကြုံနေတယ်။ ဒီလမ်းက အဓိက ကုန်သွယ်မှု ကျတဲ့ လမ်းပါ။ လမ်းမှာ ကားကြီး မှောက်တာတွေ ပျက်တာတွေ ရှိရင်လည်း ကားလမ်းက ပိတ်တာပဲ။ တောင်ပေါ်လမ်းက အကွေ့အကောက်တွေ၊ လမ်းတွေက ကျဉ်းတယ်”ဟုလည်း စိုင်းညွန့် ဆိုသည်။
ထိုလမ်းတွင် အသုံးပြုနေသည့် ၂၂ဘီးကားများ၊ ကုန်ကားများ၊ Express ကားများ၊ ကားသေးများသည် စည်းကမ်းမဲ့စွာ မောင်းနှင်မှုကြောင့် ကွတ်ခိုင်-မူဆယ် ပြည်ထောင်စုလမ်းမကြီး ပိတ်ဆို့ခြင်းဖြစ်သည်ဟု ခရီးသည်များက ပြောဆိုကြသည်။
ယာယီရပ်ဆိုင်းထားသည့် မြတ်မန္တလာထွန်း ရန်ကုန်-မူဆယ် ကားလိုင်းမှ အရောင်းစာရေးမ တဦးကလည်း“မူဆယ် ကားလက်မှတ် ကို လွန်ခဲ့တဲ့ သုံးရက်က မရောင်းဘူး။ ဒီနေ့တော့ ပြန်ရောင်းတယ်။ မနက်ဖြန် အတွက်တော့ ရောင်းဖို့က မသေချာသေးဘူး။ ကားလမ်းတွေပိတ်တော့ လမ်းမှာ ခရီးသည်တွေအတွက် အခက်အခဲ ဖြစ်မှာ စိုးလို့ မရောင်းတာပါ”ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါလမ်းတွင် တနေ့လျှင် ကားအစီးရေ ၂၀၀၀ ကျော် အသုံးပြု သွားလာနေကြောင်း သိရသည်။