မြန်မာနိုင်ငံအနှံ့ ဖေဖော်ဝါရီ လကုန်ပိုင်းအထိ အအေးပိုနိုင်
This article has been converted from Zawgyi One to Unicode
မြန်မာနိုင်ငံ နေရာအနှံ့အပြား၌ သိသိသာသာ အအေးဒဏ် ခံစားရမှုသည် ဖေဖော်ဝါရီ လကုန်ပိုင်းအထိ ခံစားရဖွယ်ရှိပြီး တချို့နေရာ များတွင် အနိမ့်ဆုံးအပူချိန် စံချိန်ချိုးသည်အထိ ရှိလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှူး ဦးစီးဌာနက ပြောသည်။
“တရုတ်နိုင်ငံကလာတဲ့ လေအေးလှိုင်းကြောင့် မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလကုန်လောက်အထိ အအေးပိုတာ၊ လျော့တာကို တလှည့် စီ ကြုံတွေ့ရနိုင်တယ်။ လာမယ့်၂၁ ကနေ ၂၄ ရက်လောက်အထိ အအေးပြန်ပေါ့သွားမယ်။ နောက် ၂၆ လောက်မှာ ပြန်အေးမယ်” ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှူး ဦးစီးဌာန(မိုး/ဇလ)၏ ဒုညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။
တရုတ်နိုင်ငံ မြောက်ဘက်မှ တိုက်ခတ်လာသည့် လေအေးလှိုင်းများကြောင့် မြန်မာနိုင်ငံအတွင်း ဇန်နဝါရီလ ဒုတိယ အပတ်လောက် မှ စတင်ပြီး ပြည်နယ်၊ တိုင်းဒေသကြီး အများစု၌ သိသိသာသာ အအေးပိုခဲ့ပြီး အဓိက အအေးဒဏ် ပိုခံစားရသည့် နေရာများမှာ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှူး ဦးစီးဌာနက ထုတ်ပြန်ကြေညာသည်။
ဇန်နဝါရီလ ၁၈ ရက်က မိုး/ဇလ ဌာနမှ ထုတ်ပြန်ချက်များအရ ပဲခူးတိုင်း ဒေသကြီး ကြို့ပင်ကောက်မြို့တွင် အနိမ့်ဆုံး အပူချိန် စံချိန် သစ်အဖြစ် နှစ်ပေါင်း ၃၀ အတွင်း ၉.၀ ဒီဂရီ စင်တီဂရိတ်အထိ ရောက်ရှိခဲ့ပြီး မန္တလေးတိုင်း ဒေသကြီး ရမည်းသင်းမြို့တွင် နှစ်ပေါင်း ၅၂ နှစ် အတွင်း အနိမ့်ဆုံး အပူချိန် စံချိန်သစ်အဖြစ် ၆.၀ အထိ ရောက်ရှိခဲ့ကြောင်း သိရသည်။
နေပြည်တော် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဇန်နဝါရီလ ၁၈ ရက် ထုတ်ပြန်ချက်များ၌ ထူးခြားသည့် ညအပူချိန် များမှာ ပင်လောင်းမြို့တွင် ၃ ဒီဂရီ စင်တီဂရိတ်၊ နမ့်စန်မြို့နှင့် လွိုင်လင်မြို့တို့တွင် ၁ ဒီဂရီ စင်တီဂရိတ်စီ၊ ဟဲဟိုးမြို့တွင် ၀ ဒီဂရီ စင်တီ ဂရိတ်၊ ဟားခါးမြို့တွင် ၁ ဒီဂရီ စင်တီဂရိတ်နှင့် ပြင်ဦးလွင်မြို့တွင် ၂ ဒီဂရီ စင်တီဂရိတ် ရှိသည်ဟု ဖော်ပြထားသည်။