Human Rights

ကချင်ဆရာမ ၂ ဦးအသတ်ခံခဲ့ရမှု စစ်တပ်ကိုလည်း စစ်ဆေးရန် တောင်းဆို

This article has been converted from Zawgyi One to Unicode

အဓမ္မပြုကျင့်သတ်ခံရသည့် စေတနာ့ဝန်ထမ်း ကချင် ကျောင်းဆရာမ နှစ်ဦး၏ အမှုမှာ တနှစ်ပြည့်ခဲ့ပြီ ဖြစ်သော်လည်း အမှုမှန် မဖော်ထုတ်နိုင်သေးဘဲ ရှိနေရာ အခင်းဖြစ်စဉ်က စခန်းချခဲ့သည့် ခြေမြန်တပ်ရင်း ခမရ (၅၀၃) ကို စစ်ဆေး မေးမြန်းလိုကြောင်း ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (KBC) က တောင်းဆိုလိုက်သည်။

အသက် ၂၀ ဝန်းကျင်အရွယ်ရှိ လုပ်အားပေး ဆရာမ ၂ ဦးဖြစ်သည့် ခေါန်နန်စင်နှင့် မရန်လုရာတို့သည် KBC ၏ ခွင့်ပြုချက်ဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ပန်ဆိုင်းမြို့၊ ကောင်းခါးကျေးရွာမှ ဆင်းရဲသော ကလေးငယ်များကို အခမဲ့ ပညာသင်ကြားပေးနေကြသူများဖြစ်ပြီး ကောင်းခါးကျေးရွာ ဘုရားကျောင်းဝင်း အတွင်းရှိ ၎င်းတို့ တည်းခိုရာ အိမ်တွင် ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁၉ ရက် ညပိုင်းက အဓမ္မပြုကျင့့် အသတ်ခံခဲ့ရသည်။

အမှုဖြစ်ပွားသည့် ဇန်နဝါရီ ၁၉ ရက်နေ့ တွင် ကောင်းခါးရွာတွင် စခန်းချနေထိုင်ခဲ့သည့် ခမရ (၅၀၃) မှ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များနှင့် ဇန်နဝါရီ ၂၀ ရက် နံနက်ပိုင်းတွင် တပ်သားများကို သယ်ဆောင်သွားသည့် ယာဉ်မောင်း ၃ ဦးကို ခေါ်ယူ စစ်ဆေးမေးမြန်းလိုကြောင်း KBC မှ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ ခလမ်ဆမ်ဆွန် က ယနေ့ မြန်မာနိုင်ငံ နှစ်ခြင်း အသင်းတော် အဖွဲ့ချုပ်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

“အဲဒီပုဂ္ဂိုလ်တွေကို မေးပိုင်ခွင့်နဲ့ မေးပြီး စစ်ဆေးပြီးမှ အမှုမှန် ဖော်ထုတ်မယ်ဆိုရင်တော့ ကျနော်ထင်တယ်၊ မကြာပါဘူး။ ခဏလေးပါ။ ကြာနေတာ ဘာကြောင့်လဲဆိုတာ ကျနော ်နားမလည်ဘူး။ မမျှော်လင့်ဘဲ ဖြစ်ပျက်ခဲ့တာဟာ ရည်ရွယ်ချက်ချက် ရှိရှိ လုပ်တယ်လို့ ကျနော်ယုံကြည်ပါတယ်။ စစ်ကြောင်းတွေ ရောက်တဲ့ညမှာ ဖြစ်တဲ့ကိစ္စမို့လို့ အားလုံးဟာ စစ်တပ်ကိုပဲ သံသယ ရှိနေတယ်ဆိုတာ ကျနော်ရဲရဲဝံ့ဝံ့ ပြောရဲပါတယ်” ဟု ဒေါက်တာ ခလမ်ဆမ်ဆွန် က ဆိုသည်။

ခမရ ၅၀၃ စစ်ကြောင်းသည် ကောင်းခါးရွာသို့ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ကောင်းခါးကျေးရွာသို့ ရောက်ရှိကာ ကချင် ဆရာမ ၂ ဦးနေထိုင်သော နေအိမ်နှင့် ကိုက် ၁၀၀ ခန့်အကွာတွင် စခန်းချခဲ့ကြောင်း၊ အသတ်ခံရသူ ၂ ဦး နေထိုင်သည့် အိမ်အနီးရှိ ထင်းပုံအနီးတွင် စစ်ဖိနပ်ခြေရာ နှင့်တူသည့် ပွိုင့်ထူထူ ဖိနပ် ခြေရာများကြောင့် ရွာအနီး ရောက်နေသည့် ခမရ ၅၀၃ တပ်ဖွဲ့ဝင်တချို့ အပေါ် ဒေသခံများက သံသယ ဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဤအမှုနှင့် ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေး စစ်သည်များကို ခေါ်ယူစစ်ဆေးနိုင်ရန် သမ္မတထံ အကြိမ်ကြိမ် စာပို့သော်လည်း အကြောင်းပြန်ချင်း မရှိခဲ့ကြောင်း၊ လုပ်ပိုင်ခွင့် အပြည့်အဝ မရှိသဖြင့် အမှုမှန်ဖော်ထုန်ရန် ခက်ခဲနေကြောင်း ရှမ်းပြည်နယ်ရှိ ကချင်ရှေ့နေများကွန်ရက် ဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့နေ ဦးဘရန်ဒီးက ယနေ့ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

“ရွာသူရွာသားတွေရဲ့ မေးမြန်းချက်တွေနဲ့ ရွာထဲမှာရှိခဲ့တဲ့ အရာခံ၊ တပ်သားတွေ၊ ယာဉ်မောင်းတွေ စစ်မေးလိုက်ရင် Link တခုခုတော့ ပေါ်လာမယ်။ ရာခိုင်နှုန်းအနေနဲ့ ပြောလို့မရဘူး။ အမှုနဲ့ ပတ်သတ်ပြီး Link အနေနဲ့ သူရဲ့ တစုံတခု ဘယ်လိုပဲ ဖြစ်ဖြစ် အကောင်အထည် တခုခုတော့ ပေါ်လာမယ်လို့ ယုံကြည်ပါတယ်” ဟု ဦးဘရန်ဒီးက ဆိုသည်။

ဆက်လက်ပြီး ဇန်နဝါရီ ၂၀ ရက် နံနက်ပိုင်းတွင် ကားဖြင့် ထွက်သွားသည့် စစ်သည်များကို မြင်တွေ့သည့် ကောင်းခါးကျေးရွာမှ ဆိုင်ခမ်းက “မနက်ဆိုတာက မိုးမလင်းတလင်းအချိန်ပါ။ ကျမက အိမ်ထရံကြားထဲကနေပဲ ချောင်းကြည့်လိုက်တာ။ တပ်သားတဦးက သူရဲ့ စစ်သားတွေကို ကားပေါ်မြန်မြန်တက်ဖို့ အော်နေတယ်။ ပြီးတော့ ကားမောင်းထွက်သွားတယ်” ဟု ပြောသည်။

အခင်းဖြစ်ပွားရာသို့ သွားရောက် ကြည့်ရှုခဲ့သည့် မုံးပေါ် ကချင်အမျိုးသမီးများကွန်ရက်မှ ဒေါ်အက်စတာက “ ကျမ ရောက်ရောက်သွားချင်းမှာ ဆရာမ ၂ ဦးက ရုပ်ပျက်ဆင်းပျက်ပဲ။ အဲဒီနေရာမှာ စစ်ဖိနပ်ရာတွေ တွေ့ရတယ်။ နေ့လည် ၁ နာရီမှာ စစ်တပ်က ရောက်လာပြီး ရွာသားတွေ ဖုန်းနဲ့ ဓာတ်ပုံရိုက်ထားတာတွေ ဖျက်ခိုင်းတယ်။ ဆရာမတွေရဲ့ ဆံပင်ကို ကြွပ်ကြွပ်အိတ်ထဲ ထည့်သွားတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဆရာမ ခေါန်နန်းစင်  မိခင် ဒေါ်လုဘူက “အခုလိုမျိုး ကလေး ၂ ယောက် ရက်စက်စွာ သတ်ဖြတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အခုအချိန်အထိ တရားမျှတမှု မပေါ်နိုင်သေးတဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒီအပေါ်မှာ ကျမတို့ မိသားစု အရမ်းဝမ်းနည်းဖွယ်ရာ ဖြစ်ပါတယ်” ဟု ပြောသည်။

ဇန်နဝါရီလ ၂၆ ရက်နေ့က ကချင်ဆရာမများအတွက် ဝတ်ပြု ဆုတောင်းပွဲ ပြုလုပ်နေစဉ် ခမရ (၅၀၃) မှ ဗျူဟာမှူးနှင့် စစ်ကြောင်းမှူးတို့ ကိုယ်တိုင်လာရောက်၍ ကျန်ရစ်သူ မိသားစုများကို ငွေကျပ် သိန်း ၅၀ ဝန်းကျင် လာရောက် ပေးအပ်သော်လည်း ကျန်ရစ်သူ မိသားစုဆွေမျိုးများက ထောက်ပံ့ငွေကို လက်မခံဘဲ ငြင်းပယ်ခဲ့သည်။

မြန်မာနိုင်ငံသည် ၁၉၉၇ ခုနစ်တွင် ကုလသမဂ္ဂ၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘောတူစာချုပ် (CEDAW) တွင် ပါဝင် လက်မှတ်ရေးထိုးထားသော်လည်း အမျိုးသမီး အခွင့်အရေး ကာကွယ်ပေးမှုများနှင့် ပတ်သက်ပြီး ဆောင်ရွက်နေမှုများသည် ထိရောက်မှု မရှိကြောင်း အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများက ဝေဖန်ပြောဆိုလျက် ရှိသည်။

သတင်းစာရှင်းလင်းပွဲ ဓာတ်ပုံများ ကြည့်ရှုရန်

Loading