ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့လယ် ဘုရင့်နောင် လမ်းမကြီးပေါ် စည်ပင်သာယာရုံး အနီးတွင် ယနေ့နံနက် ၇ နာရီခန့်က ကားဘေး ချင်း ယှဉ်၍ သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း မြဝတီမြို့မ ရဲစခန်းမှ သတင်းရရှိသည်။
မြဝတီမြို့တွင် နေထိုင်သော ကိုဦး(ခ) ဝင်းနိုင်ဦး ဆိုသူ မိသားစုနှင့်အတူ ကားမောင်းလာစဉ် နောက်မှလိုက်လာပြီး ဘေးချင်းယှဉ် ရပ် ၍ ပစ်ခတ် ခံရခြင်းဖြစ်ကြောင်း၊ ကားသည်လည်း အနီးရှိ ရွှေဒေါန(၂) ကရင်ရိုးရာ အထည်ဆိုင်အတွင်းသို့ ဝင်ရောက် တိုက်မိခဲ့ကြောင်း အမှုစစ် ရဲအရာရှိ ဒုရဲအုပ် ကျော်ကျော်ထွန်းက ဧရာဝတီသို့ ပြောသည်။
ဒုရဲအုပ် ကျော်ကျော်ထွန်းက “ဒီပစ်ခတ်မှုမှာ တရားခံကို မသိသေးဘူး၊ မျက်မြင်သက်သေတွေလည်း မရသေးဘူး၊ ကျနော်တို့ စစ်နေ တုန်းပဲရှိသေးတယ်”ဟု ပြောပြသည်။
ပစ်ခတ်မှုတွင် ကိုဝင်းနိုင်ဦး၏ လည်ပင်း ညာဘက်ကို ထိမှန်ခဲ့ခြင်းဖြစ်ပြီး မဲဆောက်ဆေးရုံတွင် တင်ပို့ကုသထား လျက်ရှိရာ ၎င်း အနေဖြင့် ဒဏ်ရာကြောင့် စကားမပြောနိုင်သေးကြောင်း သိရသည်။
အဆိုပါပစ်ခတ်မှုကို မြဝတီမြို့မရဲစခန်းက (ပ) ၁၀/၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၇ ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း မြဝတီမြို့မ ရဲစခန်းက ပြောသည်။
ထိုင်းနိုင်ငံနှင့် ထိစပ်နေသော မြဝတီမြို့သည် နယ်စပ်မြို့တမြို့ ဖြစ်ပြီး အစိုးရ တာဝန်ရှိ အဖွဲ့အစည်းများ အပါအဝင် လက်နက်ကိုင် အဖွဲ့များ၊ တရားမဝင် ကုန်ကူးသန်းသူများ ဝင်ထွက် သွားလာ လှုပ်ရှားလျက် ရှိသော ဒေသတခုလည်း ဖြစ်ကြောင်း သိရသည်။