ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ၏ သမက်ဖြစ်သူ ဗိုလ်မှူးချုပ်သိန်းနိုင်သည် တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ခန့််အပ်သည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ စာရင်း တွင်ပါဝင်လာသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖေဖော်ဝါရီလ ၁ ရက်နေ့စတင်မည့် NLD ကိုယ်စားလှယ်အများစုပါဝင်မည့် လွှတ်တော်အစည်းအဝေးများတွင် ပါဝင် တက်ရောက်မည့် တပ်မတော် ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို ဇန်နဝါရီလ ၁၈ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့ပြီး ယင်းစာရင်း တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဗိုလ်ချုပ်မှူးကြီး ဟောင်း ဦးသန်းရွှေ၏ သမီး ဒေါ်ခင်ပြုံးရွှေ၏ ခင်ပွန်းဖြစ်သူ တပ်မတော်လေမှ ဗိုလ်မှူးချုပ် သိန်းနိုင် ပါဝင်လာခြင်းဖြစ်သည်။
နိုင်ငံရေးလေ့လာ သုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ် ဖြစ်လာ သည့် ဗိုလ်မှူးချုပ်သိန်းနိုင်သည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဖြစ်လာနိုင်ခြေရှိပြီး အထူးသဖြင့် ဒေါ်အောင်ဆန်း စုကြည်နှင့် ဦးသန်းရွှေတွေ့ဆုံမှု၏ နောက်ဆက်တွဲ အဖြစ် စိတ်ဝင်စားမိကြောင်း သူ၏ လူမှု ကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။
“ဗိုလ်မှူးချုပ်သိန်းနိုင်ကို တပ်မတော်သား ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် အမည် စာရင်း တင် သွင်းရသည့်နောက်ကွယ်တွင် မည်သည့်သဘောတူညီချက်များရှိနေမည်ကို စိတ်ဝင် စား မိသည်။ အထူး သဖြင့် အာဏာရပါတီဖြစ်လာမည့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်နှင့် တပ်မတော်အကြား၊ လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့်ဗိုလ်ချုပ်မှူ းကြီးမင်းအောင်လှိုင်အကြား သဘောတူညီမှုများနှင့် ဆက်စပ်နေ မလား စဉ်းစားစရာဖြစ်သည်။ အကြောင်းမဲ့သက်သက်၊ ဗိုလ် မှူးချုပ်တဦး ကို ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်တွင် အမည်စာရင်းတင် သွင်းခြင်းမဖြစ်နိုင်သကဲ့သို့၊ လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီးနေရာအတွက် အမည် စာရင်း တင်သွင်းခြင်းလည်း ဖြစ်နိုင်ခြေနည်းပါးသည်ဟု သုံးသပ်ရမည်ဖြစ်သည်” ဟု ဒေါက်တာရန်မျိုးသိမ်း က သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခန့်အပ်လိုက်သော တပ်မတော်သား လွှတ်တော် ကိုယ်စား လှယ်များတွင် ဗိုလ်ချုပ် ၃ ဦးပါဝင်လာပြီး ဗိုလ်ချုပ်တောက်ထွန်းနှင့် ဗိုလ်ချုပ် သန်းထွတ် သိန်း တို့ကို တပ်မတော်သား ပြည်သူ့လွှတ်တော်းကိုယ်စာလှယ်ခေါင်းဆောင်အဖြစ် လည်းကောင်း၊ ဗိုလ်ချုပ် သန်းစိုးကို တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ခေါင်းဆောင် အဖြစ် လည်းကောင်း ခန့်အပ် ထားသည်။
တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ခေါင်းဆောင် ဗိုလ်ချုပ်တောက်ထွန်းနှင့် ဗိုလ်ချုပ် သန်းထွတ် သိန်း တို့သည် ယခင် ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် တပ်မတော်သား ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် အဖြစ်တာဝန်ထမ်းဆောင်ဖူးသူများဖြစ်ပြီး NLD လွှတ်တော်ကိုယ်စားလှယ် အများစု ပါဝင်မည့် ဒုတိယ အကြိမ် လွှတ်တော်သက်တမ်းတွင် ဗိုလ်ချုပ်အဖြစ် ရာထူးတိုးမြှင့်ခန့်အပ်ခံရသူများဖြစ်သည်။ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်ခေါင်းဆောင် ဗိုလ်ချုပ်သန်းစိုးမှာမူ ယခင်က လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးခြင်းမရှိပေ။
ဗိုလ်ချုပ်တောက်ထွန်းသည် အသက် ၅၄ နှစ် အရွယ်ရှိပြီး တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အဖြစ် မခန့်အပ်ခံရခင် အမှတ် ၄ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းတွင် ကျောင်းအုပ်ကြီးတာဝန် ထမ်းဆောင်ခဲ့သည်။ ဗိုလ်ချုပ် သန်းထွတ်သိန်းသည်လည်း အသက် ၅၄ နှစ်အရွယ်ရှိပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အဖြစ် မခန့်အပ်ခံရခင်အထိ တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံးတွင် ဌာနကြီးမှူး(စီမံ/အုပ်ချုပ်)အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
အများစုသော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များမှာ ယခင် ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် လွှတ်တော် အမတ်အဖြစ် တာဝန်ထမ်းဆာင်ခဲ့ဖူးသူများဖြစ်ကြသည်။
ဒုတိယအကြိမ် လွှတ်တော်သစ်အတွက် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များခန့်အပ်ရာတွင် ဗိုလ်ချုပ် အဆင့်အထိ ထိပ်တန်းခေါင်းဆောင်များကို ခန့်အပ် တာဝန်ပေးခြင်းသည် NLD လွှတ်တော်ကိုယ်စားလှယ်များ ဆောင်ရွက်မည့် ဥပဒေပြု လုပ်ငန်းများကို တပ်မတော်အနေဖြင့် သတိထားစောင့်ကြည့်မည် သဘော သက်ရောက်သည်ဟု နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်သည်။
ဒုတိယအကြိမ် လွှတ်တော်သစ်တွင် အများဆုံး အနိုင်ရရှိထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကမူ ဗိုလ်ချုပ် မှူးကြီးဟောင်းဦးသန်းရွှေ၏ သမက် ဖြစ်သူ ဗိုလ်မှူးချုပ်သိန်းနိုင် လွှတ်တော်ကိုယ်စားလှယ် အဖြစ် ပါဝင် လာခြင်း နှင့် ဗိုလ်ချုပ်အဆင့် အရာရှိများကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် ခန့်အပ် တာဝန်ပေးခြင်း အပေါ် မှတ်ချက်မပေး လိုဟု ပြောဆိုသည်။
“ကျနော်တို့ကတော့ ဘာမှတ်ချက်မှ မပေးချင်ဘူး။ ဒါက လုပ်ရိုးလုပ်စဉ် လား၊ ဘယ်လိုသဘောရှိလဲ ဆိုတာကို မှတ်ချက်မပေးချင်ပါဘူး။ ပါတီအနေနဲ့လည်း ဘာမှ မှတ်ချက်ပေးစရာမရှိပါဘူး” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင် ဦးညီပုက ဧရာဝတီသို့ သုံးသပ်ပြောဆိုသည်။
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များသည် ၂၀၀၈ ဖွဲ့စည်းအခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်များတွင် ၂၅ ရာခိုင်နှုန်းပါဝင်ခွင့်ရရှိထားပြီး အရေအတွက်အားဖြင့် တပ်မတော်သားလွှွတ်တော်ကိုယ်စားလှယ် ၃၇၆ ဦးရှိသည်။