၂၀၁၅ ခုနှစ်၏ ကမ္ဘာ့အကောင်းဆုံးနှင့် အအောင်မြင်ဆုံး ကုမ္ပဏီ ၁၀၀ ရွေးချယ်ရာ၌ မြန်မာနိုင်ငံမှ ပုဂ္ဂလိက ဘဏ်ကြီးတခုဖြစ်သည့် ကမ္ဘောဇဘဏ်(KBZ)လည်း ရွေးချယ်ခံရကြောင်း လန်ဒန်အခြေစိုက် ကမ္ဘာ့ဘဏ္ဍာရေး အဖွဲ့ကြီး (World Finance) ၏ ဇန်နဝါရီလ ၁၈ ရက်နေ့ကထုတ်ပြန်လိုက်သည်။
World Finance 100 (2015) အတွက် ကမ္ဘောဇဘဏ်(KBZ) ကို ရွေးချယ်ရသည့်အကြောင်းမှာ “၂၀၁၅ ခုနှစ် အတွင်း မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ တိုးတက်ပြောင်းလဲမှုနှင့်အညီ ဘဏ်ခွဲများကိုနိုင်ငံနှင့် တဝှမ်း တိုးချဲ့ဆောင်ရွက်နိုင်မှု၊ ဘဏ်လုပ်ငန်းဆိုင်ရာနှင့် အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှုဆိုင်ရာ အထူးကောင်းမွန်ပြီး ပွင့်လင်းမြင်သာမှု၊ နိုင်ငံစီးပွားရေး တိုးတက်ဖွံဖြိုးမှုတွင် အဓိက အခန်းကဏ္ဍမှ ထောက်ကူပေးသည့် အပြင် ၄နှစ်ဆက်တိုက် ပထမနေရာမှ ဝင်ငွေခွန်အများဆုံး ပေးဆောင်ထားနိုင်မှု၊ ဒေသတွင်းနှင့် နိုင်ငံတကာ စီးပွားရေးအဖွဲ့များနှင့် ချိတ်ဆက်ပူးပေါင်းနိုင်မှု၊ ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးတွင် အများဆုံးလှူဒါန်းမှုတို့ကြောင့် ဖြစ်ကြောင်းလည်း သိရသည်။
ရွေးချယ်ခံရသည့် ကမ္ဘာ့အကောင်းဆုံးနှင့် အအောင်မြင်ဆုံး ကုမ္ပဏီ ၁၀၀ စာရင်းကို လာမည့် ဇန်နဝါရီ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ ဒါးဗိုစ်မြို့တွင် ကျင်းပမည့် World Economic Forum ၌ တက်ရောက်လာမည့် ဒေသတွင်းနှင့် နိုင်ငံတကာ ခေါင်းဆောင်များအပါအဝင် စီးပွားရေးလုပ်ငန်းရှင်များ၊ စီးပွားရေး ကုမ္ပဏီကြီးများမှ အမှုဆောင်အရာရှိချုပ်များနှင့် စီးပွားရေးလုပ်ငန်းရှင်းများ သိရှိစေရန် ထုတ်ပြန်ခြင်း ဖြစ်သည်။
World Finance 100 (2015) တွင် ရွေးချယ်ခံရသည့် ကုမ္ပဏီများတွင် အမေရိကန်မှ Apple IT ကုမ္ပဏီ၊ အင်္ဂလန်မှ Barclays ဘဏ်၊ ဂျာမနီနိုင်ငံမှ BMW ကုမ္ပဏီ၊ ပြင်သစ်မှ BNP Paribas ဘဏ်၊ UAE နိုင်ငံမှ Emirates လေကြောင်းလိုင်းနှင့် ကာတာအမျိုးသားဘဏ် (QNB)၊ သြစတြေးလျ နိုင်ငံမှ ANZ ဘဏ်၊ ဂျပန်နိုင်ငံမှ တိုယိုတာကုမ္ပဏီ၊ ဟောင်ကောင်မှ HSBC ဘဏ်၊ တရုတ်နိုင်ငံမှ Sinopec စွမ်းအင်ကုမ္ပဏီ နှင့် စင်ကာပူနိုင်ငံ Singtel ကုမ္ပဏီတို့လည်း ပါဝင်သည်။