ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) တို့အကြား ဇန်နဝါရီလ ၁၇ ရက်မှ စတင်၍ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။
တိုက်ပွဲများသည် ရှမ်းပြည်နယ် ကျောက်မဲ၊ သီပေါ၊ နမ့်ဆန် မြို့နယ်များတွင် ဖြစ်ပွားနေပြီး ထိုတိုက်ပွဲများကြောင့် TNLA ဘက်မှ ၂ ဦး ကျဆုံး၍ ၃ ဦး ဒဏ်ရာ ရရှိကြောင်းTNLA ၏ ပြန်ကြားရေးတာဝန်ခံ မိုင်းအိုက်ကျော်က ဧရာဝတီကို ပြောသည်။
“တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာက နယ်မြေကျူးကျော်လာတဲ့အတွက် ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်ကြတာပါ။ RCSS အဖွဲ့က သူတို့ရဲ့ မူလနယ်တောင်ပိုင်းကို ပြန်သွားရင်တော့ တိုက်ပွဲတွေ မဖြစ်တော့ပါဘူး”ဟု မိုင်းအိုက်ကျော်က ပြောဆိုသည်။
လက်ရှိဖြစ်ပွားနေသည့် နယ်မြေများသည် RCSS/SSA အဖွဲ့၏ ထိန်းချုပ်ရာနယ်မြေများ မဟုတ်ကြောင်း၊ RCSS/SSA အဖွဲ့သည် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးပြီးနောက်ပိုင်း နယ်မြေချဲ့ထွင်မှုများ လုပ်ဆောင်လာသည့်အပြင် တပ်ဖွဲ့ဝင်အင်အား ၁၀၀၀ ဝန်းကျင်အထိ အင်အား ဖြည့်တင်းထားသည်ကို သိရှိရကြောင်းလည်း ၎င်းက ဆက်ပြောသည်။
ထို့အပြင် NCA လက်မှတ်ရေးထိုးပြီး နောက်ပိုင်းတွင် အစိုးရတပ်မတော်က RCSS/SSA ဘက်မှ ပါဝင်ကူညီ တိုက်ခိုက်ပေးမှုများ ရှိနေသည်ဟု မိုင်းအိုက်ကျော်က ဆိုသည်။
RCSS/SSA အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ပြောခွင့်ရပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီး စိုင်းမိဏ်းက ၎င်းတို့အဖွဲ့အနေဖြင့် TNLA အဖွဲ့အပေါ် စတင်ပြီး တိုက်ခိုက်မှု တကြိမ်တခါမှ လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်းနှင့် ၎င်းတို့တပ်ဖွဲ့ဝင်များ၏ သွားလာလှုပ်ရှားမှုများကို TNLA အဖွဲ့က ခြုံခို တိုက်ခိုက်မှုများကြောင့်သာ ပြန်လည်ခုခံ တိုက်ခိုက်ရင်း တိုက်ပွဲများ ဖြစ်ပွားရခြင်း ဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။
“ပထမဆုံး စဖြစ်တာက ကျနော်တို့ စစ်ကြောင်းတွေ ဌာနချုပ်ကနေ မြောက်ပိုင်းအုပ်ချုပ်ရေးနယ်မြေကို ပြန်တဲ့အခါ သူတို့က ခြုံခို တိုက်ခိုက်တာက စတာပါ။ ဘာကြောင့် စတိုက်တာလည်း ဆိုတာကိုတော့ ကျနော်တို့လည်း နားမလည်နိုင်ဘူး”ဟု ဒုဗိုလ်မှူးကြီး စိုင်းမိဏ်းက ဆိုသည်။
ထို့အတူ TNLA အဖွဲ့က ပြောဆိုနေသကဲ့သို့ အစိုးရတပ်မတော်က RCSS/SSA အဖွဲ့ဘက်မှ ပါဝင်ကူညီ တိုက်ခိုက်ပေးသည် ဆိုသည် မှာ လည်း စွပ်စွဲပြောဆိုမှု တခုသာဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
လက်ရှိတိုက်ပွဲ ဖြစ်ပွားနေသည့်နယ်မြေသည် ရှမ်းနီ အမျိုးသား တပ်မတော် (SSNA) ယခင်က လှုပ်ရှားခဲ့သည့် နယ်မြေများဖြစ်ကြောင်းနှင့် SSNA အဖွဲ့ဝင် တချို့သည် ၎င်းတို့တပ်ဖွဲ့နှင့် လာရောက်ပူးပေါင်းပြီး နောက်ပိုင်းတွင် ထိုနယ်မြေ၌ RCSS အဖွဲ့ဝင်တချို့၏ သွားလာလှုပ်ရှားမှုများ ရှိလာကြောင်း ဒုဗိုလ်မှူးကြီးစိုင်းမိဏ်းက ပြောဆိုသည်။
TNLA နှင့် RCSS/SSA က ၎င်းတို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်စဲရေးကို လိုလားနေကြသော်လည်း တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် အပြန်အလှန် ကမ်းလှမ်းမှု မရှိသေးကြောင်း နှစ်ဖက်စလုံးက ပြောဆိုကြသည်။
TNLA နှင့် RCSS/SSA တို့အကြား တိုက်ပွဲများသည် ၂၀၁၅ ခုနှစ် နှောင်းပိုင်းမှ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
၎င်းတို့နှစ်ဖွဲ့အကြား တိုက်ပွဲများ ရပ်စဲရေးအတွက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)အဖွဲ့က မကြာသေးခင်က ကြားဝင်ညှိနှိုင်းပေးခဲ့သည့်တိုင် ယနေ့အထိ တိုက်ပွဲများ ရပ်တန့်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။