တရားဥပဒေ စိုးမိုးရေးဆိုတာကို အင်္ဂလိပ်ဘာသာစကားနဲ့ ပြီးခဲ့တဲ့ အပိုင်း (၁) မှာ အဓိပ္ပါယ် ဖွင့်ဆိုခဲ့ပြပါပြီ။ ဒါပေမယ့် တခြား အလားတူ စကားလုံးတွေနဲ့ မတူတာက အင်္ဂလိပ်အဓိပ္ပါယ် တရားဥပဒေ စိုးမိုးရေးက တရားရုံးတွေကိုပဲ တိုက်ရိုက်ရည်ညွန်း ကိုးကားပါတယ်။ တရားရုံးတွေက လွဲပြီးတော့ တခြားနိုင်ငံတော် အေဂျင်စီတွေကို ရည်ညွှန်းကိုးကားတာတွေ မလုပ်ဆောင်ပါ။ တိုင်းပြည်တွေ အများကြီး ရှိတဲ့အထဲမှာ အသီးသီးစီက ကိုယ်ပိုင်အစဉ်အလာတွေ ရှိနေတာကြောင့် အဲဒီလိုဖြစ်နေရတာကလည်း အံ့သြစရာတော့မဟုတ်ပါ။ အစဉ်အလာတွေ ဆိုတဲ့နေရာမှာ အမေရိကန်ပြည်ထောင်စု နိုင်ငံရေးသမိုင်းမှာ တရားရုံးတွေ ပါဝင်အသုံးတော်ခံခဲ့တဲ့ ခိုင်ခိုင်မာမာ အခန်းကဏ္ဍလည်း ပါဝင်ပါတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်နေပါစေ နိုင်ငံတော် ယန္တရားတခုလုံးနဲ့ ဌာနတွေက တရားဥပဒေစိုးမိုးရေးကို လေးစားလိုက်နာရမှာပါပဲ။
ဒါ့အပြင် များပြားစုံလင်လှတဲ့ လူမှုဆက်ဆံရေးတွေကို ထူးခြားထင်ရှားလာအောင်၊ တည်ငြိမ်လာအောင်နဲ့ စည်းစနစ်ကျအောင် တရားရေးစနစ်က လုပ်ဆောင်ပေးရမယ်ဆိုရင် တရားဥပဒေစိုးမိုးရေးကို ချို့ယွင်းအားနည်းသွားစေပါပြီ။ နိုင်ငံတော်ဌာနတွေ အဖွဲ့အစည်းတွေ ဒါမှမဟုတ် ပုဂ္ဂလအဖွဲ့အစည်းနဲ့ လူတွေက ဥပဒေကို ချိုးဖောက်ပေမယ့် အပြစ်ပေး အရေးယူမခံရဘူးဆိုရင်လည်း တရားဥပဒေ စိုးမိုးရေးက ချို့ယွင်းအားနည်းသွားတော့မှာပါ။ နိုင်ငံတော်ဌာနတွေ အဖွဲ့အစည်းတွေက ဥပဒေနဲ့ မကိုက်ညီတဲ့ လုပ်ဆောင်မှုတွေကို သူတို့ဖာသာ လုပ်ဆောင်သည်ဖြစ်စေ၊ အဲဒီလိုလုပ်ဆောင်ဖို့ ပုဂ္ဂလအဖွဲ့အစည်းနဲ့ လူတွေကို လုပ်ပိုင်ခွင့် ပေးလိုက်သည်ဖြစ်စေ နစ်နာဆုံးရှုံးသူတွေကတော့ အတူတူပဲ ခံစားရမှာဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးမှု အာနိသင် နည်းပါးသွားအောင် လုပ်ရာမှာလည်း အတူတူပဲ ဖြစ်ပါလိမ့်မယ်။
အဲဒီအယူအဆနဲ့အတူ တပါတည်း တွဲပါလာတာက ဒီမိုကရေစီ သဘောတရားနဲ့ ဆက်စပ်ဆွေးနွေးလိုက်ရင် တရားဥပဒေစိုးမိုးရေး ဆိုတာက တရားရေးစနစ်ရဲ့ ယေဘုယျ စရိုက်လက္ခဏာတခု၊ တရားရုံးတွေရဲ့ စွမ်းဆောင်မှုတခုလို့သာ မမြင်သင့်ဘဲ ဒီမိုကရက်တစ် နိုင်ငံတော်တခုရဲ့ အခြေခံတရားရေး စည်းမျဉ်းစည်းကမ်း အဖြစ်လို့ပါ ထင်မြင်ယူဆသင့်ပါတယ်။ အဓိကစည်းမျဉ်းစည်းကမ်း တစ်ခုဖြစ်တယ်လို့ပါ ထင်မြင်ယူဆနိုင်ပါတယ်။ ဒါဆိုရင် ဒီမိုကရေစီနဲ့ ကိုက်ညီနေတဲ့ တရားရေးစနစ် ရှိနေပြီဆိုတာကို သိနားလည်မှု ၃ ခုနဲ့ပြောနိုင်ပါပြီ။
(၁) နိုင်ငံရေးနယ်ပယ် အခွင့်အရေးတွေနဲ့ လွတ်လပ်မှုတွေ၊ ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေးစနစ်တခုဖြစ်စေမယ့် အာမခံချက်တွေကို ထိန်းသိမ်းပေးပါတယ်။ (၂) ပြည်သူပြည်သားတွေ အားလုံးရဲ့ နိုင်ငံသား အခွင့်အရေးတွေကိုလည်း ထိန်းသိမ်းပေးပါတယ်။ (၃) တာဝန်နဲ့ တာဝန်ခံမှု ကွန်ရက်တွေကို ထူထောင်ပေးပါတယ်။ အဲဒီလို ထူထောင်ပေးတာကြောင့် အဆင့်အမြင့်ဆုံး အစိုးရအရာရှိတွေ အပါအဝင် အစိုးရနဲ့ ပုဂ္ဂလိက အဖွဲ့အစည်းတွေ လူသားတွေကလည်း တရားဥပေဒနည်းကျ သတ်မှတ်ရေးဆွဲထားတဲ့ ထိန်းချုပ်မှုတွေကို လိုက်နာရပါတော့တယ်။ အဆိုပါ ထိန်းချုပ်မှုတွေဆိုတာက သူတို့ရဲ့ လုပ်ရပ်တွေမှာ တရားဥပဒေနဲ့ ကိုက်ညီခြင်းရှိအောင်လည်း တည့်မတ်ပေးပါတယ်။ အဲဒီအခြင်းအရာ ၃ ခုကိုသာ ဖြည့််ဆည်းနိုင်မယ် ဆိုရင်တော့ တိုင်းပြည်တခုက တရားဥပဒေ အသုံးပြု အုပ်ချုပ်ခံရရုံမျှသာ မဟုတ်တော့ဘဲ ဒါမှမဟုတ် တရားဥပဒေစိုးမိုးမှုကို ပြဌာန်းတဲ့ တိုင်းပြည်အဖြစ်သာ မဟုတ်တော့ဘဲ ဒီမိုကရေစီနည်းကျ တရားဥပေဒစိုးမိုးမှုကို ပြဌာန်းတဲ့ တိုင်းပြည်အဖြစ်ကိုပါ ရောက်သွားနိုင်ပါတယ်။ ဒီမိုကရေစီနည်းကျ တရားဥပေဒစိုးမိုးမှု ဆိုပါတော့။
တရားရေးစနစ်အပြင် တခြားနိုင်ငံတော် အင်စတီကျူးရှင်းတွေလည်း ရှိနေကြသေးပြီး သူတို့က ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေးစနစ်နဲ့ တိုက်ရိုက် ဆက်သွယ်နေပါတယ်။ ဒါကြောင့်မို့ တရားရေးစနစ်ဆိုတာ ဥပဒေ စည်းမျဉ်းစည်းကမ်း အစုအဝေးမျှသာ မဟုတ်သေးဘဲ စနစ်တခုလို့ မှန်မှန်ကန်ကန် ခေါ်ဆိုသင့်ပါတယ်။ အဲဒီစနစ်ထဲမှာ ဥပဒေ စည်းမျဉ်းစည်းကမ်းတွေက တရားဥပဒေနည်းကျ ထိန်းကွပ်ထားတဲ့ နိုင်ငံတော် အင်စတီကျူးရှင်းတွေနဲ့ စပ်ယှက်နေပါတယ်။ ဒါကြောင့်မို့ ဒီမိုကရေစီနည်းကျ တရားရေးစနစ်ဆိုတာ အဓိကစရိုက်လက္ခဏာ ၂ မျိုးပေါင်းစပ်ထားတဲ့ အုပ်စုထဲမှာ ပါဝင်ပါတယ်။
ပထမ၊ ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေးစနစ်တခုမှာ တွဲဖက်တည်ရှိနေတဲ့ အခွင့်အရေးတွေကို ၎င်းတရားရေးစနစ်က ပြဌာန်းပေး၊ ထောက်ခံပေးထားပါတယ်။ ဒုတိယ၊ နိုင်ငံတော် (လူ့အဖွဲ့အစည်း) အတွင်းမှာ ရှိနေတဲ့ အရာရှိတွေနဲ့ အင်စတီကျူးရှင်းတွေက တရားဥပေဒကို လေးစား လိုက်နာလာအောင်လည်း လုပ်ဆောင်ပေးပါတယ်။ ဆိုလိုတာကတော့ တရားဥပဒေအထက် ဘယ်သူမှ မရှိစေရဘူးဆိုတဲ့ သဘောပါ။ ဒီမိုကရေစီနည်းကျ တရားဥပဒေစိုးမိုးမှုမှာတော့ လူတိုင်းလူတိုင်းက တခုဒါမှမဟုတ် တခုထက်ပိုတဲ့ အင်စတီကျူးရှင်းတွေမှာ ရှိနေတဲ့ ဥပဒေကြောင်းအရ လုပ်ပိုင်ခွင့်ကို နာခံရပါတယ်။ တရားဥပဒေအထက်မှာ ဘယ်သူမှ မရှိသလို၊ ဥပဒေ စည်းမျဉ်းစည်းကမ်းတွေ အလွန်မှာလည်း ဘယ်သူမှ ရောက်မနေဘူးလို့ ယူဆထားတဲ့ အနေအထားမှာ အဆုံးသတ်သွားတာပါ။ ဒါကြောင့်မို့ အဲဒီစရိုက်လက္ခဏာက နိုင်ငံရေးနဲ့ တခြား အခွင့်အရေးတွေကို အကာကွယ်ပေးခြင်းနဲ့ (အစောပိုင်းမှာ ပြောခဲ့သလို လစ်ဘရယ် အခြေခံဥပဒေဝါဒနဲ့) နီးနီးကပ်ကပ် ချိတ်ဆက်နေပါတယ်။ တရားဥပဒေကို အားလုံးက နာခံရတယ်ဆိုတဲ့ အထိန်းအကွပ်မျိုးသာ မရှိရင် အပြင်းထန်ဆုံး အတိုင်းအတာနဲ့ ထိန်းချုပ်မရနိုင်တဲ့ အာဏာတခု ဒါမှမဟုတ် အာဏာတွေ ပေါ်ပေါက်လာပြီး အခွင့်အရေးတွေကို ကန့်သတ်တာ ဒါမှမဟုတ် လုယူသွားတာမျိုး လုပ်လာပါလိမ့်မယ်။
ဒီမိုကရေစီ နိုင်ငံတခုမှာဆိုရင် အုပ်ချုပ်သူတွေက တာဝန်ခံမှု ၃ မျိုးကို လုပ်ဆောင်ရမှာပါ။ ပထမ၊ အထက်အောက် တာဝန်ခံမှုပါ။ တရားမျှတပြီး အင်စတီကျူးရှင်းပုံစံဝင်အောင် လုပ်ဆောင်ထားတဲ့ ရွေးကောက်ပွဲတွေကနေ တဆင့် နိုင်ငံသားတွေက အစိုးရဖြစ်လာမယ့် နိုင်ငံရေးပါတီနဲ့ လူပုဂ္ဂိုလ်တွေကို ရွေးချယ်ပြောင်းလဲနိုင်ခြင်းအားဖြင့် အဆိုပါတာဝန်ခံမှုက ရလဒ်အဖြစ် ပေါ်ထွက်လာပါတယ်။ အထက်အောက် တာဝန်ခံမှု နောက်တမျိုးကတော့ လူ့အဖွဲ့အစည်း ကိုယ်တိုင်နဲ့ သက်ဆိုင်ပါတယ်။ နိုင်ငံတော်နဲ့ အစိုးရအပေါ် တောင်းဆိုမှုတွေ လုပ်ဆောင်ဖို့ တရားရေးစနစ်ကို တပ်လှန့်အသုံးပြုဖို့ ကြိုးစားတဲ့ လူတယောက်ချင်း ဒါမှမဟုတ် လူအုပ်စုတွေက ကျင့်သုံးကြတာလည်း ဖြစ်ပါတယ်။ အဲဒီအစိုးရနဲ့ နိုင်ငံတော်ဆိုတာက အစိုးရအရာရှိတွေ ကျူးလွန်တဲ့ (တာဝန်မယူမှုတွေအတွက်) ဥပဒေမဲ့ မတရားမှုတွေကို ကာကွယ်ဟန့်တား၊ (မတရားမှုကြောင့် ဖြစ်ပေါ်လာတာအတွက်) နစ်နာကြေးပေး၊ ဒါမှမဟုတ် အပြစ်ပေးအရေးယူနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ အပြန်အလှန် တာဝန်ခံမှုလို့ ခေါ်ဆိုနိုင်မယ့် တတိယတမျိုးလည်း ရှိပါသေးတယ်။ ၎င်းကတော့ အစိုးရအရာရှိတွေရဲ့ တရားလက်လွတ်ပြုမူမှုတွေ (တာဝန်ပျက်ကွက်မှုတွေ) ဒါမှမဟုတ် တရားလက်လွတ်ပြုမူမှုလို့ ယူဆရတာတွေကို ကာကွယ်ဟန့်တား၊ (မတရားမှုကြောင့် ဖြစ်ပေါ်လာတာအတွက်) နစ်နာကြေးပေး၊ ဒါမှမဟုတ် အပြစ်ပေးအရေးယူနိုင်ဖို့ တော်တဲ့မှန်ကန်စွာ လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းထားတဲ့ နိုင်ငံတော် အင်တီကျူးရှင်းတွေက အဲဒီလိုလုပ်ဆောင်တဲ့အခါ ပေါ်ထွက်လာတဲ့ ရလဒ်မျိုးပါ။
ဒါပေမယ့် တခုမှတ်သားရမှာက အဆိုပါမတူညီတဲ့ တာဝန်ခံမှု ၃ မျိုးကတခုနဲ့ တခုကွာခြားကြပြီး အဲဒီလိုကွာခြားတာက အရေးလည်း ကြီးပါတယ်။ အထက်အောက် တာဝန်ခံမှု ဒါမှမဟုတ် ရွေးကောက်ပွဲဆိုင်ရာ တာဝန်ခံမှုက အဓိပ္ပါယ် ဖွင့်ဆိုချက်အရကို ဒီမိုကရေစီနိုင်ငံတိုင်းမှာ ရှိရပါမယ်။ လူ့အဖွဲ့အစည်းအလိုက် ကျင့်သုံးနေကြတဲ့ တာဝန်ခံမှုတွေရော၊ အပြန်အလှန် တာဝန်ခံမှုတွေရော ၂ ခုလုံးရဲ့ ပြင်းအားအနည်းအများနဲ့ ထိရောက်မှု အတိုင်းအတာက ဖြစ်ရပ်တွေနဲ့ ခေတ်ကာလအပေါ် မူတည်ပြီး ပြောင်းလဲသွားပါတယ်။ ဒီမိုကရေစီ အရည်အသွေးကို အကဲဖြတ် ချင့်တွက်ဖို့ ကြိုးစားရာမှာ ဒီပြောင်းလဲမှုတွေက အရေးကြီးပါတယ်။ အားကောင်းမောင်းသန် စွမ်းဆောင်လုပ်ကိုင်နေနိုင်တဲ့ အရပ်ဖက် အဖွဲ့အစည်းမရှိတာ ဒါမှမဟုတ်၊ တခြား အင်စတီကျူးရှင်းတွေ (အထူးသဖြင့် ရွေးကောက်ခံအရာရှိတွေ) အပေါ်ကို ထိန်းကျောင်းနိုင်ဖို့ လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းထားပေမယ့် လုပ်ကိုင်ဖို့ စိတ်ဆန္ဒမရှိ ဒါမှမဟုတ် လုပ်ကိုင်နိုင်စွမ်းမရှိတဲ့ နိုင်ငံတော် အင်စတီကျူးရှင်းတွေ ရှိနေတာကလည်း ဒီမိုကရေစီ အရည်အသွေး နိမ့်ကျနေခြင်းရဲ့ ထင်ထင်ရှားရှား အမှတ်လက္ခဏာတွပါပဲ။
နောက်ထပ် အရေးကြီးတဲ့ တိုင်းတာမှု တခုကတော့ လူမှုဆက်ဆံရေးတွေမှာ စည်းစနစ်တကျ ဖြစ်သွားအောင် တရားရေးစနစ်က လုပ်ပေးနိုင်ခြင်းပါ။ စနစ်အတွင်း ထည့်သွင်းဖွဲ့စည်းထားတဲ့ အစိတ်အပိုင်းတွေကြား အပြန်အလှန် ဆောင်ရွက်ခြင်းဆိုတဲ့ လုပ်ဆောင်မှုလည်း ဖြစ်ပါတယ်။ “အင်စတီကျူးရှင်းတွေ တခုနဲ့တခုအကြား ပူးပေါင်းဆောင်ရွက်” တယ်လို့ ခေါ်ဆိုနိုင်တဲ့ အဆင့်တခုလည်း ရှိပါတယ်။ အဲဒီအဆင့်မှာဆိုရင် တရားသူကြီးတယောက်က ရာဇဝတ်မှုခင်းတခုနဲ့ ပတ်သက်ပြီး ကိုင်တွယ်နေရတယ် ဆိုပါစို့။ အဆင့်မြင့်တရားရုံးတွေနဲ့ အကျဉ်းထောင်တွေအပြင် ရဲအရာရှိတွေ၊ အစိုးရရှေ့နေတွေ၊ တရားခံရှေ့နေတွေ စသဖြင့် သက်ဆိုင်ရာ လူပုဂ္ဂိုလ်တွေက ပူးပေါင်းဆောင်ရွက်တာ မရှိဘူးဆိုရင် အမှုကို ကိုင်တွယ် ဆောင်ရွက်နေတဲ့ တရားသူကြီးရဲ့ လုပ်ပိုင်ခွင့်အာဏာ ဆိုတာလည်း ရှိလာနိုင်တော့မယ်မဟုတ်ပါ။
အပြန်အလှန်တာဝန်ခံမှု အနေအထားကနေ ပြောရမယ်ဆိုရင်တော့ နိုင်ငံတော် အင်စတီကျူးရှင်းတွေ ဒါမှမဟုတ် အရာရှိတွေရဲ့ လုပ်ဆောင်မှုတွေက တရားဥပဒေနဲ့ အညီဖြစ်အောင် ထိန်းချုပ်နေတဲ့ ဥပဒေကြောင်းဆိုင်ရာ အထိန်းအကွပ်တွေကနေ လွတ်မြောက်နိုင်မယ် မဟုတ်ပါ။ တတိယ (နယ်မြေ အနေအထားကနေ ပြောရရင်)၊ နိုင်ငံတော်ရဲ့ ဆုံးဖြတ်ချမှတ်တာကို ခံရတဲ့ နယ်ပယ်တလွှားမှာ တရားရေးစနစ်က တပြေးညီ ဖြန့်ကျက်နေနိုင်ရပါမယ်။ ဆိုလိုတာကတော့ ဥပဒေ အမိန့်စာချွန်တွေ မရောက်ရှိနိုင်တဲ့နေရာ မရှိစေရပါ။ စတုတ္ထ (လူတန်းစားအလွှာ ကွာခြားမှုဆိုတဲ့ ရှုထောင့် အနေအထားကနေ ပြောရမယ် ဆိုရင်တော့)၊ သက်ဆိုင်သူတွေရဲ့ အဆင့်အတန်း၊ ကျား/မ၊ တိုင်းရင်းသားလူမျိုး ဒါမှမဟုတ် တခြား ဂုဏ်အရည်အချင်းတွေ ဘယ်လိုပဲ ကွာခြားနေပါစေ၊ တရားရေးစနစ်က အားလုံးကို တန်းတူညီမျှ ဆက်ဆံနိုင်ရပါမယ်။ နိုင်ငံရေးသိပ္ပံပညာရှင် ဟွမ်လင့်ဇ် နဲ့ အဲလ်ဖရက်စတီဖင် တို့ပြောတဲ့ “ထိရောက်သော နိုင်ငံတော်” ဆိုတာရှိပါတယ်။ အခုပြောခဲ့တဲ့ ရှုထောင့်တွေအားလုံးက အဆိုပါ “ထိရောက်သော နိုင်ငံတော်” ဆိုတာ ရှိနေရမယ်လို့ ယူဆထားပါတယ်။ ကျနော့်အမြင်အရဆိုရင်တော့ သင့်တော်လျောက်ပတ်တဲ့ တရားဥပဒေပြုရေး မဏ္ဍိုင်ကတင် အရေးကြီးတာ မဟုတ်သေးဘဲ ဒီမိုကရေစီနဲ့ ကိုက်ညီတဲ့ တရားရေးစနစ် ထိထိရောက်ရောက် ဖြစ်ပေါ်လာအောင် ပေါင်းစည်းပေးမယ့် နိုင်ငံတော် အင်စတီကျူးရှင်း ကွန်ရက်ကလည်း အရေးကြီးပါတယ်။ အဲဒီလိုမျိုး အားနည်းချက်က လက်တင် အမေရိကားနိုင်ငံတွေ အများစုရဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာ အကောင်းဆုံး စရိုက်လက္ခဏာ တခုလည်း ဖြစ်နေပါတယ်။
ဒီမိုကရေစီနဲ့ နိုင်ငံတော်ကြား အဆက်အစပ်ကို ပြောရရင်တော့ နိုင်ငံသားတွေကို အမျိုးမျိုးသော နိုင်ငံရေးအခွင့်အရေးတွေ ပေးအပ်လိုက်မယ်ဆိုရင် ဒီမိုကရေစီက သူတို့ကို အေးဂျင့်တွေအဖြစ် နားလည်သွားပြီဆိုတာ အရေးတကြီး မှတ်သားသင့်ပါတယ်။ ဒါ့အပြင် နိုင်ငံသားတွေဆိုတာလည်း လောကလုံး သဘောဆောင်တဲ့ အခြေခံပေါ်မှာ တရားဥပဒေနည်းကျ ပေးအပ်ထားတဲ့ စိတ်ကူးအခြေခံ အခွင့်အရေးတွေကို သယ်ဆောင်သူတွေ ဖြစ်ပါတယ်။ အမြင့်ဆုံး (အခြေခံဥပဒေကိုဆိုလို) စည်းမျဉ်းစည်းကမ်းတွေကနေ အစပြု တည်ဆောက်ထားတဲ့ တရားရေးစနစ်မှာ ပြောထားတာကတော့ (တရားမျှတတဲ့ ရွေးကောက်ပွဲတွေမှာ မဲပေးပြီး ဆုံးဖြတ်ချက်တွေ ချမှတ်ပေးနေတဲ့) နိုင်ငံသားတွေက လုပ်ပိုင်ခွင့်အာဏာရဲ့ အရင်းအမြစ်ပဲ ဖြစ်ပါတယ်။ လုပ်ပိုင်ခွင့်အာဏာ ဆိုတာကတော့ နိုင်ငံသားတွေ အပေါ်မှာကိုပဲ နိုင်ငံတော်နဲ့ အစိုးရကိုယ်တိုင်က ကျင့်သုံးနေတာ ဖြစ်ပါတယ်။ နိုင်ငံသားတွေဆိုတာ တချို့သော အခွင့်အရေးတွေကို လက်ဆင့်ကမ်း သယ်ဆောင်သူ သက်သက်ပဲတော့ မဟုတ်သေးပါ။ အုပ်ချုပ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ အခိုင်အမာ ပြောကြားချက်ရဲ့ မူလအစနဲ့ အဆိုပါပြောကြားချက်ကို တရားနည်းလမ်းကျအောင် ထောက်ခံပေးတာကိုလည်း သူတို့က လုပ်ဆောင်ပါတယ်။ ဒီမိုကရေစီနိုင်ငံတွေဆိုတာ အားလုံး မဖြစ်မနေ လိုက်နာရတဲ့ စုပေါင်းဆုံးဖြတ်ချက်တွေကို လုပ်ဆောင်ရပြီဆိုရင် အဲဒီအခိုင်အမာ ပြောကြားချက်ကိုပဲ မှီခိုအားထားရပါတယ်။ မျက်မှောက်ခေတ် ဒီမိုကရေစီမှာ ပြည်သူတွေကိုယ်တိုင်က အုပ်ချုပ်တာမျိုး မရှိသလောက်ပါပဲ။ ဒါပေမယ့် ပြည်သူတွေ ပါဝင်တဲ့ အုပ်ချုပ်ရေးစနစ်တော့ အသေအချာဖြစ်နိုင်ပြီး ပြည်သူတွေ အကျိုးအတွက် အုပ်ချုပ်တဲ့စနစ်လည်း ဖြစ်သင့်ပါတယ်။
လုပ်ပိုင်ခွင့်အာဏာတွေက ပြည်သူတွေဆီကနေ ဆင်းသက်လာတယ်ဆိုတာ ရွေးကောက်ခံအစိုးရ အရာရှိတွေနဲ့ ပတ်သက်ပြီး ပြောရင်လည်း မှန်ပါတယ်။ ဒီမိုကရေစီနိုင်ငံမှာ အစိုးရအရာရှိတွေက သူတို့ရဲ့ လုပ်ပိုင်ခွင့်အာဏာတွေကို တိုင်းပြည်ရဲ့ အမြင့်ဆုံး (ရွေးကောက်ခံ) အရာရှိတွေ ဆီကနေ ရယူနေရသရွေလည်း အဲဒီလိုပြောတာ မှန်ပါတယ်။ ဒါ့အပြင် အဆိုပါ အစိုးရအရာရှိတွေရဲ့ တာဝန်တွေနဲ့ လုပ်ပိုင်ခွင့်နယ်ပယ်ကိုလည်း တူညီတဲ့ တရားရေးစနစ်နဲ့ပဲ အဆုံးအဖြတ်ပေးပြီး အဆိုပါ တရားရေးစနစ်ကြောင့် ရွေးကောက်ခံဖြစ်စေ၊ ခန့်အပ်ခံရသည်ဖြစ်စေ အစိုးရအရာရှိတွေ အားလုံးက အပြန်အလှန် တာဝန်ခံမှုကို လိုက်နာရပါတယ်။ နောက်ဆုံးအနေနဲ့ ပြောရရင်၊ နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ နိုင်ငံသားတွေ (အရွယ်မရောက်သေးသူတွေနဲ့ နိုင်ငံခြားသားတွေ) အပါအဝင် အားလုံးကို ဥပဒေစည်းမျဉ်းစည်းကမ်းတွေက အေးဂျင့်အဖြစ် နားလည်သဘောပေါက်ထားပါတယ်။ အဆိုပါ ဥပဒေစည်းမျဉ်း စည်းကမ်းတွေကပဲ အရပ်ဖက်နဲ့ လူမှုဆက်ဆံရေးတွေကို ထိန်းကျောင်းပေးထားတာပါ။
ဒါကြောင့်မို့ လူပုဂ္ဂိုလ်တဦးတယောက်က အစိုးရ ဒါမှမဟုတ် နိုင်ငံတော်ရဲ့ စိတ်ကောင်းစေတနာကို အသနားခံတောင်းဆိုသူ မဟုတ်ပါဘူး။ အဲဒီလို ဖြစ်မယ်လို့လည်း မယူဆသင့်ပါဘူး။ လူပုဂ္ဂိုလ်တဦးတယောက် (နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ နိုင်ငံသားဖြစ်စေ မသက်ဆိုင်သူဖြစ်စေ၊ သူက နိုင်ငံသားနဲ့ လူမှုအခွင့်အရေးတွေကို လက်ဆင့်ကမ်း သယ်ဆောင်သူလည်းဖြစ် ဖော်ဆောင်သူလည်းဖြစ်) က သူ့ကို ရိုသေလေးစားမှု အပြည့်နဲ့ ထည့်သွင်းစဉ်းစားပေးဖို့၊ တခြားသူတွေ အားလုံးနဲ့ တန်းတူညီမျှ ဆက်ဆံဖို့ တရားဥပဒေအပေါ် အခြေခံပြီး တောင်းဆိုခွင့်ရှိပါတယ်။ ဒါ့အပြင် အဲဒီလို တန်းတူညီမျှ တပြေးညီဆက်ဆံမှုက ဥပဒေ စည်းမျဉ်းစည်းကမ်းတွေ ကျင့်သုံးခြင်းအပေါ်မှာ အခြေခံ တည်ဆောက်ထားရပါမယ်။ အဆိုပါ ဥပဒေ စည်းမျဉ်းစည်းကမ်းတွေက ရှင်းလင်းရပါမယ်၊ နိုင်ငံသားတွေအားလုံး နားလည်နိုင်စွမ်းရှိရပါမယ်၊ ဒီမိုကရေစီလုပ်ထုံးလုပ်နည်းတွေနဲ့ ကိုက်ညီအောင် ပြဌာန်း ချမှတ်ထားတာလည်း ဖြစ်ရပါမယ်။
အဲဒီ အခွင့်အရေးတွေကို နိုင်ငံတော် အင်စတီကျူးရှင်းတွေက ထိထိရောက်ရောက် အသိအမှတ်ပြုနေသရွေ့ အင်စတီကျူးရှင်း တွေကို ဒီမိုကရေစီနဲ့ ကိုက်ညီတယ်လို့ သတ်မှတ်ပါလိမ့်မယ်။ ဒါမှမဟုတ် ဒီမိုကရေစီစနစ်ကနေ ချမှတ်ပေးလိုက်တဲ့ တာဝန်တွေအတိုင်း တပြေးညီ လိုက်နာနေတယ်လို့ အနည်းဆုံးတော့ သတ်မှတ်ပေးပါလိမ့်မယ်။ ဟုတ်ပါတယ်၊ အဲဒီအပိုင်းက ဒီမိုကရေစီရဲ့ အခက်ခဲဆုံးအပိုင်းလို့ ပြောနိုင်ပါတယ်။ တရားမျှတတဲ့ ရွေးကောက်ပွဲတွေ၊ နိုင်ငံရေးရာ အခွင့်အရေးတွေကို ကျင့်သုံးမှုနဲ့ ပတ်သက်လာရင် နိုင်ငံသားတွေ အားလုံးက တန်းတူညီမျှမှုဆိုတဲ့ အနေအထားတခုမှာ ယေဘုယအားဖြင့် ရောက်နေကြပါတယ်။ ဒါပေမယ့် နိုင်ငံတော် အင်စတီကျူးရှင်းတွေနဲ့ ပတ်သက်လာရင်တော့ နိုင်ငံသားတွေ (နိုင်ငံသားဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ) က အခြေအနေအရ ဖြစ်ပေါ်လာတဲ့ တန်းတူညီမျှမရှိမှုခြင်း အခြေအနေထဲကို နက်နက်ရှိုင်းရှိုင်း ရောက်ရှိနေကြပါတယ်။ တရားဝင် စည်းမျဉ်းစည်းကမ်းတွေဖြစ်စေ၊ တရားဝင်မဟုတ်တဲ့ လုပ်ထုံးလုပ်နည်းတွေ အတိုင်းဖြစ်စေ လုပ်ဆောင်နေတဲ့ ဗျူရိုကရေစီစနစ်ကို နိုင်ငံသားတွေက ရင်ဆိုင်ရနိုင်ပါတယ်။ အဲဒီဗျူရိုကရေစီစနစ်မှာ ပွင့်လင်းမြင်သာမှုတွေ မရှိသလောက်နည်းပါးပါတယ်။ ဒါမှမဟုတ် သိသာထင်ရှားမှု မရှိသလောက်ပါပဲ။
ဒါ့ပေမယ့် နိုင်ငံသားတွေအတွက် အရေးကြီး အကျိုးဆက်တွေ ဖြစ်ပေါ်လာစေတဲ့ ဆုံးဖြတ်ချက်တွေ (ထိန်ချန်မှုတွေ) ကိုလည်း အဲဒီဗျူရိုကရေစီစနစ်က လုပ်ဆောင်ပါသေးတယ်။ အာဏာကျင့်သုံးခွင့်က အောက်မှာရောက်နေသူတွေဆီက ဆင်းသက်လာတယ် ဆိုတာကို တဖက်စောင်းနင်း မညီမမျှဖြစ်နေတဲ့ ဆက်ဆံရေးတွေမှာ အထက်စီး အနေအထားကို ရောက်သွားသူတွေ မေ့သွားတတ်ကြတာကလည်း ဝမ်းနည်းစရာကောင်းတဲ့ လူ့သဘာ၀ နိယာမ တခုပါပဲ။ တကယ်တော့ အောက်မှာ ရောက်နေသူတွေ ဆိုတာက အခွင့်အရေးကို လက်ဆင့်ကမ်း သယ်ဆောင်သူတွေဖြစ်နေပြီး ရိုသေလေးစားမှုအပြည့်နဲ့ ထည့်သွင်း စဉ်းစားပေးဖို့ လိုပါတယ်။ အဲဒါက နေရာတိုင်းမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာပါပဲ။ အဆိုပါ ဆက်နွယ်မှုတွေနဲ့ အကျိုးသက်ရောက်မှုကို ခံနေရသူတွေက ဆိုးဝါးပြင်းထန်ပြီး နေရာအနှံ့မှာ ဖြစ်ပေါ်တဲ့ ဆင်းရဲမွဲတေမှုနဲ့ မညီမျှမှုကိုပါ တပါတည်း ခံစားနေရတယ်ဆိုရင် အခြေအနေက စနစ်တကျဖြစ်ပေါ်နေပြီး စိုးရိမ်စရာ ကောင်းနေပါပြီ။ အခုလိုမျိုး ဆိုးဝါးတဲ့အခြေအနေတွေက လူမှု အာဏာရှင်စနစ်ကို မွေးထုတ်ပေးပြီး နိုင်ငံတော် အင်စတီကျူးရှင်းတွေနဲ့ နိုင်ငံသားတွေရဲ့ ထိတွေ့ဆက်ဆံမှု အများအပြားမှာ အဆိုပါ လူမှုအာဏာရှင်စနစ်ကို ရောင်ပြန်ဟပ် ဖော်ပြနေပါတယ်။ ကျနော့်သဘောအရ ဆိုရင်တော့ အဲဒီအခြေအနေက ဒီမိုကရေစီ အရည်အသွေးကို တိုင်းတာရာမှာ နောက်ထပ်အရေးကြီးတဲ့ ဒိုင်မစ်ရှင်းတခုလည်း ဖြစ်ပါတယ်။ နက်ရှိုင်းတဲ့ မညီမျှမှုတွေ ဒင်းကြမ်းပြည့်နေတဲ့ လက်တင် အမေရိကမှာတော့ မျက်မှောက် ဒီမိုကရေစီစနစ်တွေက အဲဒီဒိုင်မစ်ရှင်းအပိုင်းမှာ အကြီးအကျယ် ချို့ယွင်းအားနည်းနေပါတယ်။
နိုင်ငံသား အခွင့်အရေးကို နိုင်ငံရေးအရရော အရပ်ဖက် အနေအထားအရရော သတ်မှတ်ရာမှာ စည်းစနစ်ကျပြီး တရားဝင်ပါတယ်။ ဆိုလိုတာကတော့ အခွင့်အရေးတွေက လောကလုံး သဘောဆောင်ရမှာပါ။ ဒါ့အပြင် ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်မှာ တပါတည်း ပါဝင်ပြီးသား လုပ်ပိုင်ခွင့် အာဏာဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုယ်စားပြုမှုတွေက ချမှတ်ပေးတဲ့ လုပ်ထုံး လုပ်နည်းတွေကနေ တဆင့်လည်း ခွင့်ပြုပေးထားပါတယ်။ ဒီမိုကရေစီ စနစ်အတွင်းက နိုင်ငံသားတယောက်ကို နိုင်ငံရေး ရှု့ထောင့်ကနေ စဉ်းစားတာနဲ့ တရားရေးစနစ်အတွင်းရှိ လောကလုံးသဘောဆောင် အင်္ဂါရပ်တွေထဲက နိုင်ငံသားတယောက်ကို အရပ်ဖက်ရှုထောင့်ကနေ စဉ်းစားကြည့်လိုက်ရင် အတူတူပဲဖြစ်ပါတယ်။ လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခြင်း၊ ခရီးသွားလာခြင်း၊ သဘောထားဆန္ဒ ထုတ်ဖော်ခြင်း၊ စာချုပ်ချုပ်ဆိုခြင်း၊ အကြမ်းဖက်မှု မခံစားရအောင် ရှောင်လွှဲနိုင်ခြင်း၊ နိုင်ငံတော် အေဂျင်စီတွေ ထံကနေ တန်းတူညီမျှဆက်ဆံမှုကို မျှော်လင့်နိုင်ခြင်းဆိုတဲ့ အခွင့်အရေးတွေက လူတဦးတယောက်ချင်း အပေါ်မှာ အခြေခံထားပါတယ်။ အဆိုပါ လူတဦးတယောက်ချင်းမှာလည်း ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်နဲ့ တာဝန်ဝတ္တရားတွေ ရှိနေတာကြောင့် အရပ်ဖက်နဲ့ နိုင်ငံရေးနယ်ပယ်ထဲက နိုင်ငံသားတွေအဖြစ်၊ တရားဥပဒေနဲ့ ဆိုင်တဲ့ လူသားတွေအဖြစ်၊ လုပ်ရပ်တွေကို ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်နေသူတွေအဖြစ် ရပ်တည်လာနိုင်ပါတော့တယ်။ ဒီမိုကရေစီနည်းကျ တရားရေးစနစ်ရဲ့ များပြားလှတဲ့ မျက်နှာစာတွေထဲမှာ ပေါ်ထွက်လာတတ်တဲ့ လောကလုံး သဘောဆောင် တန်းတူညီမျှမှု အယူအဆကလည်း ဒါပဲဖြစ်ပါတယ်။ အမျိုးမျိုးသော သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှု အခြေအနေတွေအောက်မှာ ဒီမိုကရေစီစိတ်ဆန္ဒတွေ (တခါတလေမှာ မသဲမကွဲနဲ့ ရှေ့နောက် မညီမညွတ်ဖြစ်ပြီး) ကိုယ်ထင်ရှားပြလာခဲ့တယ်ဆိုတဲ့ အယူအဆကိုလည်း ၎င်းကထင်ရှားစေခဲ့ပါတယ်။
ဆက်လက်ဖော်ပြပါမည်။
(ဂီရာမို အိုဒေါ်နယ် (Guillermo’Donnell) သည် Notre Dame (နော်တာဒိန်း) တက္ကသိုလ်၊ အစိုးရနှင့် နိုင်ငံတကာ လေ့လာရေး ဌာန၏ Helen Kellogg ပါမောက္ခ ဖြစ်ပါသည်။ လက်ရာဟောင်းများဖြစ်သည့် The Quality of Democracy:Theory and Applications (၂၀၀၄)၊ Polyarchies and the (Un) Rule ofLaw in Latin America ၊ The Rule of Law and the Underprivileged in Latin America (၁၉၉၉) တို့ကို အနည်းငယ် ပြင်ဆင်ရေးသားပြီး လေ့လာ့တွေ့ရှိချက် အသစ်များနှင့် ပေါင်းစပ်ကာ ယခုဆောင်းပါးကို ရေးသားထားသည်။ နောက်ဆုံးစာအုပ် ၂ အုပ်ကို University of Notre Dame Press က ပုံနှိပ်ထုတ်ဝေသည်။ ယခု ဆောင်းပါးကို Journal of Democracy နှင့် Johns Hopkins University Press တို့၏ ခွင့်ပြုချက်ကို ရယူပြီး Educational Initiatives (ပညာရှေ့ဆောင်) က ဘာသာပြန်ဆိုခဲ့ခြင်း ဖြစ်သည်။ Educational Initiatives အဖွဲ့သည် ဒီမိုကရေစီနှင့် ပတ်သက်သော သင်တန်းများ၊ အရည်အသွေးမြှင့် သင်တန်းများကို ပို့ချပေးနေသော ရန်ကုန်အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။)