ဧရာဝတီတိုင်းဒေသကြီးအတွင်း အတည်ပြုပြဌာန်းပြီးဖြစ်သည့် ရေချိုငါးလုပ်ငန်း ဥပဒေကို ထပ်မံဖြည့်စွက်သည့် ဥပဒေကြမ်း တခုကို ဓနုဖြူမြို့နယ်၊ အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှမြင့်က ဧရာဝတီတိုင်း လွှတ်တော်သို့ ယမန်နေ့က တင်သွင်းခဲ့ကြောင်း သတင်းရရှိသည်။
၂၀၁၂ ခုနှစ်က အတည်ပြု ပြဌာန်းခဲ့သည့် ဧရာဝတီတိုင်း ရေချိုငါးလုပ်ငန်း ဥပဒေအရ လေလံစနစ်၊ အငှားဂရမ်စနစ်များကြောင့် ငါးလုပ်ငန်းရှင်ကြီးများသာ သားငါးလုပ်ငန်း တခုလုံးအပေါ် လက်ဝါးကြီးအုပ် လုပ်ကိုင်ခွင့်ရနေပြီး ဒေသခံ အငယ်စား ရေလုပ်သားများ လုပ်ကိုင်စားသောက်ခွင့် မရှိသလောက် နည်းပါးလာခြင်း၊ ရေရှည်တည်တံ့ရန် ခက်ခဲလာခြင်းများကြောင့် ယခုကဲ့သို့ ဖြည့်စွက်သည့် ဥပဒေကြမ်း တင်သွင်းရခြင်းဖြစ်ကြောင်း ဓနုဖြူမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးလှမြင့်က ပြောသည်။
“ဒီဥပဒေ ဖြည့်စွက်ချက်ဟာ ဧရာဝတီတိုင်းက ဆင်းရဲတဲ့ ရေလုပ်သားငယ်တွေအတွက် ကျနော် တင်ပြခြင်း ဖြစ်ပါတယ်။ ရေလုပ်သားငယ်တွေ စုပေါင်းပြီးတော့ ရပ်ရွာအခြေပြု ငါးလုပ်ငန်း အစုအဖွဲ့တွေ ဖွဲ့စည်း၊ အစိုးရက သူတို့အတွက် သင့်တော်တဲ့ အင်း၊ တင်ဒါချက်လုပ်ကွက်ကို ကြမ်းခင်းဈေးနဲ့ ချထားပေး။ ရေလုပ်သားလေးတွေမှာ အရင်းအနှီး မရှိရင် အစိုးရက ထုတ်ချေးပေးပြီး ကူညီပေးမယ်ဆိုရင် သူတို့လေးတွေ လုပ်ကိုင်စားသောက်လို့ အဆင်ပြေပြီး ဆင်ရဲမှုတွေလျော့ကျ လာနိုင်ပါတယ်” ဟု အဆိုတင်သွင်းသူ ဦးလှမြင့်က ဧရာဝတီသို့ ပြောသည်။
ဦးလှမြင့်၏အဆိုကို လွှတ်တော်တွင် ဆွေးနွေးရန် မဲခွဲဆုံးဖြတ်ခဲ့ရာ ဧရာဝတီတိုင်း အစိုးရဝန်ကြီးများနှင့် တပ်မတော်သား ကိုယ်စားလှယ်များ အပါအဝင် ကိုယ်စားလှယ်ပေါင်း ၅၂ ဦးက ထောက်ခံခဲ့ပြီး ကိုယ်စားလှယ် ၉ ဦးက ကန့်ကွက်ခဲ့သည်။
မြောင်းမြကိုယ်စားလှယ် ဦးပြုံးချိုက ယင်းအဆိုမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဆန့်ကျင်နေကြောင်း ပြောဆို တင်ပြခဲ့သည့်အတွက် လွှတ်တော် ဥက္ကဋ္ဌ ဦးတင်စိုးက အဆိုပါကိစ္စအား လွှတ်တော်တွင် ဆွေးနွေးမည့်အစီအစဉ်ကို ခေတ္တဆိုင်းငံ့ထားခဲ့သည်။