၂၀၁၅ ရွေးကောက်ပွဲ၌ ရခိုင်ပြည်နယ်တွင် အများစုအနိုင်ရရှိထားသည့် ရခိုင် အမျိုးသား ပါတီ (ANP) က မကြာမီ ပေါ်ပေါက် လာ မည့် အစိုးရသစ် လက်ထက်တွင် ရခိုင်ပြည်နယ် အစိုးရအဖြစ် ဦးဆောင်ဖွဲ့စည်းခွင့် မရပါက အတိုက်အခံပါတီ အဖြစ်သာ ရပ်တည် သွားမည်ဟု ANP ပါတီက ကြေညာချက် ထုတ်ပြန်လိုက်သည်။
တနိုင်ငံတဝန်း အနိုင်ရရှိထားသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အနေဖြင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု မူ အရ ရခိုင်ပြည်နယ်အစိုးရ ဖွဲ့စည်းရာတွင် ရခိုင်ပြည်နယ်၌ အများစုအနိုင်ရထားသည့် ANP ပါတီမှ ကိုယ်စားလှယ်များအား ဝန်ကြီးချုပ် ခန့်အပ်ရေး၊ ထိုဝန်ကြီးချုပ်က ဦးဆောင်ပြီး ပြည်နယ်အစိုးရ ဖွဲ့စည်းခွင့်ရရှိရေးတို့သည် ANP ပါတီ၏ သဘောထားဖြစ်သည်ဟု ဇန်နဝါရီလ ၁၉ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ်၌ NLD ပါတီမှ ကိုယ်စားလှယ်များက ဇန်နဝါရီလ ၁၆ ရက်တွင် စစ်တွေမြို့ရှိ အရပ်ဘက် အဖွဲ့အစည်းများ၊ မြို့မိဖြို့ဖများ နှင့် တွေ့ဆုံစဉ် ပြည်နယ်အစိုးရအား NLD ပါတီမှ ဦးဆောင်ဖွဲ့စည်းသွားမည်ဟု ပြောဆိုခဲ့သည့်အတွက် ထိုသို့ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ANP ပါတီ ဒု ဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးက ဧရာဝတီကို ပြောသည်။
“ကျနော်တို့ပါတီက အများစု အနိုင်ရထားတဲ့အတွက် ပြည်နယ်အစိုးရနဲ့ ပြည်နယ်လွှတ်တော်ကို ဦးဆောင်ပြီးတော့ ပြည်နယ်ရဲ့ တိုး တက်ရေး လုပ်ငန်းတွေကို ရနိုင်သလောက် လုပ်သွားမယ်ဆိုတဲ့ မူဝါဒ ချမှတ်ထားပါတယ်၊ တကယ်လို့ ပြည်နယ်အစိုးရကို ဦးဆောင် ခွင့် မရဘူးဆိုရင်တော့ အတိုက်အခံအဖြစ် ရပ်တည်သွားဖို့လည်း ဆုံးဖြတ်ထားပါတယ်”ဟုလည်း ဦးခိုင်ပြည်စိုးက ပြောဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်နယ်ဝန်ကြီးချုပ်အား နိုင်ငံတော်သမ္မတက တိုက်ရိုက် ခန့်အပ်ရမည်ဖြစ်ပြီး ထိုဝန်ကြီးချုပ်က ဦးဆောင်၍ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများကို ခန့်အပ်ရမည် ဖြစ်သည်။
ဖွဲ့စည်းပုံအရ NLD က အစိုးရ ဖွဲ့စည်းပိုင်ခွင့်ရှိသော်လည်း NLD သည် ဒီမိုကရေစီအရေး၊ တိုင်းရင်းသား ရင်ကြားစေ့ရေးတို့ကို အလေး ထားသည့် အနေဖြင့် အများစု အနိုင်ရထားသည့် ANP ပါတီအား ပြည်နယ်အစိုးရကို ဦးဆောင်ခွင့် ပေးသင့်သည်ဟု ယူဆကြောင်း၊ ထိုသို့မဟုတ်ပါက တိုင်းရင်းသားအရေး၊ အမျိုးသား ရင်ကြားစေ့ရေးတို့ ဆောင်ရွက်ရာ၌ ရေရှည်တွင် မပြေလည်မှုများ ဖြစ် ပေါ် လာနိုင်ကြောင်း ANP က ဆိုသည်။
“ဖွဲ့စည်းပုံအရ လုပ်ပိုင်ခွင့်အများကြီး မရှိပေမယ့် ကျနော်တို့ပါတီက ပြည်နယ်အစိုးရကို ဦးဆောင်ခွင့် ရမယ်ဆိုရင် ရခိုင်ဒေသရဲ့ ပဋိပက္ခများစွာကို ဥပဒေအတိုင်း လုပ်ဆောင်နိုင်မှာပါ။ ဒီလိုမှမဟုတ်ရင် သူတို့ချယ်လှယ်သမျှကို ပြည်သူတွေက ခါးစည်းခံရဖို့ပဲ ရှိတယ်လို့ ကျနော်တို့ မြင်တယ်”ဟု ဦးခိုင်ပြည်စိုးက ပြောသည်။
ရခိုင်ပြည်နယ် NLD ပါတီ ဥက္ကဋ္ဌ နှင့် ရွေးကောက်ပွဲ အနိုင်ရထားသည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးညီပု ကမူ“အစိုးရကို NLD က ဦးဆောင်ဖွဲ့မယ်။ ပြည်နယ်၊ တိုင်း ဝန်ကြီးချုပ်တွေကိုလည်း NLD ကပဲ ခန့်အပ်ပြီးတော့ ဦးဆောင်သွားမယ် ဆိုတာကို NLD ရဲ့ ပြောခွင့်ရ ဒေါ်နန်းခင်ထွေးမြင့်ကလည်း ပြောထားပါတယ်။ ရခိုင်ပြည်နယ် အတွက်လည်းပဲ ကျနော်တို့ အနိုင်ရကိုယ်စားလှယ် ထဲက ခန့်အပ်သွားမယ် ဆိုပြီးတော့ စဉ်းစားထားတာ ရှိပါတယ်”ဟု ပြောဆိုသည်။
အကယ်၍ ပြည်နယ်အစိုးရ ဖွဲ့စည်းရေးနှင့် ပတ်သက်၍ ဆွေးနွေးရန် NLD ပါတီက ကမ်းလှမ်းလာပါက တွေ့ဆုံဆွေးနွေးရန် အဆင် သင့်ရှိကြောင်း၊ သို့သော် ယနေ့အထိ NLD ပါတီက ကမ်းလှမ်းမှု တစုံတရာ မရှိသေးကြောင်း ဦးခိုင်ပြည်စိုးက ဆက်ပြောသည်။
ရခိုင်ပြည်နယ် လွှတ်တော်၌ တပ်မတော်သား ကိုယ်စားလှယ် ၁၂ ဦး အပါအဝင် စုစုပေါင်းကိုယ်စားလှယ် ၄၇ ဦး ရှိသည့်အနက် ပြီးခဲ့ သည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲတွင် ANP ပါတီမှ ၂၃ ဦး၊ NLD ပါတီမှ ၉ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၃ ဦးတို့က အသီးသီး အနိုင်ရရှိထားသည်။