၂၀၀၇ခုနှစ် ရွှေဝါရောင် တော်လှန်ရေးကို ဦးဆောင်ခဲ့သည့် ဦးဂမ္ဘီရ ခေါ် ဦးညီညီလွင်သည် ဇန်နဝါရီလ ၁၉ရက် နေ့ မန္တလေးတွင် တရားမဝင်နယ်စပ် ဖြတ်ကျော်သည့်အမှုဖြင့် အဖမ်းဆီးခံထားရကြောင်း သတင်းရရှိသည်။
ဦးဂမ္ဘီရ ခေါ် ဦးညီညီလွင်ကို ဇန်နဝါရီလ ၂၀ရက်နေ့တွင် တရားရုံးတွင် အမှုကြားနာခဲ့ကြောင်း၊ အဆိုပါ အမှု အတွက် ခံဝန်ကတိဖြင့် ပြန်လည်လွှတ်ပေးမည်မဟုတ်ကြောင်း ရဲအရာရှိတဦးက ဧရာဝတီသို့ ပြောသည်။
ဦးဂမ္ဘီရ ခေါ် ဦးညီညီလွင် ၏ ဇနီးဖြစ်သူ သြစတြေးလျ နိုင်ငံသူ Marie Siochana က ၎င်းတို့ ဇနီးမောင်နှံသည် ပတ်စ်ပို့ လျောက်ရန်အတွက် မန္တလေးသို့ လာခဲ့ပြီး တည်းခိုနေသည့် ဟိုတယ်ခန်းသို့ ရဲများကလာရောက်ကာ ဦးဂမ္ဘီရ ခေါ် ဦးညီညီလွင်ကို ဖမ်းဆီးခဲ့ကြောင်း ပြောဆိုသည်။
ဦးဂမ္ဘီရ ခေါ် ဦးညီညီလွင်သည် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်မှ လွတ်လာခဲ့သည့် ၂၀၁၂ခုနှစ်ကတည်းက ထိုင်းနိုင်ငံတွင် အခြေချ နေထိုင်ခဲ့ခြင်းဖြစ်သည်။
“ဒီက လူဝင်မှုကြီးကြပ်ရေး အရာရှိတွေက ဦးဂမ္ဘီရဟာ ထိုင်းနိုင်ငံကို တရားမဝင် သွားခဲ့တယ်လို့ ထင်နေကြ တယ်လို့ ထင်တယ်။ တကယ်တော့ တရားဝင်ခွင့်ပြုချက်လက်မှတ်နဲ့ ထိုင်းနိုင်ငံကို သွားခဲ့တာပါ။” ဟု ဇနီးဖြစ်သူ Siochana ကပြောသည်။
ဦးဂမ္ဘီရ ခေါ် ဦးညီညီလွင် သည် မြန်မာနိုင်ငံ၏ အရေးပါသော နိုင်ငံရေး အကျဉ်းသားတယောက်ဖြစ်ပြီး ရွှေဝါရောင်တော်လှန်ရေးပြီးနောက် ဆန္ဒပြမှုတွင် ပါဝင်ရန် ဦးဆောင်ခဲ့သည့် အတွက် အဖမ်းခံခဲ့ရသည်။ ထိန်းသိမ်းခံရသည့်အတွက် လူဝတ်လဲခဲ့ရသည်။
ထောင်မှ လွတ်မြောက်လာသည့် ၂၀၁၂ခုနှစ်ကတည်းက ၎င်းသည် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာများနှင့် ရင်ဆိုင်ခဲ့ရပြီး ဆေးကုသမှုခံယူရန်အတွက် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်သို့ သွားလိုက်ပြန်လုပ် လုပ်နေစဉ်တွင် မျိုးစုံသော မဟုတ်မမှန်သည့် စွပ်စွဲချက်များနှင့် အနည်းဆုံး ၄ကြိမ် အဖမ်း ခံခဲ့ရ သည်။
“ခံဝန်ကတိမရတဲ့အတွက် သူ့အတွက် စိုးရိမ်ပါတယ်။ သူကနေမကောင်းပါဘူး။ ပုံမှန်ဆေးသောက်ဖို့ လိုပါတယ်။ သူရဲ့ ကျန်းမာရေးအတွက် ဂရုစိုက်ပေးဖို့ လိုပါတယ်။ သူ့ကို ဘာလို့ အချိန်ခုထိ ဖမ်းချင်နေတာလည်း ဆိုတာ ကျမ သိချင်ပါတယ်။”ဟု Siochana ကပြောသည်။
ဦးဂမ္ဘီရအား လက်ရှိတွင် မန္တလေးမြို့ အမှတ် (၉) ရဲစခန်းမှာ ဖမ်းဆီးထားပြီး ဇန်နဝါရီလ ၂၀ရက်နေ့တွင် ရုံးထုတ် စစ်ဆေးခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ထပ်မံ တရားရုံး ထုတ်စစ်ဆေးမည်ဖြစ်ကြောင်း သိရှိရသည်။