မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေး အထူးလိုအပ်လျက်ရှိကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဇန်နဝါရီလ ၁၉ ရက်နေ့ နေပြည်တော်ရှိ Kempinski ဟိုတယ် တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်း မိတ်ဆက်ပွဲအခမ်းအနားတွင် ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေးသည် အလွန်လိုအပ်လျက်ရှိပြီး နိုင်ငံသားများ လုံလုံခြုံခြုံ နေထိုင်ရေး အတွက် အထူး လိုအပ်ကြောင်း၊ တရားဥပဒေစိုးမိုးရေး မရှိသည့်အတွက် ဥပဒေဘက်တော်သားများကို အလေး ထားမှုလည်း လျော့နည်းကြောင်း၊ ယခင်က တရားဥပဒေဘက်တော်သားများကို ပြည်သူများက အလေးထား တန်ဖိုး ထားကြပြီး ၁၉ ၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော်သမ္မတသည် တာဝန်မထမ်းဆောင် နိုင် တော့လျှင် တရားသူကြီးချုပ်က သမ္မတ ရာထူးကို ယာယီ ခေတ္တ တာဝန်ယူပေးရသည်အထိ ဥပဒေဘက် တော် သားများကို အလေးထားခဲ့ရကြောင်း၊ ယခုအခါတွင်မူ ဥပဒေဘက်တော်သားများကို လူအများက မလေး စား တော့ကြောင်း၊ တရားဥပဒေစိုးမိုးရေး အားလုံး ဝိုင်းဝန်း ဆောင်ရွက်ရန် လိုအပ်ကြောင်း သူက ပြောသည်။
“တရားဥပဒေ စိုးမိုးရေးကို အင်မတန်မှ လိုလားတယ်ဆိုတာ ၊ တရားဥပဒေ စိုးမိုးရေးရှိမှ ဒီနိုင်ငံက နိုင်ငံသူ၊ နိုင်ငံသား တွေဟာ စိတ်လုံခြုံမှု ရှိမှာပါ။ နိုင်ငံသူ/သားတွေ စိတ်လုံခြုံမှု ရှိမှသာလျှင် ကျမတို့ နိုင်ငံရဲ့ သိက္ခာကို ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံသူ/သားတွေ စိတ်လုံခြုံမှု မရှိတဲ့နိုင်ငံဟာ အင်မတန်မှ သိက္ခာမဲ့တဲ့ နိုင်ငံလို့ကျမတို့ ပြောရပါမယ်။ တရားဥပဒေ စိုးမိုးရေးအတွက်ဆိုရင် ကျမတို့က တောင့်တင်းခိုင်မာတဲ့ ဥပဒေနဲ့ ပတ်သက်တဲ့ အဆောက်အအုံတွေလိုပါ တယ်။ ဥပဒေနဲ့ ပတ်သက်တဲ့အဆောက်အအုံဆိုတာ ကျမတို့ လွှတ်တော်တခုတည်း နဲ့ မပြီးပါဘူး၊ ကျမတို့ တရားစီရင်ရေး တရားရုံးတွေနဲ့လဲ မပြီးပါဘူး။ အင်မတန်မှ မှန်မှန်ကန်ကန် တည်တည်ငြိမ်ငြိမ်နဲ့ လုပ်ရည်ကိုင်ရည် ပြည့်စုံတဲ့ ကျမတို့ ဥပဒေပညာရှင်များလိုပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
တရားဥပဒေစိုးမိုးရေးနှင့်အတူ ငြိမ်းချမ်းရေး လည်း လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေးအတွက် ငြင်းခုန်နိုင် သော်လည်း ကွဲပြဲ ရန်မဟုတ်ကြောင်း၊ ငြိမ်းချမ်းရေးသည် လက်မပါဘဲ ပါးစပ်ဖြင့်သာ ဆွေးနွေးညှိနှိုင်း အဖြေရှာရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
“ဒီနိုင်ငံမှာ ငြိမ်းချမ်းရေး အင်မတန်မှ လိုအပ်နေတယ်။ ငြိမ်းချမ်းရေးညီလာခံလည်း လုပ်တော့မယ်ဆိုရင် ဒီငြိမ်းချမ်း ရေး ညီလာခံထဲမှာလည်း ဒီအတိုင်းပဲ ငြင်းတယ် ခုန်တယ်ဆိုတာဟာ ကွဲဖို့ ပြဲဖို့အတွက် မဟုတ်ဘူး။ ငြင်းခြင်း ခုန်ခြင်းအားဖြင့် ကျမတို့အားလုံးအတွက် အကောင်းဆုံး အဖြေတခုကို ရှာနိုင်ဖို့အတွက် ဒီလို ကျမတို့ ဦးတည်ရမှာပါ။ ကျမတို့ ဒီနေမှာ ဒီအခါမှာ ပေါ်ပေါက်နိုင်ဖို့ဆိုတာ ကောင်းတဲ့နမိတ်လို့ ကျမ ဒီလိုပဲ ယူဆပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည် က ရှင်းပြသည်။
ဇန်နဝါရီလ ၁၉ရက်နေ့ နေပြည်တော်ရှိ Kempinski Hotel တွင် လွတ်လပ်သော ရှေ့နေများ အသင်း၊ (မြန်မာနိုင်ငံ) (Independent Lawyer’s Association of Myanmar) မိတ်ဆက်ပွဲ အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် International Bar Association’s Human Rights Institute (IBA) ဥက္ကဋ္ဌ Mr. David Rivkin နှင့် အတူ တက်ရောက်ခဲ့ကြသည်။