အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ ဦးဆောင်မယ့် အစိုးရသစ် လက်ထက်မှာ လက်ရှိ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လည်လွှတ်ပေး မလွှတ်ပေး ဆိုတဲ့အပေါ် လူအများက စိတ်ဝင်စားနေကြပါတယ်။
လယ်ယာမြေအရေး၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ပညာရေး စတဲ့ ကဏ္ဍတွေမှာ တရားမျှတမှုတွေ ရရှိဖို့အတွက် အရင် စစ်အစိုးရနဲ့လက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရတွေကို တောင်းဆိုဆန္ဒပြခဲ့ကြတဲ့ နိုင်ငံရေးသမားတွေနဲ့ တက်ကြွလှုပ်ရှားသူ များစွာကို အာဏာပိုင်တွေက ပုဒ်မပေါင်းစုံတပ်ပြီး ဖမ်းဆီး အကျဉ်းချထားခဲ့တာ ဒီနေ့ အချိန်အထိ ဖြစ်ပါတယ်။
NLD ပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကတော့ လက်ရှိအစိုးရက အာဏာလွှဲပြောင်း မပေးသေးတာကြောင့် NLDပါတီက နိုင်ငံ ရေး အကျဉ်းသားတွေနဲ့ ပတ်သက်ပြီး လွှတ်ခြင်း၊ မလွှတ်ခြင်းသာမက ရှေ့ဆက်လုပ်ဆောင်မယ့် ကိစ္စတွေကိုလည်း ကြိုတင်ပြောပြ ထားလို့ မရနိုင်ဘူးလို့ ဧရာဝတီကို ပြောတယ်။
“အာဏာမှ မလွှဲပြောင်းပေးသေးတာ။ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်ပြီး ဘာမှကြိုတင် မပြောနိုင်ဘူး။ နိုင်ငံရေးအကျဉ်းသား ဆိုတဲ့ ကိစ္စမှာလည်း လူ ၅ ဦးကို အမှုက ၅ မျိုး ဖြစ်နေတာမျိုး ရှိနေတာလေ။ အာဏာမလွှဲသေးတော့ ဘာမှမှန်းပြီးတော့ မပြောနိုင် သေးဘူး”လို့ ဦးဉာဏ်ဝင်းက ပြောပြပါတယ်။
NLD ပါတီက ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲပြီးချိန် ကာလတုန်းက နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်ပြီး ဦးစားပေး လုပ်ဆောင်သွားမယ်လို့ ပြောဆိုထားတာ ရှိပါတယ်။
လက်ရှိ အစိုးရအနေနဲ့လည်း အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ရှေးရှုတယ်ဆိုရင် နိုင်ငံရေး အကျဉ်းသားတွေကို အခုအချိန်မှာ လွှတ်ပေးဖို့ လိုအပ်တယ် လို့ ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)ရဲ့ မြန်မာပြည် တာဝန်ခံ ကိုအောင်မိုးကျော်က ပြောပါတယ်။
“မျှော်လင့်တယ် ဆိုတာထက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အစိုးရဖြစ်လာပြီဆိုရင်တော့ နိုင်ငံရေးအကျဉ်းသားတွေက သေချာပေါက် လွှတ်မှာပဲ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း အစောပိုင်းတုန်းက နိုင်ငံရေးအကျဉ်းသားတွေ အရမ်းကိုများနေပြီလို့ ပြောဖူးတယ်။ ပြီးတော့ ရွေးကောက်ပွဲ အပြီးမှာတုန်းက NLD ထိပ်ပိုင်းခေါင်းဆောင်တဦး ပြောခဲ့တာက ပါတီရဲ့ ဦးစားပေးကိစ္စထဲမှာ နိုင်ငံရေး အကျဉ်းသားကိစ္စတွေ ပါတယ်”လို့လည်း ကိုအောင်ကျော်မိုးက ပြောဆိုပါတယ်။
သမ္မတဦးသိန်းစိန် အစိုးရ လက်ထက်မှာ လယ်ယာမြေအရေး၊ အလုပ်သမားအရေး စတဲ့ အရေးကိစ္စတွေမှာ တရားမျှတမှုရရှိရေး တောင်းဆိုမှုကြောင့် ဖမ်းဆီးခံထားရတဲ့ ဒေါ်နော်အုန်းလှ၊ ကိုထင်ကျော်၊ ကိုနေမျိုးဇင်နဲ့ ကိုတင်ထွဋ်ပိုင် စတဲ့ တက်ကြွ လှုပ်ရှားသူများ၊ ယူနီတီ ဂျာနယ် နဲ့ Bi မွန်းတည့်နေ ဂျာနယ်က သတင်းသမားများ နဲ့ ဒီမိုကရေစီ ပညာရေး စနစ် ပြုပြင်ပြောင်းလဲရေးသပိတ် လုပ် ဆောင်မှုကြောင့် ဖမ်းဆီး ချုပ်နှောင်ခံထားရတဲ့ မင်းသွေးသစ်၊ ဖြိုးဖြိုးအောင် အပါအဝင် ကျောင်းသား ကျောင်းသူ ၅၀ ကျော် ဟာ ယနေ့ အထိ ထောင်ကျခံရခြင်း နဲ့ အမှုရင်ဆိုင်နေရဆဲ အခြေအနေတွေမှာပဲ ရှိနေပါတယ်။
အဲဒီအပြင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို သရော်တဲ့ပုံ လူမှုကွန်ရက် မီဒီယာမှာ တင်မိလို့ ဆက်သွယ်ရေး ပုဒ်မ ၆၆ ဃ နဲ့ ဖမ်းဆီးခံထားရသူ ပက်ထရစ် ခွန်ဂျာလီ နဲ့ ချောစန္ဒီထွန်း၊ မတရားအသင်း ဆက်သွယ်မှု နဲ့ ဖမ်းဆီး ခံထားရသူ ဇော်ဇော်လတ် နဲ့ မပွင့်ဖြူလတ်၊ သာသနာညှိုးနွမ်းစေမှု ဆိုပြီး ထောင်ကျခံနေရတဲ့ ဦးထင်လင်းဦး စတဲ့ နိုင်ငံရေးအကျဉ်း သားများစွာ ရှိတယ်လို့ AAPP ရဲ့ သတင်း ထုတ်ပြန်ချက်တွေမှာ ဖော်ပြ ထားပါတယ်။
AAPP က ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံး ကောက်ယူထားတဲ့ သတင်း အချက်အလက်တွေ အရ တရားစီရင်ချက်ချပြီး ထောင် ကျခံနေရသူ နိုင်ငံရေးအကျဉ်းသား ၁၂၉ ဦးရှိပြီး ထောင်တွင်းမှ တရားရင်ဆိုင်ဆဲ ၁၃၀ နဲ့ အာမခံပေးထားပြီး တရားရင်ဆိုင်ဆဲ၂၇၈ ဦး စုစုပေါင်း ၄၀၈ ဦး ရှိတယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းမှာ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ အမေရိကန် ဒု နိုင်ငံခြားရေးဝန်ကြီး Antony J.Blinken က ဇန်နဝါရီ ၁၈ ရက် နေပြည်တော်မှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကျန်ရှိနေတဲ့ အစိုးရသက်တမ်း ၃ လအတွင်းမှာ ကိစ္စအမျိုးမျိုးကြောင့် အကျဉ်းကျခံ နေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့နဲ့ အစိုးရသစ် တက်လာတဲ့ အခါမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ မကျန်ရစ်စေဖို့ လွှတ်ပေးသင့်ကြောင်း သမ္မတ ဦးသိန်းစိန်ကို တိုက်တွန်း ပြောကြားခဲ့ပါတယ်။
မြန်မာအစိုးရ တာဝန်ရှိသူတွေ အနေနဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ တယောက်မကျန် လွှတ်ပေးသင့်ကြောင်း၊ သမ္မတဦးသိန်းစိန် အနေနဲ့လွန်ခဲ့တဲ့ ၃ နှစ်က နိုင်ငံတွင်းမှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးမယ်လို့ ပြောဆိုဖူးတဲ့ ကတိကဝတ်ကို လုပ်ဆောင်သင့်ပြီဖြစ်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့် လေ့လာအဖွဲ့(HRW) ကလည်း ဇန်နဝါရီ ၁၇ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
သမ္မတ ဦးသိန်းစိန် အစိုးရအဖြစ် စတင်တာဝန်ယူခဲ့ပြီးနောက် ၂၀၁၁ ခုနှစ် ကစတင်ပြီး ၂၀၁၅ ခုနှစ် ဇူလိုင်လအထိ လွှတ်ငြိမ်းချမ်း သာခွင့် ၁၀ ကြိမ်ပေးခဲ့ရာမှာ အကျဉ်းသားပေါင်း ၁၀၃၆၉ ဦး ကို လွှတ်ပေးခဲ့ပါတယ်။
အဲဒီ လွတ်မြောက်လာတဲ့ အကျဉ်းသားစာရင်းထဲမှာ နိုင်ငံရေးအကျဉ်းသား ၃၆၃ ဦး ပါဝင်တယ်လို့ AAPP က ရရှိထားတဲ့ စာရင်းတွေ အရ သိရပါတယ်။
ဒါကြောင့် လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ ပါဝင်တဲ့ နိုင်ငံရေးအကျဉ်းသားဦးရေဟာ နည်းပါးတဲ့အတွက် နိုင်ငံရေးအသိုင်းအဝိုင်း က ဝေဖန် ပြောဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
နောက်ပိုင်းမှာတော့ အစိုးရက တာဝန်ပေးလိုက်တဲ့ သမ္မတရုံး ဝန်ကြီးဌာန ၃ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း က ဥက္ကဋ္ဌ အဖြစ် တာဝန် ယူပြီး လက်ကျန် နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီ ကို ဖွဲ့စည်းပါတယ်။
ဒါပေမယ့် အဲဒီ ကော်မတီကို ဖျက်သိမ်းပြီး နိုင်ငံရေးအကျဉ်းသားရေးရာ ကော်မတီ ဆိုပြီး ထပ်မံဖွဲ့စည်းပါတယ်။ ဒီကော်မတီ ကို လည်း အစိုးရဘက်က ဖျက်သိမ်းလိုက်ပြီး နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီ ဆိုပြီး ၂၀၁၅ ခုနှစ်အတွင်းမှာ ထပ်မံဖွဲ့စည်း လိုက်ပြန်ပါတယ်။
ဒါပေမယ့် နိုင်ငံရေးအကျဉ်းသားတွေနဲ့သက်ဆိုင်တဲ့ ကိစ္စတွေကို တစိုက်မတ်မတ် လုပ်ဆောင်နေတဲ့ AAPP ကိုတော့ ကော်မတီမှာပါဝင်ဖို့ ဖိတ်ခေါ်တာမျိုး မရှိသေးသလို နိုင်ငံရေး အကျဉ်းသားတွေနဲ့ပတ်သက်ပြီး ဘယ်လိုလုပ်ငန်းတွေ လုပ်ဆောင်နေလဲဆိုတာ ဘယ် သူမှ မသိရဘူးလို့ AAPP က တာဝန်ရှိသူတဦး က ပြောဆိုပါတယ်။ ။