အစိုးရကျောင်းများမှ ၄ တန်းနှင့် ၈ တန်း ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲ ကျရှုံးပါက ပြန်လည် ဖြေဆိုခွင့်ပြုသည့်စနစ်ကို လာမည့် ၂၀၁၅ – ၂၀၁၆ ပညာသင်နှစ်မှစ၍ ခွင့်ပြုတော့မည် မဟုတ်ကြောင်း သိရသည်။
နေပြည်တော်၊ ပညာရေး ဝန်ကြီးဋ္ဌာန၊ အခြေခံပညာဦးစီးဌာနက ဇန်နဝါရီလ ၁၉ ရက်နေ့ ရက်စွဲဖြင့် လာမည့် ၂၀၁၅ -၂၀၁၆ ပညာ သင်နှစ်မှစ၍ ၄ တန်းနှင့် ၈ တန်းကို ကုစားစစ်ဆေးခြင်း ဆောင်ရွက်ခြင်း မပြုရန် တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးရုံးများ သို့ အကြောင်းကြားစာ ပေးပို့ခဲ့ခြင်း ဖြစ်သည်ဟု နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပညာရေးမှူး ဦးဝင်းဇော်က ဧရာဝတီသို့ ပြော သည်။
၂၀၁၄ -၂၀၁၅ ပညာသင်နှစ်က ၄ တန်းနှင့် ၈ တန်း အဆင့်ကို ခရိုင်စစ် စာမေးပွဲများအဖြစ် ပြောင်းလဲ စစ်ဆေးခဲ့ရာ ကျောင်းသူ၊ ကျောင်းသားများမှာ အစမ်းစာမေးပွဲ ဖြေဆိုစဉ်ကတည်း အကျအရှုံး များပြားခဲ့ကြောင်း၊ အတန်းတင် စာမေးပွဲ ဖြေဆိုအပြီး အောင် စာရင်း ထွက်သည့်အခါတွင်လည်း ကျရှုံးမှု များပြားခဲ့သဖြင့် ၄ တန်း၊ ၈ တန်းရှိ ကျရှုံးသူများကို ကျရှုံးသည့် ဘာသာရပ်များအား ကုစား စာစစ်ခြင်း သဘောဖြင့် ပြန်လည် ဖြေဆိုခွင့်ပြုခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။