သတင်း

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

This article has been converted from Zawgyi One to Unicode

ရန်ကုန်တိုင်းဒေသကြီး အတွင်း ပြည်သူများ၏ လုံခြုံရေးကို နှောက်ယှက်နေသည့် လူမိုက်များကို အထူးအဖွဲ့များ ဖွဲ့ကာ တိုင်းရဲတပ်ဖွဲ့က  တိုက်ရိုက်ကိုင်တွယ်ဖမ်းဆီးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှ သိရသည်။

အဓိကအားဖြင့် မှုခင်းဖြစ်ပွားမှုများပြား၍ လူဦးရေထူထပ်သော မြောက်ပိုင်းခရိုင်အတွင်းရှိ လှိုင်သာယာ၊ ရွှေပြည်သာ နှင့် အင်းစိန်မြို့နယ်များတွင် ပြည်သူလူထု၏ လုံခြုံရေး ကို ထိပါးနှောက်ယှက်ခြင်း၊ ရမ်းကားခြင်း စသည့် အပြုအမူများ လုပ်ဆောင်သူများ နှင့် ခြိမ်းခြောက်ကာ ငွေကြေးတောင်းခံသူများ ကို စီမံချက်ချမှတ် ဆောင်ရွက်ကာ ခံဝန်ထိုးစေခြင်း၊ ခြေချုပ်ဖြင့် ထားခြင်းနှင့် ဖမ်းဆီးချုပ်နှောင်ခြင်းများ ကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့ က တိုက်ရိုက်ကိုင်တွယ် လုပ်ဆောင် နေခြင်းဖြစ်သည်။

“ပြည်သူတွေဘက်ကလည်း ပြောလာတယ်။ သောင်းကျန်းလည်း သောင်းကျန်း၊ ငွေကြေးတောင်းတာတွေဆိုတော့ ဖမ်းတာ။ အထူးအဖွဲ့တွေ ဖွဲ့စည်းပြီးတော့ စီမံချက်နဲ့ မြောက်ပိုင်းခရိုင် ကို အဓိကထားလုပ်ဆောင်တာပါ။ တိုင်းရဲတပ်ဖွဲ့ကနေ အဓိက ကိုင်တွယ်ဖမ်းဆီးတယ်။ ကျန်တဲ့ခရိုင်တွေက လည်း အထောက်အကူဖြစ်အောင် အသင့်ရှိနေတယ်” ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိရဲအရာရှိတဦး က ပြောသည်။

ရဲတပ်ဖွဲ့အနေဖြင့် အများပြည်သူ၏ဘဝလုံခြုံရေးကို ထိပါးစေသည့်အပြင် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရား ဥပဒေစိုးမိုးရေးကိုထိခိုက်လာနိုင်၍ စီမံချက်ဖြင့် လုပ်ဆောင်နေခြင်းဖြစ်သည်။

ဇန်နဝါရီ ၁၇ ရက်နေ့က လူမှုကွန်ရက်ဖေ့စ်ဘုတ်စာမျက်နှာတွင် ပျံ့နှံ့လာသည့် “ဘုရားဒကာအမည်ခံ လောင်းကစား နှင့် ဘိန်းရာဇာ” ခေါင်းစဉ်ဖြင့် လှိုင်သာယာမြို့နယ်တွင် လူမိုက် ဝင်းနိုင်နှင့် လူမိုက် ခင်စိန်တို့ဦးဆောင်၍ မူးယစ် ဆေးဝါး ရောင်းချခြင်း၊လောင်းကစားဝိုင်းများပြုလုပ်နေခြင်း စသည့် အကြောင်းအရာများကို မှတ်တမ်းဓါတ်ပုံများဖြင့် ပျံ့နှံ့လာပြီး နောက် စီမံချက်စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့နောက် အဆိုပါ ဓာတ်ပုံများနှင့်သတင်းများအရ ရွှေပြည်သာ နှင့် လှိုင်သာယာမြို့နယ် များ အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားခြင်း နှင့် လောင်းကစားဝိုင်းများ ပြုလုပ်ခြင်း များလုပ်ဆောင်နေသူ ဝင်းနိုင်နှင့် ခင်စိန် အပါအဝင် ၇ ဦး ခြေချုပ်ခံဝန်ဖြင့်  ဇန်နဝါရီ ၂၀ ရက်နေ့တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးချုပ်နှောင်လိုက်ကြောင်း၊ စီမံချက် အကောင်အထည် ဖော်ရာတွင် ရန်ကုန်မြို့တဝန်း လှည့်ကင်းကားများဖြင့် လုံခြုံရေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

Loading