
၂၀၁၆ ခုနှစ်တွင် ပေါ်ပေါက်လာမည့် အစိုးရနှင့် လွှတ်တော်တို့အား လူပုဂ္ဂိုလ် တဦးချင်း အနေနှင့် သာမက ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေဖြင့်ပါ ဝိုင်းဝန်း ကူညီပေးသွားမည်ဟု ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးသိန်းအောင်က ပြောဆိုခဲ့သည်။
ပထမအကြိမ် ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်၏ နောက်ဆုံး အစည်းအဝေးဖြစ်သည့် ၁၄ ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ တက်ရောက်လာသည့် ဝန်ကြီးချုပ် ဦးသိန်းအောင်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလက စတင်ကျင်းပခဲ့သည့် ပထမအကြိမ် ဧရာဝတီတိုင်း လွှတ်တော်မှာ ယခုလတွင် သက်တမ်း ကုန်ဆုံးသွားပြီဖြစ်ပြီး လာမည့် ဖေဖော်ဝါရီလတွင် ရွေးကောက်ပွဲ အနိုင်ရပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ် အများစု ပါဝင်သည့် ဒုတိယအကြိမ် ဧရာဝတီတိုင်း လွှတ်တော် ပြန်လည်ခေါ်ယူမည်ဖြစ်သည်။
ပြီးစီးခဲ့သည့် ပထမအကြိမ် ဧရာဝတီတိုင်း လွှတ်တော်သက်တမ်းအတွင်း ဧရာဝတီတိုင်း ရေချိုငါးလုပ်ငန်း ဥပဒေအပါအဝင် ဒေသတွင်း အာဏာတည်သည့် ဥပဒေပေါင်း ၁၃ ခု ပြဌာန်းနိုင်ခဲ့ကြောင်း သိရသည်။