မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ် ဆာလာရန်း နယ်မြေ၌ ပဋိပက္ခများ ဖြစ်ပွားနေ၍ မလေးရှားရောက် မြန်မာနိုင်ငံသားများ ထို နယ်မြေများသို့ မသွားရောက်ကြရန်နှင့် အထူး သတိထား သွားလာကြရန် ကွာလာလမ်ပူမြို့ရှိ မြန်မာ သံရုံးက သတိပေး နှိုးဆော် ထားသည်။
ဆာလာရန်းအရပ်၌ အိန္ဒိယနွယ်ဖွား မလေးရှားနိုင်ငံသားများနှင့်မြန်မာနိုင်ငံမှ ရောက်ရှိနေသည့် (တရားဝင်၊ တရားမဝင်) မြန်မာ မွတ် စလင်ဟု ဆိုသည့် အဖွဲ့အစည်း နှစ်ခု အကြား ဂိုဏ်းဂဏဖွဲ့၍ နယ်မြေလု အငြင်းပွားနေကြကြောင်း၊ သို့ဖြစ်၍ မြန်မာနိုင်ငံသားများ အနေဖြင့် ထိုနယ်မြေသို့ အထူး သတိထားသွားလာကြရန် အသိပေး နှိုးဆော်ကြောင်း မြန်မာသံရုံး၏ လူမှုကွန်ရက် စာမျက်နှာ၌ ဇန်နဝါရီလ ၁၉ ရက်နေ့ ရက်စွဲဖြင့် ရေးသားထားသည်။
ထိုအငြင်းပွားမှုသည် ယခုအခါ ပဋိပက္ခ အသွင်ဆောင်လာကာ အပြန်အလှန် တုံ့ပြန်တိုက်ခိုက်မှုများ ဖြစ်ပွားနေပြီး လူသေဆုံးမှု၊ ထိခိုက်ဒဏ် ရာရမှုများရှိကြောင်းလည်း မြန်မာသံရုံး၏ ကြေညာချက်၌ ပါရှိသည်။
မလေးရှား နိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးမှ တာဝန်ရှိသူ တဦးက“အခုတော့ တည်ငြိမ်သွားပါပြီ၊ ဒါပေမယ့် တချို့က ပြဿနာ တွေကို မသိကြဘူး၊ အဲဒီဘက်မှာ မြန်မာနိုင်ငံသားတွေ အများအပြားရှိတော့ ဘာအပြစ်မှ မရှိတဲ့သူတွေ ဒုက္ခရောက်မှာစိုးရိမ်လို့ ကြေညာချက်ထုတ်ပြီး အသိပေးထားတာပါ”ဟု ဧရာဝတီ ကို ပြောသည်။
ဆာလာရန်း အရပ်၌ မြန်မာနိုင်မှ လာရောက် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား အများအပြားရှိကြောင်း၊ ထိုနေရာ၌ ယခင် က လည်း ပဋိပက္ခဖြစ်ပွားမှုများ ရှိခဲ့ဖူးကြောင်း၊ ထို့ကြောင့် သတိဖြင့် သွားလာနေထိုင်ကြရန် လိုအပ်ကြောင်း သံရုံး တာဝန်ရှိသူက ပြောပြ သည်။
အိန္ဒိယနွယ်ဖွားများနှင့်မြန်မာ မွတ်စလင်ဆိုသူများအကြား ပြဿနာဖြစ်ပွားမှုသည် စီးပွားရေးနှင့် နယ်မြေ အငြင်းပွားမှု ပြဿနာသာဖြစ်ကြောင်း၊ ဘာသာရေး၊ လူမျိုးရေး ဆန်သည့် ပဋိပက္ခမဟုတ်ကြောင်း၊ ထိုဒေသ၌ တရားဝင်လာရောက် သူများအပြင် တရားမဝင် လာရောက်သူ အများအပြားရှိကြောင်း၊ ယခုအငြင်းပွားမှု ဖြစ်ပွားသူများသည်လည်း တရားမဝင်လာရောက်သည့် မြန်မာ မွတ်စလင် ဆိုသူများသာ ဖြစ်ကြောင်းလည်း သံရုံးတာဝန်ရှိသူက ပြောဆိုသည်။
ဆာလာရန်း အရပ်သည် လူမျိုးစုံ၊ ဘာသာစုံ နေထိုင်သည့် ဒေသဖြစ်ကာ ပြဿနာ မကြာခဏ ဖြစ်ပွားလေ့ရှိသည့် နယ်မြေ ဖြစ်ကြောင်း၊ ထိုအရပ်၌ ယခင်က အိန္ဒိယနွယ်ဖွား မလေးရှား နိုင်ငံသား အများစုသာရှိခဲ့ပြီး ယခုနောက်ပိုင်းတွင် မြန်မာနိုင်ငံမှ တရား မဝင် လာရောက်သည့် မြန်မာ မွတ်စလင်ဆိုသူများက လူများစုဖြစ်လာသည့် အတွက် နယ်မြေကြီးစိုးရေးနှင့် စီးပွားရေးအရ လွှမ်းမိုးနိုင်ရေး ကို လုပ်ဆောင်လာရာမှ ပဋိပက္ခများ ဖြစ်ပွားလေ့ရှိလာသည်ဟုလည်း သိရသည်။
ဆာလာရန်းအရပ်ဒေသသည် ရန်ကုန်မြို့ရှိ သီရိမင်္ဂလာဈေးကဲ့သို့ ကုန်စိမ်းပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ ရောင်းချ သည့် နေရာဖြစ်ပြီး မြန်မာနိုင်ငံမှ တရားမဝင်လာရောက် အလုပ်လုပ်နေသူ အများအပြားလည်းရှိကြောင်း၊ ၂၀၁၃ ခုနှစ်က ဖြစ်ပွားခဲ့သည့် မိတ္ထီလာ ပဋိပက္ခ အပြီးတွင် မြန်မာနိုင်ငံသားများအား သတ်ဖြတ်မှု၊ တိုက်ခိုက်မှုများ ဆက်တိုက် ဖြစ်ပွားခဲ့သည့် နေရာလည်း ဖြစ်ကြောင်း ကပုန်း ခုနစ်ရက်သားသမီး နာရေးကူညီမှု အသင်း ဥက္ကဋ္ဌ ဦးဆန်းဝင်း က ဧရာဝတီ ကို ပြောသည်။
၎င်းက “သီရိမင်္ဂလာဈေးလိုပဲ ကုန်စိမ်းဈေးကြီးဆိုတော့ လူတွေကများတယ်ဆိုတော့ နေရာလုရင်း ဖြစ်ကြတာပေါ့၊ အဲဒီဈေးမှာ လုပ် နေတဲ့ မြန်မာနိုင်ငံက လာတဲ့သူတွေ အများစုကတော့ တရားဝင် စာအုပ်နဲ့လာတဲ့သူ နည်းပါတယ်”ဟုလည်း ပြောဆိုသည်။
ဆာလာရန်းအရပ်၌ မြန်မာနိုင်ငံသား အလုပ်သမားအများအပြား အလုပ် လုပ်ကိုင်နေထိုင်ကြပြီး ၂၀၁၃ ခုနှစ် အတွင်း စတင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် မြန်မာနိုင်ငံသား ၉ ဦး သတ်ဖြတ်ခံခဲ့ရသည့် အရပ်ဒေသ တခုလည်း ဖြစ်သည်။
ထို့အတူ ကွာလာလမ်ပူမြို့ရှိ ဈေးဝယ် စင်တာတခုတွင်လည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း၌ လုယက်၊ တိုက်ခိုက်မှု တခုဖြစ်ပွား၍ ရဲ နှစ်ဦး အသတ်ခံခဲ့ရသည့်အတွက် ကွာလာလမ်ပူမြို့၏ နေရာအများစု၌ လုံခြုံရေးများ တင်းကျပ်ခြင်း၊ စစ်ဆေးခြင်း များရှိကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံသားများအနေဖြင့် အထူး သတိထား၍ သွားလာကြရန် လိုအပ်ကြောင်း မြန်မာသံရုံးနှင့် လူမှုအဖွဲ့များက ပြောဆို ကြ သည်။
မလေးရှား၌ လတ်တလော ဖြစ်ပွားနေသည့် အခြေအနေများကြောင့် လုံခြုံရေး တင်းကျပ်ခြင်း၊ ဖမ်းဆီး စစ်ဆေးခြင်းများ ဆက်တိုက် လုပ်ဆောင်နေသည့် အတွက် ပြဿနာ တခုခု ဖြစ်ပွားပါက ကူညီဆောင်ရွက်ပေးနိုင်ရန် မလေးရောက် မြန်မာ လူမှု အဖွဲ့အစည်းများကလည်း အစည်းအဝေးများ ပြုလုပ် စီစဉ်နေကြကြောင်း ဦးဆန်းဝင်း က ပြောသည်။