ရန်ကုန် မြိုပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ရန်ကုန်မြို့လယ်ကောင်ရှိ အဆောက်အအုံအသစ်အား အပြင်ပိုင်းကို ပြန်လည်ပြင်ဆင်ရန် အဆိုပြုခဲ့သည်။ အကြောင်းမှာ ဘေးပတ်ဝန်းကျင်တွင် တည်ရှိနေသော ရှေးဟောင်းအမွေအနှစ် ကိုလိုနီခေတ် အဆောက်အအုံများနှင့် လိုက်လျောညီထွေ မဖြစ်ဘဲ ရန်ကုန်မြို့လည်၏ မြင်ကွင်းတန်ဖိုးကို လျော့ပါးစေသောကြောင့်ဖြစ်သည်။
အဆိုပါ အဆောက်အဦးသည် ကုန်သည်လမ်းနှင့် ပန်းဆိုးတန်း လမ်းထောင့်တွင် တည်ရှိကာ ၆ ထပ်ထက် မနည်းမြင့်ပြီး ရွှေသံလွင်ကုမ္မဏီ Sky Net ရုပ်သံပိုင်ရှင် ဦးကျော်ဝင်းက ပြန်လည် တည်ဆောက်ခဲ့ပါသည်။
အဆိုပါမြေနေရာသည် ယခင်က ရန်ကုန်မြို့တွင် အကြီးဆုံး ကုန်တိုက်ဖြစ်သည့် Whiteaway and Laidlaw Co ကုန်တိုက်ရှိသည့် နေရာဖြစ်ပြီး ၁၉ ရာစုနှောင်းပိုင်းက ဗိသုကာလက်ရာဖြစ်ပြီး တိုင်လုံး ၂၀ ကျော်ဖြင့် ပင့်ထောက်ထားသည့် ကြီးမားသော ဆင်ဝင်ကြောင့် လူသိများသော အကြီးဆုံးကုန်တိုက် ဖြစ်ခဲ့သည်။
၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် အဆိုပါ ကုန်တိုက်မှာ ပြည်သူပိုင်အဖြစ် သိမ်းခံခဲ့ရပြီး ၂၀၀၀ ခုနှစ် အစောပိုင်းကာလများတွင် မီးလောင်၍ ပျက်ဆီးကာ ဖျက်သိမ်းခဲ့သည့် အချိန်အထိ အစိုးရပိုင် ကုန်သွယ်လယ်ယာရုံး အဖြစ် အသုံးပြုခဲ့သည်။ ထို့နောက် အဆောက်အအုံအား ပြန်လည် တည်ဆောင်ရန်အတွက် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ခဲ့ပါသည်။
ရန်ကုန်မြို့ပြအမွေအနှစ်စောင့်ရှောက်ရေးအဖွဲ့ Yangon Heritage Trust (YHT) ကို တည်ထောင်သူ ဦးသန့်မြင့်ဦးက YHT အဖွဲ့အနေဖြင့် အောက်တိုဘာကလက ဦးကျော်ဝင်းအား အဆိုပါ အဆောက်အအုံသစ်၏ အချို့နေရာများကို ပြင်ဆင်ခြင်းဖြင့် တိုင်းပြည်၏ ရှေးဟောင်းအဆောက်အအုံဟောင်းများ အနည်းငယ်သာ ကျန်ရှိသည့် ရန်ကုန်မြို့လည် ပတ်ဝန်းကျင်ကို ဂရုပြုသင့်ကြောင်း အဆိုပြု ကမ်းလှမ်းခဲ့သည်ဟု ဧရာဝတီသို့ ပြောကြားခဲ့သည်။
“အဲဒီ အဆောက်အအုံက မြို့လယ်ကောင် အမွေအနှစ် အဆောက်အဦးတွေ ထိန်းသိမ်းထားတဲ့နေရာမှာ ဖြစ်တဲ့အတွက် ကျနော်တို့ YHTအဖွဲ့အနေနဲ့ အရမ်းစိုးရိမ်ခဲ့ပါတယ်” ဟု ဦးသန့်မြင့်ဦးက ပြောသည်။
ကုန်သည်လမ်းနှင့် ပန်းဆိုးတန်းလမ်းဆုံနေရာသည် ရန်ကုန်မြို့လယ်ရှိ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးအတွက် အရေးပါသည့် တခုတည်းသော နေရာဖြစ်ကြောင်း ဦးသန့်မြင့်ဦးက ရှင်းပြသည်။
“အဲဒီနေရာက ၂၀ရာစု အစောပိုင်း ပုံစံ ရှုခင်းနေရာ ဖြစ်ပါတယ်။ အဲဒီလို နေရာမျိုးက အာရှတိုက်မှာ အခုဆို အဲဒီ တနေရာပဲ ကျန်တော့ပါတယ်။ သူတို့ကို ပြင်ပေးဖို့ ပြောတာက ပြီးပြည်စုံတဲ့ ဖြေရှင်းမှုတခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သဘာဝကျတဲ့ အပေးအယူတခုလို့ ကျနော်ထင်တယ်”ဟု အဆောက်အအုံပိုင်ရှင်များနှင့် တွေ့ဆုံရန် မျှော်လင့်နေသော ဦးသန့်မြင့်ဦးက ပြောခဲ့သည်။
အဆိုပါ ကိစ္စနှင့် ပတ်သတ်၍ ဦးကျော်ဝင်းအား ဆက်သွယ်ခဲ့သော်လည်း မရရှိခဲ့ပါ။
၂၀၁၃ ခုနှစ်ကလည်း ရာစုနှစ်တခုကျော် သက်တမ်းရှိသော ရှေးဟောင်းအဆောက်အအုံ၏ ကပ်လျက်တွင် အမေရိကန်ဒေါ်လာ ၁၀၀ မီလီယံ တန်ဖိုးရှိသော အထပ်မြင့် တာဝါတခုဆောင်လုပ်ရန် အစီအစဉ်ကို YHT အဖွဲ့က ကန့်ကွက်ခဲ့ဖူးသည်။
ထိုသို့ ကန့်ကွက်ခဲ့ပြီးနောက် ရှေးဟောင်းအဆောင်အအုံများရှိသည့် ပတ်ဝန်းကျင်တွင် အဆောက်အအုံ မတည်ဆောက်သင့်သောကြောင့် အစိုးရက အဆိုပါ အထပ်မြင့်ဆောက်လုပ်ရန် အစီအစဉ်ကို ခွင့်မပြုခဲ့ပါ။
“ကျမတို့က ခေတ်သစ်အဆောက်အအုံတွေကို ဆန့်ကျင်နေတာ မဟုတ်ပါဘူး။ ဒါပေမယ့် ခေတ်မီ အဆောက်အဦးတွေ ဆောက်မယ်ဆို ဘေးမှာရှိတဲ့ ရှေးဟောင်းအဆောက်အအုံ ငဲ့ကြည့်ရပါမယ်”ဟု YHT ၏ ဒုတိယ ဥက္ကဌ ဒါရိုက်တာ မမိုးမိုးလွင်က ပြောသည်။
YHT က ပြင်ဆင်ဖို့ အဆိုပြု တိုက်တွန်းထားသည့် အဆောက်အဦးသည် လက်ရှိတွင် ဆောက်လုပ်ပြီးစီးသွားပြီ ဖြစ်သည့်အတွက် အပြင်ပိုင်း ပြင်ဆင်မှုများသာ လုပ်လို့ရမည့် အနေအထားတွင်သာ ရှိနေကြောင်း ဒေါ်မိုးမိုးလွင်က ပြောသည်။
“လက်ရှိဒီဇိုင်းက ဘေးပတ်ဝန်းကျင်မှာရှိတဲ့ ရှေးဟောင်း အဆောက်အအုံတွေနဲ့လိုက်ဖက်မှု မရှိပါဘူး။ အကယ်၍ ပိုင်ရှင်က သဘောတူပြီး ဒီဇိုင်းကို ပြောင်းမယ် ဆိုရင်တော့ အဲဒါက ရှေးဟောင်းအဆောင်အအုံတွေ ရှိတဲ့ မြို့လယ်ကောင်ကို ကာကွယ်စောင့်ရှောက်ရေး ပူးပေါင်းပါဝင်လာမှုဖြစ်လာပါလိမ့်မယ်” ဟု ဒေါ်မိုးမိုးလွင်က ပြောသည်။