အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတရာထူး ထမ်းဆောင်နိုင်ခွင့် ရှိမည့် အခြေအနေများ ဖြစ်ပေါ်လျက်ရှိကြောင်း ဗဟိုအလုပ်အမှုဆောင် ဦးညီပုက ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ကလည်း ဖြစ်စေချင်တယ်။ အခု လက်ရှိ အခြေအနေတွေအရ လည်း သမ္မတ ဖြစ်လာနိုင်ခြေ ရှိပါတယ်။ ဖြစ်ဖို့လည်း များမယ်ထင်ပါတယ်” ဟု ဦးညီပုက ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) တွင် နိုင်ငံတော်သမ္မတ အရည်အချင်းအဖြစ် နိုင်ငံခြားသား၊ သားသမီး ရှိသူများ သမ္မတဖြစ်ခွင့် မရှိစေရန် တားမြစ်ထားရာ နိုင်ငံခြားသား သား ၂ ဦးရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သမ္မတဖြစ်ရန် အခြေခံဥပဒေက တားဆီးလျက်ရှိသည်။
သို့ရာတွင် တပ်မတော်နှင့် NLD အကြား ညှိနှိုင်းမှု များရှိနေရာ လတ်တလော သမ္မတ ဖြစ်နိုင်ခွင့်မရှိသည့်တိုင် များမကြာမီ သမ္မတ အဖြစ် မြင်တွေ့ရဖွယ် ရှိသည်ဟု NLD လွှတ်တော်အမတ် တဦးက သုံးသပ်သည်။
“ချက်ချင်းကြီးတော့ အစိုးရသစ်မှာ အန်တီက သမ္မတ ဖြစ်ချင်မှ ဖြစ်မယ်။ ဒါပေမယ့် ပြောနိုင်တာကတော့ ၂၀၁၆ နှစ်ကျော်ပြီးရင်တော့ အန်တီ သမ္မတ ဖြစ်လာဖို့များ တယ်” ဟု လွှတ်တော်အမတ် ဒေါ်ဖြူဖြူသင်းက ဆိုသည်။
နိုင်ငံရေးအသိုင်းအဝိုင်းကမူ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေတို့အကြား တွေ့ဆုံမှု သည် အများမျှော်လင့်မထားရာမှ ထွက်ပေါ်ခဲ့သည့် ဖြစ်ရပ်တခုဖြစ်ပြီး ပြည်သူအများ မျှော်လင့်မထားသည့် ညှိနှိုင်းမှု တစုံတရာ ကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သမ္မတအဖြစ် တာဝန်ထမ်းခွင့် ရနိုင်မည်ဟု သုံးသပ်သည်။
ရန်ကုန်တိုင်းဒေသကြီး တပ်မတော်သား လွှတ်တော်အမတ်စာရင်းတွင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏ သမက်ဖြစ်သူ ဗိုလ်မှူးချုပ် သိန်းနိုင် ပါဝင်ခဲ့ရာ ယင်းသို့ ပါဝင်လာမှုသည် ဦးသန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည် အကြား ညှိနှိုင်းမှုတခုအဖြစ် နိုင်ငံ ရေးအသိုင်းအဝိုင်းက သုံးသပ်သည်။
AFP သတင်းတရပ်တွင်မူ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အဖြစ် ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ အဖြစ် ဦးမန်းဝင်းခိုင်သန်းကို တင်မြှောက်မည်ဟု NLD ဗဟိုအလုပ်အမှုဆောင်ဦးဉာဏ်ဝင်းက ပြောဆိုထားရာ သမ္မတ ဖြစ်ခွင့်မရှိလျှင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ရာထူး ရယူလိမ့်မည်ဆိုသော သုံးသပ်မှုများ ပျက်ပြယ်သွားပြီဖြစ်သည်။