ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တဖက်ကမ်း၊ အမှတ် ၉ နယ်မြေ သင်္ဘောကျင်းရပ်ကွက်ရှိ သင်္ဘောပြင်ဆင်သည့် ပွင့်ဦးအလုပ်ရုံ၌ (ဇန်နဝါရီလ ၂၁ ရက်၊ ၂၀၁၆ ခုနှစ်) ယနေ့နံနက်ပိုင်းက ဂဟေဆော်ရင်းမီးလောင်ကျွမ်းခဲ့ရာ သင်္ဘော ၅ စီး မီးလောင်ပျက်စီးခဲ့သည်။
ပွင့်ဦးသင်္ဘောကျဉ်းတွင် ပြင်ဆင်နေသော ပြည့်စုံကြွယ်ဝ(သံကိုယ်ထည်) သင်္ဘောအား ဝမ်းဗိုက်အတွင်း၌ ဂဟေဆော်နေစဉ် အနီးရှိ ဆိုဖာခုံများသို့ မီးပွားများစင်ပြီး မီးလောင်ကျွမ်းခဲ့သည့် အတွက် ယင်းသင်္ဘောကျင်း၌ ဒေါက်တင်ပြင်ဆင်နေသည့်၊ ကျွန်းလေး – ၃ (သစ်သားကိုယ်ထည်)၊ အောင်သရဖူ (သစ်သားကိုယ်ထည်)၊ ရွှေချမ်းသာ၊ ပြည့်စုံကြွယ်၀ (သံကိုယ်ထည်)နှင့် ပုသိမ်သူ – ၅ (သံကိုယ်ထည်) တို့ မီးလောင်ကျွမ်းခဲ့ကြောင်း သင်္ဘောကျင်း နယ်မြေရဲစခန်းက ပြောသည်။
မီးလောင်မှုမှာ နံနက် ၉ နာရီခန့် စတင်ခဲ့ပြီး ပုသိမ်မြို့၊ ရှိမီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများဝိုင်းဝန်းငြှိမ်းသတ်ခဲ့သည့်အတွက် နံနက် ၁၀ နာရီခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် ကျပ်သိန်း ၁၆၀ ဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနက ပြောသည်။
မီးလောင်မှုနှင့်ပတ်သတ်၍ သံဂဟေဆော်သည့်အဖွဲ့ခေါင်းဆောင် ကိုငြိမ်းချမ်းကို သင်္ဘောကျင်းနယ်မြေ ရဲစခန်းမှ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်း သိရသည်။
ယခုမီးလောင်မှုသည် ပုသိမ်မြို့တွင် ၂၀၁၆ ခုနှစ်အတွင်း ဒုတိယအကြိမ်မြောက်မီးလောင်မှုဖြစ်ပြီး ဇန်နဝါရီလ ၉ ရက်နေ့ကလည်း Royal Lake ပန်းခြံအတွင်း၌ လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ရာမှတဆင့် ဝန်ထမ်းအိပ်ဆောင် ၄ ခု မီးလောင်ပျက်စီးခဲ့သည်။