ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများ ဆက်တိုက်ဆိုသလို ပေါ်ထွက်လာပြီးနောက် ပြစ်မှုကျူးလွန်သူများအား ထိထိရောက်ရောက် အရေးယူပေးရန် ကလေးအခွင့်အရေး လှုပ်ရှားသူများ၏ တောင်းဆိုမှုများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာသည်။
တောင်းဆိုမှုပြုရခြင်း အကြောင်းရင်းတရပ်မှာ တရားဥပဒေအရ ထိထိရောက်ရောက် ဟန့်တားမှု အားနည်းခြင်းကြောင့် ဖြစ်သည်။ ကလေးသူငယ်အပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်သည့်ပြစ်မှုအတွက် တရားရုံးအထိ ရောက်ကြသော်လည်း အမှုအများစုတွင် ထောင်ဒဏ် ၁ နှစ် သို့မဟုတ် ၁ နှစ်အောက် ပြစ်ဒဏ်သာ တရားရုံးက ချမှတ်ခဲ့သည်မျိုး ရှိသည်။ ကလေးများအား လိင်ပိုင်းဆိုင်ရာ ချိုးဖောက်မှုကြုံလာလျှင် ကလေးများ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရသည့်ဖြစ်စဉ်အား တချို့ မိဘ၊ မိသားစုဝင်များ ကိုယ်တိုင် လက်မခံနိုင်ခြင်းက ထိုကလေးအား နောက်ထပ် စော်ကားခံရနိုင်သည့် အခြေအနေသို့ တွန်းပို့သကဲ့သို့ ဖြစ်နေတတ်သေးသည်။
မကြာသေးခင်က မိန်းမကိုယ်တွင် သွေးထွက်နေသည့် ၇ နှစ်အရွယ် မိန်းကလေးတယောက်အား မိခင်ဖြစ်သူက ဆေးခန်းသို့ခေါ်လာခဲ့ရာမှ ထိုသမီးကလေး အဓမ္မပြုကျင့်ခံထားရကြောင်း လက္ခဏာများ တွေ့ခဲ့ရသည်ဟု ရန်ကုန်မြို့မှ သားဖွားမီးယပ် အထူးကု ဆရာဝန်တဦးက ဆိုသည်။ မိခင်ဖြစ်သူက မိန်းကလေးသည် ဓမ္မတာလာသည်ဟု ထင်နေခဲ့ပြီး စစ်ဆေးကြည့်သောအခါ အဓမ္မ ပြုကျင့်ခံရခြင်း ဖြစ်နေသည်။
“ဒါပေမယ့် အမေဖြစ်သူက မယုံနိုင်ဘူးဖြစ်နေ တယ်” ဟု အထူးကုဆရာဝန် အမျိုးသမီးက ဆိုသည်။ ၎င်းတို့သားသမီးဖြစ်သူ တဦးဦး ထိုသို့ ရက်စက်ကြမ်းကြုတ်မှု၏ သားကောင်ဖြစ်ရခြင်းကို မိဘများက လက်မခံချင်ကြကြောင်း ထိုဆရာဝန် အမျိုးသမီးက ပြောသည်။
ကျူးလွန်ခံရတဲ့ ကလေးများအဖို့ ရက်စက်စွာ အနိုင်ကျင့်ခံခဲ့ရသောကြောင့် နာတာရှည်ကျန်းမာရေး ပြဿနာများနှင့် ဘဝတလျှောက်လုံး စိတ်ဒဏ်ရာ ရသွားရခြင်းအပြင် တချို့ဒဏ်ရာကြောင့် သေဆုံး ရသည်အထိ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည်။
ပတ်ဝန်းကျင်နဲ့လည်း စိတ်ချလက်ချ မထားပါနဲ့
မြန်မာနိုင်ငံမှ သာမန်မိဘများ၊ အထူးသဖြင့် ကျေးလက်ဒေသမှ တောင်သူမိဘများ၊ လူကြီးများသည် အပြင်အလုပ်သွားနေရချိန် ၎င်းတို့သားသမီးများကို အိမ်နီးချင်းများနှင့် စိတ်ချလက်ချထားခဲ့လေ့ ရှိသည်။
မကြာသေးခင်လများက ဖြစ်ပွားခဲ့သည့် ကလေးများ လိင်ပိုင်းဆိုင်ရာ ကျုးလွန်ခံရသည့်အမှု အားလုံးနီးပါးတွင် ကျူးလွန်သူဟု စွပ်စွဲခံရသူများမှာ အိမ်နီးချင်းများ ဖြစ်ကြသည်။ မိသားစုဝင်အချင်းချင်း အစ်ကိုမှ နှမကို အဖေမှ သမီးအရင်းကို ကျူးလွန်သည့် အမှုများအကြောင်းလည်း မကြာခဏ ကြားရတတ်သည်။
မော်လမြိုင်မြို့တွင် ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိန်းမှု ၂ ခုတွင် အသက် ၄ နှစ်အောက်နှင့် အသက် ၅ နှစ်အောက်အရွယ် မိန်းကလေးနှစ်ဦးမှာ ၎င်းတို့အိမ်နီးချင်းများ၏ အဓမ္မပြုကျင့်ခြင်းကို ခံခဲ့ရသည်။ အမှုကို တရားရုံးတင်နိုင်ခဲ့သော်လည်း ပြစ်မှုကျူးလွန်သူ နှစ်ဦးစလုံးသည် တရားသူကြီးတဦးတည်း ထံမှပင် အာမခံရရှိသွားခဲ့သည်။
နောက်ထပ် လူမဆန်သောဖြစ်ရပ်မှာ မော်လမြိုင်မြို့ ကျောက်တန်းရွာမှ အသက် ၁၄ နှစ်အရွယ် မိန်းကလေးတဦးသည် နေအိမ်မှ နယ်စပ်မြို့ဖြစ်သော မြဝတီသို့ အတင်းအဓမ္မ ခေါ်ဆောင်သွားခံရကာ ၄ ရက်ကြာအောင် ချုပ်နှောင်ထားပြီး အကြိမ်ကြိမ် အဓမ္မပြုကျင့်ခံခဲ့ရသည်။ အဆိုပါ မိန်းကလေးကို ပြန်လည် ကယ်ဆယ်နိုင်ခဲ့သော်လည်း သူမအား ပြန်ပေးဆွဲ အဓမ္မပြုကျင့်သွားသည့် တရားခံမှာ လွတ်မြောက်နေဆဲ ဖြစ်သည်။
၂၀၁၅ ခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာလများတွင်လည်း စစ်တွေမြို့၌ အသက် ၈ နှစ်အရွယ် နှင့် အသက် ၄ နှစ်အရွယ် မိန်းကလေးနှစ်ဦးတို့ အဓမ္မပြုကျင့်ခံရသည့် ဖြစ်ရပ်များက လူအများ၏ ဒေါသကို ပေါက်ကွဲစေခဲ့သည်။ ကျူးလွန်သူတဦးမှာ မြန်မာ့တပ်မတော်တွင် တာဝန်ထမ်းဆောင်နေသော စစ်သားဖြစ်ပြီး နောက်တဦးမှာ တပ်ပြေးဖြစ်သည်။ အသက် ၈ နှစ်အရွယ် မိန်းကလေးမှာ ရန်ကုန်တွင် ဆေးကုသခံရင်းပင် ဒဏ်ရာကြောင့် သေဆုံးသွားခဲ့သည်။
ပထမအမှုတွင် စစ်သားဖြစ်သူ တရားခံအား စစ်ခုံရုံးသို့ လျှင်မြန်စွာ လွှဲပြောင်းပေးခဲ့ပြီးနောက် စစ်ခုံရုံးက ထောင်ဒဏ် ၁ နှစ် အမိန့်ချမှတ်ခဲ့သည်။ ထို့အတွက် စစ်တွေမြို့မရဲစခန်း အပြင်ဘက်တွင် ဆန္ဒပြမှုဖြစ်ပေါ်ခဲ့ပြီး ယခု ထိုကျူးလွန်သူကို အရပ်ဘက်တရားရုံးတွင် ဆက်လက်စစ်ဆေးနေသည်။
မော်လမြိုင်မြို့မှ လူမှုရေးလုပ်သားတဦးဖြစ်သော ဒေါ်ခင်သန်းထွေးက မွန်ပြည်နယ် ညောင်ကုန်းရွာ၌ မိန်းကလေးငယ်တဦးကို အစ်ကိုအကြီးဆုံးဖြစ်သူက အကြိမ်ပေါင်းများစွာ အဓမ္မပြုကျင့်ခဲ့သည့် ဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်သူအား ထောင်ဒဏ် ၅ လသာ ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း ဧရာဝတီသို့ ပြောသည်။
“အဲ့ဒီမိန်းကလေးအတွက် လုံခြုံမှုမရှိဘူး။ အမှုတွေအားလုံး ပြီးသွားတော့လည်း သူ့ခမျာ တခြား အားကိုးစရာလည်းမရှိတော့ သူ့အစ်ကို ပြန်လွတ်လာတော့ သူ့အစ်ကိုနဲ့ပဲ အတူပြန်နေနေရပါတယ်” ဟု ဒေါ်ခင်သန်းထွေးက ပြောသည်။
ကျူးလွန်သူကိုသာ ကာကွယ်ပေးတဲ့ ဥပဒေ
ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ ချိုးဖောက်မှုတွင် အများစုမှာ သက်ငယ်မုဒိန်းမှုများ ဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ သတင်းအချက်အလက်များကို ကိုးကားပြီး ပြည်တွင်းမီဒီယာများတွင် ထုတ်ပြန်ထားသည်ကို ဖတ်ရှုရသည်။
မြန်မာနိုင်ငံ၏ ၁၉၉၃ ခုနှစ်က ပြဋ္ဌာန်းထားသော ကလေးသူငယ်ဥပဒေတွင် အသက် ၁၄ နှစ်အောက် ကလေးများအား မတရားပြုကျင့်မှုများမှ တရားဝင် အကာအကွယ်ပေးထားပါသည်။ သို့သော် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရသူ ကလေးများအတွက် တရားဝင် အကာအကွယ်ပေးထားမှု မရှိသလောက်ပင်။ စစ်တွေမြို့အခြေစိုက် ရှေ့နေတဦးလည်းဖြစ်၊ ရခိုင်အမျိုးသားပါတီ (ANP) ၏ ဒုတိယဥက္ကဋ္ဌဖြစ်သော ဒေါ်အေးနုစိန်က အရွယ်ရောက်ပြီးသူများ အဓမ္မပြုကျင့်ခံရခြင်းနှင့် ကလေးများ အဓမ္မပြုကျင့် ခံရခြင်းပြစ်မှုအတွက် စွဲဆိုနိုင်သော ပြစ်မှုများ အတူတူပင်ဖြစ်ပြီး ကလေးသူငယ်များအတွက် သီးသန့် ဥပဒေ ကာကွယ်ပေးထားမှုမရှိဟု ထောက်ပြသည်။
လက်တဆုပ်စာမျှသော ရှေ့နေများ၊ နိုင်ငံရေး သမားများနှင့် တက်ကြွလှုပ်ရှားသူများက ကလေးအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူများကို ပြစ်ဒဏ်တိုးပေးနိုင်မည့် ဥပဒေတရပ် ပြုပြင်ပြောင်းလဲပေးရန် တောင်းဆိုနေကြသည်။ သို့သော် ယခုအချိန်အထိ တရားခံများအား ထိရောက်သော ပြစ်ဒဏ်ပေးသည့် ဥပဒေ ပြဋ္ဌာန်းနိုင်ရေးကြိုးစားမှု မအောင်မြင်ခဲ့။
တက်ကြွလှုပ်ရှားသူများက သက်ငယ်မုဒိန်းမှု ကျူးလွန်သူများကို သေဒဏ်ပေးရန် ဖိအားပေး တောင်းဆိုကြသော်လည်း လက်ရှိ လွှတ်တော်အမတ်များအနေဖြင့် ဥပဒေပြဋ္ဌာန်းပေးရန် တွန့်ဆုတ်နေကြ သောကြောင့် အခြေအနေမှာ သောင်မတင်ရေမကျ ဖြစ်နေပါသည်။
အမျိုးသားဒီမိုကရေစီသစ်ပါတီမှ ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့်က ကလေးများအား လိင်ပိုင်ဆိုင်ရာ ကျူးလွန်သူများကို သေဒဏ်ပေးသည်အထိ ပြစ်ဒဏ်တိုးချရန် လွန်ခဲ့သည့်နှစ်များက စတင်ကာ ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်သေး။ ၎င်းက လွှတ်တော်တွင် ဥပဒေပြင်ဆင်နိုင်ရေး ၃ ကြိမ် တင်ခဲ့သော်လည်း ပယ်ချခံခဲ့ရသည်ချည်း ဖြစ်သည်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် လွှတ်တော်အမတ်အဖြစ် ပြန်လည်အရွေးမခံရသော်လည်း ကလေးသူငယ် မုဒိမ်းမှုဆိုင်ရာ ပြစ်ဒဏ်အရေးနှင့် ကလေးသူငယ်ဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဧရာဝတီသို့ ပြောဆိုထားသည်။
၎င်းက “ကလေးမုဒိမ်းမှုတွေကို နည်းပေါင်းစုံနဲ့ တားဆီးခဲ့ကြပေမယ့် မအောင်မြင်ခဲ့ဘူး၊ တိုးပဲတိုးလာတယ်၊ ဒီအတွက် အကြောက်တရားနဲ့တားဆီးမှပဲ ရတော့မယ်၊ ဒါကြောင့် သေဒဏ် ပေးကိုပေးရတော့မယ်၊ သေဒဏ် တယောက်ပေးလိုက်တာဟာ ကလေး ၂ သောင်းလောက်ကို ကာကွယ်ပြီးသား ဖြစ်သွားမယ်” ဟု ဆိုသည်။
စစ်တွေမြို့ရှိ ကျူးလွန်ခံရသည့် ကလေး၏ မိသားစုဝင်များကို အကူအညီပေးနေသည့် လူမှုရေး တက်ကြွလှုပ်ရှားသူ ဒေါ်ကျော့စိန်က လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူအား စစ်ခုံရုံးသို့ လွှဲပြောင်းခဲ့ခြင်းကို မကျေနပ်ခဲ့ပါ။ အဆိုပါဖြစ်ရပ် စစ်တွေမြို့တွင်း ဂယက်ရိုက်ခတ်ခဲ့သလို သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများအား သေဒဏ်ပေးသင့်သည်ကို ဒေါ်ကျော့စိန်ကလည်း သဘောတူသည်။
ရခိုင်အလင်းတံခါးအဖွဲ့မှ ဥက္ကဋ္ဌ ဒေါ်ကျော့စိန် က “ကလေးမုဒိမ်းမှုတွေ ပပျောက်ဖို့ သေဒဏ်ပေးတဲ့ ဥပဒေ တရပ်မဖြစ်မနေ လိုအပ်နေပါပြီ၊ တကယ့်ကို အရေးတကြီး လိုအပ်နေတယ်၊ တယောက်လောက် သေဒဏ်ပေးပြလိုက်မှပဲ နောက်လူတွေ မလုပ်ရဲဖြစ်တော့မှာပါ၊ သေဒဏ်ပေးတဲ့ဥပဒေ ပေါ်ပေါက်လာဖို့လည်း တောင်းဆိုသွားဖို့ရှိပါတယ်” ဟု ဧရာဝတီကို ပြောသည်။
လူ့အခွင့်အရေးနှင့် ပတ်သက်သည့် အမှုများတွင် ရှေ့နေလိုက်ပေးနေသော ရှေ့နေကြီး ဦးရောဘတ်စန်းအောင်က သေဒဏ်ပေးခြင်းက ပြစ်မှုကျူးလွန်ခြင်းအတွက်သာဖြစ်ပြီး မြန်မာနိုင်ငံ၏ တည်ငြိမ်သည့် အခြေအနေကို ကာကွယ်ရန်လိုအပ်ကြောင်း ဧရာဝတီသို့ ပြောသည်။
၎င်းက “ကလေးမုဒိမ်းမှုတွေ အတော်များလာနေတယ်၊ ဒီတော့ ကြီးလေးတဲ့ပြစ်ဒဏ်ပေးဖို့ လိုအပ်သလို၊ သေဒဏ်ဆိုတာဟာလည်း လက်ခံပေးရမယ့် အခြေအနေဖြစ်နေတယ်၊ မှတ်လောက်သားလောက်အောင် အပြစ်ပေးဖို့လိုနေပြီ၊ ဘာဖြစ်လို့လည်းဆိုတော့ ကလေးမုဒိမ်းမှု တိုးပွားလာတာဟာ နိုင်ငံတော်ရဲ့ တည်ငြိမ်အေးချမ်းမှုကိုပါ ထိခိုက်စေလို့ပါ” ဟု ဆိုသည်။
ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများအတွက် ပြစ်ဒဏ်ကြီးမားစွာ ချမှတ်ရန် သဘောတူ ကြသော်လည်း သေဒဏ်ချမှတ်ခြင်းကို မထောက်ခံသည့် အမြင်များလည်းရှိသည်။ ထိုသူတို့က လိင်ပိုင်း ဆိုင်ရာ ကျူးလွန်မှုမရှိရအောင် ပညာပေးခြင်းနှင့် ကလေးများလိင်ပိုင်းဆိုင်ရာ ချိုးဖောက်ခံရမှုမှ ကာကွယ်ပေးနိုင်မည့် နည်းလမ်းများအပေါ် အာရုံစိုက် လုပ်ဆောင်သင့်သည်ဟု ဆိုကြသည်။
“သေဒဏ်ဆိုတာက အင်မတန်ကြောက်စရာကောင်းတဲ့ ဝေါဟာရဖြစ်တယ်။ သက်ငယ်မုဒိမ်းမှုဆိုတာ လုံးဝကို မရှိအပ်တဲ့ ပြစ်မှုတွေဖြစ်တာမို့ ကြိုတင်ကာကွယ်ခြင်းနဲ့ ကြီးလေးတင်းကျပ်တဲ့ ဥပဒေတော့ မဖြစ်မနေ လိုအပ်ပါတယ်” ဟု ရခိုင်အမျိုးသားပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေက ဆိုသည်။
ခင်ဦးသာ ပူးပေါင်းရေးသားသည်။