ဝေးလံခေါင်ဖျားဒေသများ၌ အရပ်ဘက်ဝန်ထမ်းအဖြစ် စစ်တပ် ဆရာဝန်များနှင့် ဆေးမှူးများအား ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရန် ကာကွယ်ရေးဝန်ကြီးဌာနက ထပ်မံစီစဉ်နေခြင်းကို အရပ်ဘက် ဆရာဝန်များ စုပေါင်းပြီး ကန့်ကွက်လွှာ တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။
လာမည့်ရက်ပိုင်းအတွင်း သမ္မတဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ တရားဥပဒေ စိုးမိုး ရေး နှင့် တည်ငြိမ်အေးချမ်း ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးများထံ ကန့်ကွက်လွှာ တင်သွင်း သွားမည်ဟု စစ်တပ်အရာရှိများ အရပ်ဘက် ပြောင်းရွှေ့လာခြင်းကို ကန့်ကွက်သည့် (Black Ribbon Movement Myanmar) အဖွဲ့မှ အဖွဲ့ဝင်တဦးဖြစ်သူ ဒေါက်တာ အလင်္ကာဦး က ပြောသည်။
“ကျန်းမာရေးဝန်ကြီးက မီဒီယာတခုကနေ ကာကွယ်ရေးကလူတွေကို မခန့်တော့ပါဘူးလို့ နှုတ်ကတိပေးထားတာ ဘယ်လောက်မှ မကြာသေးပါဘူး။ အခုက အရပ်ဘက်က ဆရာဝန်တွေလည်း ဝေးလံခေါင်ဖျား ဒေသတွေမှာ တာဝန်ထမ်းဆောင်နေတာပဲ။ အရပ် ဘက်ဆရာဝန်တွေက မသွားဘူးရှိခဲ့ရင်တောင် ဒီကိစ္စသည် ကျန်းမာရေး ဝန်ကြီးဌာနက စီမံခန့်ခွဲရမှာ။ ကာကွယ်ရေး ဝန်ကြီး ဌာန အနေနဲ့ ဌာနကျော်ပြီး ဖြည့်စွက်ခွင့် မရှိဘူး။ ဒါကြောင့် ကန့်ကွက်စာတင်ဖို့ လုပ်ဆောင်နေတာ”ဟု ဒေါက်တာ အလင်္ကာဦးက ဧရာဝတီ ကို ပြောပြသည်။
ဝေးလံခေါင်ဖျား ဒေသတချို့ကိုအကြောင်းပြပြီး ကာကွယ်ရေး ဝန်ကြီးဌာန၏ ဝန်ထမ်းများအား ကျန်းမာရေး ဝန်ကြီးဌာနသို့ ပြောင်း ရွှေ့ခန့်ထားရန် စီမံချက်များ ထားရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း၊ သွားလာရ ဝေးလံခက်ခဲသော ဒေသများတွင် ဝန်ထမ်းတဦးအတွက် အာမခံချက်ရှိသော ခန့်ထားမှုမျိုးကို ပွင့်လင်းမြင်သာစွာ ခေါ်ယူခဲ့ပါက တာဝန်ထမ်းဆောင်ရန် အသင့်ဖြစ်နေ သော အရပ်သား ဆရာဝန်များစွာရှိကြောင်း Black Ribbon Movement Myanmar အဖွဲ့က ဇန်နဝါရီ ၂၁ ရက်စွဲဖြင့် ကြေညာ ချက် လည်း ထုတ်ပြန်ထားသည်။
ဖဲကြိုးနက်ဆရာဝန်များက ၎င်းတို့၏ မူလရပ်တည်ချက်ဖြစ်သော တရားမဲ့မူဝါဒနှင့် လွဲမှားသော စီမံခန့်ခွဲမှုများကို ဆက်လက် ဆန့်ကျင် လှုပ်ရှားသွားမည်ဖြစ်သည်ဟုလည်း ကြေညာချက်တွင် ထည့်သွင်းပြောဆိုထားသည်။
ကာကွယ်ရေး ဝန်ကြီးဌာန ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံးက ချင်းပြည်နယ်၊ နာဂဒေသရှိ ကျန်းမာရေး ဝန်ကြီးဌာန လက်အောက်ခံ ပြည်သူ့ဆေးရုံများတွင် တာဝန်ထမ်းဆောင်ရန် မိမိသဘောဆန္ဒအလျောက် ကိုယ်တိုင်အဆိုပြု အမည်စာရင်းတင်ပြလာသည့် တပ်မတော် ဆေးတက္ကသိုလ် ဗိုလ်လောင်း သင်တန်း အမှတ်စဉ် ၈/၉/၁၀ သင်တန်းဆင်း ပါရဂူ ဆေးမှူးများ အားလုံး မိမိသဘောဆန္ဒအလျောက် ဆက်လက်ဆောင်ရွက်ရန်ဟူသည့် ရုံးစာတစောင်သည် လူမှုကွန်ရက် မီဒီယာများတွင် ပျံ့နှံ့ခဲ့သည်။
ထိုရုံးစာ ပျံ့နှံ့လာပြီးနောက် နိုင်ငံတဝန်းရှိ ဝေးလံခေါင်ဖျား ဒေသများတွင် တာဝန်ထမ်းဆောင်နေသည့် အရပ်ဘက် ဆရာဝန်များ အပါအဝင် မိုးကျရွှေကိုယ်များ မဝင်ရောက်ရေး ကန့်ကွက်နေသည့် ဆရာဝန်၊ သူနာပြု အစရှိသည့် ကျန်းမာရေး ဝန်ထမ်းများက ၎င်းတို့၏ ဖေ့စ်ဘုတ် စာမျက်နှာများထက်တွင် သဘောထားအမြင်များ ရေးသားခြင်း၊ ဖဲကြိုးနက်များ တပ်ဆင်ခြင်းဖြင့် လှုပ်ရှားဆောင်ရွက်ကြပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြသည်။