နိုင်ငံရေး အကျဉ်းသား ၅၂ ဦး ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ရ
This article has been converted from Zawgyi One to Unicode
သမ္မတ ဦးသိန်းစိန် သက်တမ်း ကုန်ခါနီးတွင် တနိုင်ငံလုံးရှိ အကျဉ်းထောင်များမှ အကျဉ်းသား ၁၀၂ ဦးကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုခဲ့ရာ နိုင်ငံရေး အကျဉ်းသား ၅၂ ဦး ပါဝင်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ပြောသည်။
AAPP မှ ဦးကျော်စိုးက“သိပ်မကြာခင်က ဖျက်သိမ်းလိုက်တဲ့ လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီကို တင်ပြထားတဲ့ နိုင်ငံရေး အကျဉ်းသား စာရင်းထဲက မိုးပြာဆရာတော်တဦးပဲ လွတ်တဲ့အထဲမှာ ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
လွတ်မြောက်လာသူ ၁၀၂ ဦးတွင် တဦးမှာ နားကြပ် တပ်ထားသည့် ဗုဒ္ဓရုပ်ပွားတော်ပုံကို V Gastro ဘားဆိုင်တွင် အသုံးပြုခဲ့သဖြင့် အင်းစိန်ထောင်တွင် ပြစ်ဒဏ် ကျခံနေရသည့် ဘားဆိုင် မန်နေဂျာ နယူးဇီလန် နိုင်ငံသား မစ္စတာ ဖိလစ် ဘလက်ခ်ဝုဒ် (Mr. Philip Blackwood)ဆိုသူ ဖြစ်ကြောင်း၊ ထို့ပြင် သေဒဏ်ချမှတ်ခြင်းခံထားရတဲ့ အကျဉ်းသား ၇၇ ဦး ကို ထောင်ဒဏ် တသက်၊ နှစ်အကန့် အသတ်မရှိ လျှော့ချပေးခဲ့ကြောင်း သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့သည်။
“အကျဉ်းထောင် အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားတွေထဲကနေ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေက လွတ်ငြိမ်းချမ်းသာ ခွင့်ပေးဖို့ တောင်းဆိုလာလို့ လူမှုရေးအရ ငဲ့ညှာသောအားဖြင့် နိုင်ငံအကျိုးထမ်းဆောင်နိုင်ဖို့အတွက် နိုင်ငံတော် သမ္မတကြီးက ရည်ရွယ် ပါတယ်”ဟု သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ေဋ္ဌးက ၎င်း၏ ဖေ့ဘုတ်စ် စာမျက်နှာတွင် ရေးသားထားသည်။
၂၀၁၅ ရွေးကောက်ပွဲတွေ ငြိမ်းချမ်းအောင်မြင်စွာ ပြီးစီးခြင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကြီး ပထမအကြိမ် အောင်မြင်စွာ ပြီးစီး ခဲ့ခြင်းနှင့် “The World Peace Buddhist Conference” ငြိမ်းချမ်းရေး ညီလာခံကြီး စတင်ကျင်းပသည့် အချိန်တွင် ပြန်လွှတ်ပေးလိုက် ခြင်း ဖြစ်သည်ဟု ဦးဇော်ေဋ္ဌးက ရေးသည်။
လွတ်မြောက်လာသူများထဲတွင် ပုဒ်မ ၂၉၅ အပါအဝင် ပုဒ်မများစွာဖြင့် ထောင်ဒဏ် နှစ် ၂၀ ကျခံနေရသည့် မိုးပြာ ဆရာတော်က မြစ် ကြီးနား အကျဉ်းထောင်မှ လည်းကောင်း၊ ၈၈ မျိုးဆက် ကရင်အစည်းအရုံးမှ စောမောင်ကြီးအပါအဝင် ၂ ဦး၊ People Democracy Party မှ ဒေါက်တာ သန်းထိုက်ဦးက ပူတာအို အကျဉ်းထောင်မှ လည်းကောင်း၊ ဦးဘမြင့် အပါအဝင် မိကျောင်းကန် သပိတ်ကြောင့် အ ကျဉ်းကျနေသူ ၁၃ ဦး အပါအဝင် ၁၉ ဦးက အင်းစိန်ထောင်မှ လည်းကောင်း ပြန်လည် လွတ်မြောက်လာပြီ ဖြစ်ကြောင်း သိရသည်။
လယ်သမားအရေး တက်ကြွလှုပ်ရှားသူ ကိုရဲကျော်သူ(ခ)ကိုပဲပဲက ပြည်အကျဉ်းထောင်မှ လည်းကောင်း၊ မန္တလေး ရတနာပုံ တက္ကသိုလ် ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌ နိုင်ရဲဝေတို့လည်း ပါဝင်ကြောင်း AAPP က ပြောသည်။
နိုင်ငံရေး အကျဉ်းသား မဟုတ်သည့် သာယာဝတီ အကျဉ်းထောင်တွင် နှစ်ရှည် ထောင်ကျနေသည့် အကောက်ခွန် ဝန်ထမ်း ၁၅ ဦးကို လည်း ပြန်လွှတ်ပေးလိုက်ပြီဟု သိရသည်။
သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီး နောက်ပိုင်း၂၀၁၁ ခုနှစ်မှ စတင်၍ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လအထိ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ၁၀ ကြိမ် ပေးခဲ့ပြီး အကျဉ်းသားပေါင်း ၁၀၃၆၉ ဦး ကို လွှတ်ပေးခဲ့ရာ နိုင်ငံရေး အကျဉ်းသား ၃၆၃ ဦး ပါဝင်ခဲ့ကြောင်း AAPP က ထုတ်ပြန်သည်။