Human Rights

တပ်ချုပ်ကို သရော်သည်ဟူသော စွဲချက်ဖြင့် ဦးပက်ထရစ် ခွန်ဂျာလီ ထောင်ဒဏ် ၆ လ ချမှတ်ခံရ

This article has been converted from Zawgyi One to Unicode

ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား လှောင်ပြောင် သရော်ထားသည့် ဓာတ်ပုံကို လူမှုကွန်ရက်တွင် ရှယ်ခဲ့ သည်ဟု ဆိုကာ ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့် တရားစွဲခံထားရသည့် ဦးပက်ထရစ် ခွန်ဂျာလီကို ယနေ့ ရန်ကုန်တိုင်း လှိုင်မြို့နယ် တရားရုံးက ထောင်ဒဏ် ၆ လ ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

ဦးပက်ထရစ် ခွန်ဂျာလီအနေဖြင့် ချုပ်ရက်များ ခံစားခွင့် ရှိကြောင်း၊ သို့သော် ယခုအမှုကို အယူခံဝင်သွားမည်ဟု ဦးခွန်ဂျာလီ၏ ရှေ့နေ ဦးအယ်ခွန်ရိန်းပန်က တရားရုံးတွင် မီဒီယာများသို့ ပြောသည်။

ဦးအယ်ခွန်ရိန်းပန်က“အယူခံတက်ရတဲ့ အကြောင်းရင်းက မြန်မာနိုင်ငံမှာရှိနေတဲ့ ဖေ့စ်ဘုတ် သုံးစွဲသူ ၅ သန်းရဲ့အကျိုးကို ရှေးရှုပြီး တက်ဖို့ လုပ်တာပါ။ ခိုင်မာတဲ့ အထောက်အထား မရှိဘဲနဲ့ ပြစ်ဒဏ်ချ စီရင်တာကို မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးကနေ ပပျောက် သွားဖို့အတွက် ရည်ရွယ်ပြီး ဆောင်ရွက်မှာ ဖြစ်ပါတယ်”ဟုလည်း ပြောဆိုသည်။

အမျိုးသမီးအရေးနှင့် ငြိမ်းချမ်းရေး ဆိုင်ရာများ လှုပ်ရှားဆောင်ရွက်နေသည့် ဒေါ်မေစပယ်ဖြူ၏ အမျိုးသား ဦးပက်ထရစ် ခွန်ဂျာလီ သည် ရန်ကုန်မြို့ လှိုင်မြို့နယ် ၁၀ ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ကာကွယ်ရေး ဦးစီးချုပ်ပုံအား ခြေဖြင့်နင်းထားသည့်ပုံကို လူမှုကွန် ရက် စာမျက်နှာပေါ် ဖြန့်ဝေခဲ့သည်ဟုဆိုကာ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၄ ရက်က ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ အရာရှိတဦးက တရား လိုပြု တိုင်ကြား ခဲ့ခြင်း ဖြစ်သည်။

ဦးပက်ထရစ်ခွန်ဂျာလီ၏ ဇနီးဖြစ်သူ ဒေါ်မေစပယ်ဖြူက“အဓိကတော့ ဘယ်လောက်ကြီးတဲ့ ပြစ်မှုကြီးတွေ ကျူးလွန်နိုင်စေကာမူ တပ်မတော်ကို မထိသရွေ့ ကာလပတ်လုံး ဘာမှမဖြစ်ဘူး။ တပ်မတော်ကို ထိတယ်ဆိုရင်တော့ အနည်းဆုံး ထောင် ၆ လ ချကို ချမယ်ဆိုတဲ့ မက်ဆေ့ချ်(အသိ)ကို ပေးနေတယ်လို့ပဲ မြင်ပါတယ်”ဟု ပြောသည်။

ဦးခွန်ဂျာလီ၏ ဥပဒေအကျိုးဆောင်ရှေ့နေက ၎င်း၏အမှုသည်သည် စတင်ဖမ်းဆီးခံရစဉ်ကတည်းက ဖုန်းများ၊ လက်ပ်တော့ ကွန်ပျူ တာ များ သိမ်းဆည်းခံရကြောင်း၊ Password လည်း မခံထားသည့်အတွက် မည်သူမဆို ယူတင်သည်မှာလည်း ဖြစ်နိုင်ကြောင်း၊ ပစ္စည်း သက်သေများမှာလည်း အများ မျက်မြင်တွင် စစ်ဆေးသိမ်းဆည်းခြင်း မဟုတ်ကြောင်း၊ ထို့ကြောင့် သက်သေမခိုင်လုံသော အကြောင်း အခြင်းရာများ ရှိနေကြောင်း ရုံးတော်သို့ လျှောက်ထားခဲ့သည်။

ရုံးထုတ် စစ်ဆေးချိန်များတွင်လည်း ဦးပက်ထရစ် ခွန်ဂျာလီ၏ ကျန်းမာရေး အခြေအနေကြောင့် ၎င်း၏ရှေ့နေက အာမခံပေးရန် အကြိမ်ကြိမ် လျှောက်ထားခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရကြောင်း သိရသည်။

ဦးပက်ထရစ်ခွန်ဂျာလီ၏ ဖြစ်စဉ်သည် ဖေ့စ်ဘုတ် စာမျက်နှာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လှောင်ပြောင်သရော်သည့် ဓာတ်ပုံများအား ရှယ်ခဲ့သည့်အတွက် အာဏာပိုင်များက ဒုတိယမြောက် ဖမ်းဆီးထောင်ချခံရသည့် အမှုဖြစ်စဉ် ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်ကလည်း မအူပင်မြို့တွင်နေထိုင်သူ အသက် ၂၅ နှစ်အရွယ် မချောစန္ဒီထွန်း(ခ) ချစ်သမီး ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ထဘီ အရောင်နှင့် တပ်မတော်၏ အသစ် ပြောင်း လဲ လိုက်သည့် စစ်ဝတ်စုံ အရောင်အသစ်တို့အား လူမှုကွန်ရက်စာမျက်နှာတွင် နှိုင်းယှဉ်ပြောဆိုသည်ဟုဆိုကာ မအူပင်မြို့နယ် တရားရုံးက ဆက်သွယ်ရေး ပုဒ်မ ၆၆(ဃ) ဖြင့် ထောင်ဒဏ် ၆ လ ချမှတ်ခံခဲ့ရသေးသည်။

ဦးခွန်ဂျာလီအား အမိန့်ချမှတ်သည့် လှိုင်မြို့နယ် တရားရုံးသို့ ဥရောပသမဂ္ဂ၊ ဗြိတိန်သံရုံး၊ အမေရိကန်သံရုံးနှင့် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့(HRW)တို့လည်း ယနေ့ လာရောက်ခဲ့ကြသည်ဟု သိရသည်။

Loading