“ကျနော် တခါတခါ စိတ်တအားငယ်တယ်၊ အရင်တုန်းကဆိုရင် ဟိုလူကြီးကခိုင်းလို့ ဟိုကိုသွားလိုက်၊ ဒီကိုသွားလိုက်နဲ့၊ အခုလို ခြေထောက် နှစ်ဖက်စလုံးမ ရှိတော့ ဘယ်သူမှ လာမကြည့်တော့ဘူး၊ ဘယ်လူကြီးမှလည်း လာမခိုင်းတော့ပါဘူး”။
ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA) မှာ တာဝန်ထမ်းဆောင်ရင်း မိုင်းထိကာ ခြေနှစ်ဖက် ဖြတ်ခဲ့ရတဲ့ ကိုဝင်းထွန်း (ခ) ရဲကိုကိုက ဒဏ်ရာရ တပ်သားတဦးရဲ့ ဘဝအခြေအနေကို ပြောလိုက်တာပါ။
သူဟာ လွန်ခဲ့တဲ့ ၉ နှစ်ခန့်က DKBA တပ်သား ၄ ဦးနဲ့အတူ နယ်မြေလှုပ်ရှား လှည့်လည်ရင်း ထိုင်းနိုင်ငံ၊ မဲဆောက်ဘက် ကမ်းနဲ့ ကပ်လျက် ကရင်လက်နက်ကိုင် တပ်ဖွဲ့တခုရဲ့ နယ်မြေအနီးမှာ ထောင်ထားတဲ့မိုင်းကို နင်းမိခဲ့တာဖြစ်ပြီး သူနဲ့အတူ တပ်ဖွဲ့ဝင်တဦးပါ အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။
“ကျနော်တို့ ရေနွေးသောက်နေကြရင်း ညာဘက်ခြေထောက်နဲ့ နင်းမိထားတာကို မသိဘူး၊ ပန်ကန်ဆေးမလို့ ခြေထောက် ကြွလိုက်တော့မှ ထပေါက်ကွဲတာ၊ မိုင်းက နှစ်လုံးဆင့်မိုင်း၊ နောက်တယောက်ရဲ့ ခြောက်ထောက်ကို မိုင်းစတွေက ဓားနဲ့ လှီးလိုက်သလို ပြတ်ကုန်တာ၊ သူကအရိုးတော့ မထိဘူး၊ ကျနော်တို့ မဲဆောက်ဆေးရုံရောက်တော့ ကျနော်ကို နှစ်ဖက်လုံး ဖြတ်လိုက်တယ်” လို့ ကိုဝင်းထွန်းက သူကြုံခဲ့ရတဲ့ အဖြစ်အပျက်ကို ပြန်ပြောပြပါတယ်။
ခြေနှစ်ဖက် ဖြတ်လိုက်ရပြီးနောက်ပိုင်း ရွှေကုက္ကိုဆေးရုံ ဘားတိုက်မှာ နေထိုင်ခဲ့ပါတယ်။ အစိုးရနဲ့ DKBA တို့ ပူးပေါင်း ဆောက်လုပ်ပေးတဲ့ စစ်မှုထမ်းဟောင်း အိမ်ယာတွေ ပြီးချိန်မှာတော့ သူ့လိုပဲ တပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ ဆုံးရှုံးခဲ့ရသူတွေနဲ့အတူ ယခုနေအိမ်ကို စတင်ပြောင်းရွေ့ နေထိုင်ခဲ့တာ ၆ နှစ်ကျော် ကြာခဲ့ပြီ ဖြစ်ပါတယ်။ ကိုဝင်းထွန်းဟာ DKBA တပ်ကနေ အခုအထိ တရားဝင် နုတ်ထွက်ထားခြင်းတော့ မရှိသေးပါဘူး။
အဲဒီ DKBA စစ်မှုထမ်းဟောင်း ရွာလေးဟာ မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြိုင်ထဲမှာ တည်ဆောက်ထားတာဖြစ်ပြီး အိမ်အကွက် ၁၀၀ ရိုက်ထားပေမယ့် အိမ်ခြေ ၉၇ လုံးသာ တည်ဆောက်ထားတာ တွေ့ရပြီး လူနေထိုင်ခြင်းမရှိတဲ့ အိမ်တချို့ကိုလည်း တွေ့ရပါတယ်။
သွပ်မိုး၊ ပျဉ်ထောင် တည်ဆောက်ပေးထားတဲ့ စစ်မှုထမ်းဟောင်း အိမ်ယာတွေဟာ နေထိုင်ရ အဆင်ပြေမှု ရှိပေမယ့် စားဝတ်နေရေး အခက်အခဲကြောင့် ဒဏ်ရာရရှိတဲ့ တပ်ဖွဲ့ဝင်ဟောင်း တချို့ဟာ မိသားစုတွေထံ ပြန်လည်နေထိုင်ကြ သူတွေလည်း ရှိတယ်လို့ သိရပါတယ်။
စစ်မှုထမ်းဟောင်း အိမ်ယာမှာ မိသားစုတွေနဲ့အတူ နေထိုင်ရင်း လုပ်ကိုင်စားသောက် နေကြသူတွေရှိသလို မိသားစုမရှိဘဲ တယောက်တည်း နေထိုင်နေရတဲ့ သူတွေလည်း တွေ့ရပါတယ်။
“အခု နှစ်လ၊ သုံးလလောက်မှ ထောက်ပံ့ကြေး (ထိုင်း) ဘတ် (ငွေ) တထောင်လောက် ပေးတယ်၊ ဆန်ကတအိတ်၊ ဒါကလည်း အင်္ဂလိပ်တို့၊ ဂျပန်တို့က လာပေးကြတာ။ ဒီမှာက အကုန်ဝယ်နေရတာ ဘယ်လောက်မှာလဲ။ ကျနော် မဖျားမနာလို့ တော်သေးတယ်” လို့ အသက် ၇၀ ကျော်အရွယ် အမေဖြစ်သူနဲ့ အတူနေထိုင်နေသူ ကိုဝင်းထွန်းက ဆိုပါတယ်။
အိမ်ယာတည်ရှိတဲ့နေရာဟာ ရေကောင်းမွန်မှု မရှိတဲ့အတွက်လည်း နေထိုင်သူတွေဟာ ဝယ်သုံးကြရပြီး မဲဆောက်ဘက် ကနေ သွယ်တန်းပေးထားတဲ့ လျှပ်စစ်မီတာခကိုတော့ ၁ လကို ဘတ် ၁၅၀ ဖိုးအတွက် ကရင်နယ်ခြားစောင့်တပ် (BGF) အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူက ပေးဆောင်ပေးပြီး ကျန်တာကိုတော့ ကိုယ့်ဖာသာ ပေးဆောင်ရ တယ်လို့ ဆိုပါတယ်။
အသက် ၂၆ နှစ်အရွယ်မှာ မွေးရပ်ဇာတိ အပေါင်မြို့ကနေ အလုပ်လုပ်ဖို့ ထွက်လာတဲ့ ကိုဝင်းထွန်းအနေနဲ့ ဘေးလူတွေရဲ့ တိုက်တွန်း ပြောကြားမှုကြောင့် DKBA တပ်ဖွဲ့ထဲကို တပ်သားအဖြစ် စတင်ရောက်ရှိခဲ့တာဖြစ်ပြီး အစိုးရတပ်မတော်နဲ့ ပူးပေါင်းကာ ကော်သူလေးစခန်းကို ဝင်တိုက်တဲ့ တိုက်ပွဲတွေမှာ ပါဝင်ခဲ့ရတယ်လို့ ဆိုပါတယ်။
ခြေထောက် မဆုံးရှုံးခင် နေထိုင်မှုပုံစံနဲ့ ပတ်သက်လို့လည်း “ကျနော် အရင်က သန့်သန့်ပြန့်ပြန့်နေတတ်တာ၊ အစ်ကို့လိုမျိုး ရှူးဖိနပ် ၄၊ ၅ ရံနဲ့။ အဲဒီတုန်းက လူကြီးတွေက ရဲကိုကို လို့တောင် ခေါ်ကြတာ၊ အခုလို နှစ်ဖက်စလုံး ပြတ်တော့ သွားဖို့တောင် မလွယ်တော့ပါဘူး” လို့ ဒူးလောက်ကနေ ပြတ်နေတဲ့ ခြေထောက်တွေကို ငုံ့ကြည့်ရင်း ကိုဝင်းထွန်းက ဆိုလိုက်ပါတယ်။
သူနေထိုင်တဲ့ စစ်မှုထမ်းဟောင်း အိမ်ယာတွေဟာ ဒဏ်ရာရ DKBA တပ်ဖွဲ့ဝင် ဒဏ်ရာရစစ်သားတွေညအတွက်သာ သီးသန့် နေရာချပေးတာ ဖြစ်ပေမယ့် သူ့လိုပဲ မိုင်းနင်းမိရင်း ခြေထောက်တဖက် ဖြတ်ထားရတဲ့ နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင် ဦးဖဝ့်သိင်းအွာတို့ မိသားစုလည်း နေထိုင်ကြပါတယ်။
ဦးဖဝ့်သိင်းအွာဟာ စစ်မှုထမ်းဟောင်း အိမ်ယာမှာနေထိုင်တဲ့ တဦးတည်းသော BGF တပ်ဖွဲ့ဝင်ဖြစ်ပြီး သူဟာ ၂၀၁၅ ခုနှစ် အတွင်းက အာရှလမ်းမကြီးပေါ်မှာ လက်နက်ကိုင်တပ်ဖွဲ့များ ဂိတ်ကြေးကောက်ခံမှုနဲ့ ပတ်သက်လို့ ဖြစ်ပွားတဲ့တိုက်ပွဲ တွေမှာ BGF တပ်ဖွဲ့ဝင်အနေနဲ့ လိုက်လံတိုက်ခိုက်ရင်း ဇူလိုင်လ ၆ ရက်နေ့မှာ မိုင်းနင်းမိခဲ့တာ ဖြစ်ပါတယ်။
မိသားစု ၇ ဦးမှာ သားအကြီးဆုံးဖြစ်တဲ့ သူ့အနေနဲ့ စစ်ဒဏ်တွေကြားကပဲ ၁၉၈၈ ခုနှစ် ၄ တန်းစာမေးပွဲ မဖြေရသေးခင်မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့ထဲကို ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
“အိမ်မှာ စာဝတ်နေရေးက အဆင်မပြေဘူး၊ သူပုန်တွေကလည်း ဆိုးတယ်လေ။ လယ်ထွန်တဲ့နွားတွေဆိုလည်း ဆွဲသွားတာပဲ။နောက်တော့ စိတ်ကပြောင်းသွားတယ်။ ငါတို့နိုင်ရင် ငြိမ်းချမ်းမှာပဲဆိုပြီး ကိုယ့်စိတ်နဲ့ကိုယ် တပ်ဖွဲ့ထဲ ဝင်ခဲ့တာ။ နောက်ဆုံး အဖွဲ့တွေ ကွဲရင်းနဲ့ BGF ထဲ ရောက်ခဲ့တာပဲ” လို့ ဦးဖဝ့်သိင်းအွာက လက်နက်ကိုင်တပ်ဖွဲ့ထဲ ဝင်ရောက်ဖြစ်ခဲ့ပုံကို ပြောပြပါတယ်။
စစ်သားတဦးအဖြစ် နှစ် ၂၀ ကျော် တာဝန်ထမ်းလာတဲ့ တလျှောက်လုံး ဒဏ်ရာမရခဲ့ဖူးတဲ့ သူအနေနဲ့ မိုင်းနင်းမိလို့ ခြေထောက်ဖြတ်လိုက်ရတဲ့ အကြောင်းကို နှလုံးရောဂါ အခံရှိသူ ဇနီးဖြစ်သူကို အသိမပေးရဲခဲ့ဘဲ မဲဆောက်ဆေးရုံ ရောက်လို့ တပ်ဖွဲ့ဝင်တဦးက သွားရောက်ပြောပြတဲ့ အခါမှသာ မိသားစုအနေနဲ့ သိခဲ့ရတာဖြစ်ပါတယ်။
“တပ်သားတယောက် လာပြောတော့ အဒေါ် မယုံဘူး၊ အိမ်ပြန်ရောက်တော့ သူက ‘ငါ့မှာ ခြေထောက် တဖက်ပဲ ရှိတော့တယ်၊ ငါ့ကို နင်ယူဦးမလားတဲ့’၊ ဒီလိုစကားမျိုး အန်တီတခါမှ မကြားခဲ့ဖူးဘူး၊ နှစ်တွေအကြာကြီး ပေါင်းလာခဲ့တာပဲ၊ အန်တီ ဆက်ကြည့်ရမှာပေါ့” လို့ ဇနီးဖြစ်သူ ဒေါ်ဏင့်တူးက ဆိုပါတယ်။
လက်ရှိမှာ စစ်မှုထမ်းဟောင်း တဦးအနေနဲ့ သူတို့ကို BGF က တလလျှင် ကျပ် ၁ သိန်း ၃ သောင်းကျော်နဲ့ ဆန်တအိတ်ခွဲ ထောက်ပံ့ပေးထားပြီး ရှေ့လျှောက် အတွက်တော့ မုန့်လေးတွေ လုပ်ရောင်းကာ ရပ်တည်သွားရမှာ ဖြစ်တယ်လို့ ဒေါ်ဏင့်တူးက မိသားစုရပ်တည်ရေးနဲ့ ပတ်သက်လို့ ပြောပါတယ်။
သူတို့နှစ်ဦးအနေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကာလအတွင်းမှာပဲ မဲဆောက်ဘက်ကမ်းမှာ စတင်တွေ့ဆုံခဲ့ကြကာ လက်ထပ်ခဲ့ကြတာဖြစ်ပြီး ခုနှစ်ကို မမှတ်မိတော့ပေမယ့် သူ့အသက် ၁၇ နှစ်လောက်မှာ ဖြစ်မယ်ထင်တယ်လို့ ဒေါ်ဏင့်တူးက ဆိုပါတယ်။
သူတို့မှာ သားသမီး ၇ ယောက် ရှိတဲ့အနက် သားအကြီးဆုံးကလည်း BGF တပ်ထဲမှာပင် တာဝန်ထမ်းဆောင်လျက် ရှိနေပြီး အရွယ်ရောက်တဲ့ သားသမီးတွေကတော့ ဘန်ကောက်ကိုထွက်ကာ အလုပ်လုပ်ကြကာ သူတို့ကိုပဲ မှီခိုနေခဲ့ရတယ်လို့ ဆိုပါတယ်။
စစ်သားတယောက်ရဲ့ ဇနီးတဦးဖြစ်သလို ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ရွှေကိုင်းကောင်းရွာ ဇာတိဖြစ်တဲ့ ဒေါ်ဏင့်တူး အနေနဲ့ ငယ်စဉ်ကတည်းက စစ်ဒဏ်ကို ခံခဲ့ရတာဖြစ်ပြီး သူကိုယ်တိုင် အစိုးရစစ်တပ်တွေရဲ့ ရိက္ခာထမ်းဖို့အတွက် ပေါ်တာဆွဲ ဖမ်းဆီးခြင်းကိုလည်း ခံခဲ့ရဖူးတယ်လို့ ပြောပါတယ်။
“သူတို့ညဘက် လာဖမ်းတော့ ယောကျာ်လေးတွေက မရှိဘူး၊ အဲ့ဒါဆို မိန်းမတွေဖမ်းဆိုပြီး ဖမ်းကြတာ၊ ရိက္ခာ ထမ်းနိုင်လား၊ မနိုင်ရင် ယောကျာ်တွေပြန်ခေါ် ဆိုပြီးပြောတာ၊ နောက်မှ ရွာကလူကြီးတွေက ယောကျာ်တွေ ခေါ်လာပြီး လူလူချင်း လာပြန်လဲကြရတာ၊ အဒေါ်ဆို ကြောက်လို့ ငိုတာ တအားပဲ” လို့ ပေါ်တာဖမ်းဆီးခံရတဲ့အဖြစ်ကို ဒေါ်ဏင့်တူးက ပြောပြပါတယ်။
လက်နက်တပ်ဖွဲ့မျိုးစုံ လာရောက်လေ့ရှိတဲ့ သူတို့ရွာလေးမှာ အစိုးရစစ်တပ် တပ်ရင်းများစွာရဲ့ အနိုင်ကျင့် ခိုင်းစေတာတွေ၊ သိမ်းယူတာတွေကို များစွာကြုံတွေခဲ့ရပါတယ်။ တချို့တပ်ရင်းတွေကတော့ သဘောကောင်းပြီး ရွာကိုကူညီကြကြောင်း ဒေါ်ဏင့်တူးက သူကြုံတွေ့ခဲ့ရတာကို ပြေပါတယ်။
“ရွာမှာ အိမ်ထောင်တွေကျပြီး မပြန်တော့ဘဲ ရွာမှာပဲနေတဲ့ ဗမာစစ်သားတွေ အများကြီး။ တချို့လူတွေကတော့ ခိုင်းတယ်၊ ဟိုဟာတွေ့လည်း ယူမယ်၊ ဒါလည်းယူမယ်၊ အကုန်လိုက်ယူတာပဲ၊ တအားဆိုးတယ်” လို့ ဒေါ်ဏင့်တူးက ဆိုပါတယ်။
ယောကျာ်ဖြစ်သူ BGF တပ်ထဲမှာ တာဝန် ထမ်းဆောင်နေစဉ် တလျှောက်လုံးမှာလည်း သားသမီးတွေကို တဦးတည်း ရုန်းကန်ပြုစု စောင့်ရှောက်လာခဲ့ရတဲ့ သူ့အနေနဲ့ ကျန်းမာရေး အခြေအနေကြောင့် ပိုက်ဆံငွေတိုးနဲ့ ချေးယူကုသရင်း တစတစတက်လာတဲ့ အကြွေးတွေနဲ့ပဲ ယခင်မိသားစုနေထိုင်ရာ အိမ်နဲ့ မြေကို ပေးလိုက်ရတယ်လို့ ဆိုပါတယ်။
နောက်ဆုံး စစ်မှုထမ်းဟောင်းအိမ်ရာမှာ လာနေရင်း ခြေထောက်တဖက် ဆုံးရှုံးထားရတဲ့ ယောကျာ်ဖြစ်သူအတွက် စိတ်မကောင်း ဖြစ်နေရပေမယ့် ကရင်တိုင်းရင်သူ တယောက်ဖြစ်တဲ့ သူ့အနေနဲ့ ကရင်လူမျိုးတို့ရဲ့ရိုးရာ ဒုံးယိမ်း ကပြဖျော်ဖြေဖို့ အတွက်တော့ စစ်မှုထမ်းဟောင်း အိမ်ယာထဲက တချို့နဲ့အတူ နှစ်သစ်ကူးပွဲတော်မှာ ပါဝင်ကပြမယ်လို့ ဆိုပါတယ်။
“က ချင်စိတ် မရှိပေမယ့် ကိုယ့်ရွာ ညီညွတ်ကြောင်းပြရမယ်၊ အဲ့ဒါကြောင့် သွားမှာ။ ကိုယ့်ရိုးရာ မပျောက်အောင်၊ ကရင်လူမျိုးတွေ အားလုံး စည်းလုံးညီညွတ်အောင် ဒီလိုတဆင့်ချင်း လုပ်ရမှာပဲ” လို့ ဒေါ်ဏင့်တူးက ပြောပါတယ်။
လတ်တလော DKBA စစ်မှုထမ်းအိမ်ယာထဲ နေထိုင်နေရတဲ့ သူတို့အတွက်တော့ ဘယ်အချိန်မှာ ဘယ်နေရာကို ရွှေ့ပြောင်းရဦးမလဲ မသိသေးသလို သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်က ဘယ်လိုအစီအစဉ်တွေ လုပ်ဆောင်ပေးမလဲ ဆိုတာကိုလည်း မသိရှိကြပါဘူး။
သူတို့လိုပဲ စစ်မှုထမ်းအိမ်ယာမှာ ၆ နှစ်ကျော် နေထိုင်ခဲ့တဲ့ DKBA တပ်သား ကိုဝင်းထွန်းကတော့ အခြေအနေ အားလုံးကို စိတ်ကုန်နေပြီး မိခင်ဖြစ်သူနဲ့အတူနေထိုင်ရာ လက်ရှိအိမ်ကို ပြန်ပေးပြီး အစ်ကို၊ အစ်မတွေနဲ့အတူ ပြန်နေဖို့ စိတ်ကူးထားတယ်လို့ ဆိုပါတယ်။
အသက် ၇၀ ကျော်အရွယ် ကိုဝင်းထွန်းရဲ့ မိခင်ဖြစ်သူက “အခုတပ်ဖွဲ့က ထွက်မယ်ဆိုတော့ မပေးထွက်ဘူး၊ ဒီမှာက ပြတ်နေပြီပဲ၊ သူတို့ ဘာသွားခိုင်လို့ ရဦးမှာလဲ။ သူတို့အိမ်နဲ့ခြံ ပြန်အပ်ပြီး ငါ့သားကို ငါပြန်ခေါ်သွားမယ်ပေါ့။ နင်တို့သူ့ကို သနားရင်တော့ ဆေးဖိုးလေးနည်းနည်း ပေးလိုက်ပေါ့ဆိုပြီး သွားပြောဖို့ တောင် စဉ်းစားမိတယ်” လို့ ဆိုပါတယ်။
သူတို့နေအိမ်နဲ့ မျက်စောင်းထိုးမှာ ရှိနေတဲ့အိမ်ကို လက်ညိုးထိုးပြရင်း “အဲဒီကောင်မလေး ယောကျာ်ဆို သေတာကြာပြီ၊ သူတို့ ပိုက်ဆံတပြားမှ မပေးဘူး။ အဲ့ဒါ အလှူလေးလုပ်ပေးဖို့ကို အခုထိမလုပ်ရဘူး” လို့ ကိုဝင်းထွန်းရဲ့ မိခင်က ဆိုပါတယ်။
တာဝန်ထမ်းဆောင်ရင်း ကိုယ်လက်အင်္ဂါတွေ ဆုံးရှုံးခဲ့ရပြီး စစ်မှုထမ်းဟောင်း အိမ်ယာမှာ နေနေရတဲ့ သူတို့လို ရဲဘော်တွေ အနေနဲ့ ရှေ့ဆက် ဘဝရပ်တည်ရေးအတွက် ဘာကိုမှ မမျှော်လင့်တော့ပေမယ့် စစ်ပွဲတွေရပ်တန့်ကာ အေးအေး ချမ်းချမ်းသာ နေသွားချင်တော့ကြောင်း ဆိုကြပါတယ်။
နှစ်ပေါင်း ၆၀ ကျော်ဖြစ်လာခဲ့တဲ့ ပြည်တွင်းစစ်ကြီးနဲ့ ပတ်သက်လို့လည်း ကရင်တိုင်းရင်းသူ တယောက်ဖြစ်တဲ့ ဒေါ်ဏင့်တူး ကတော့ သူ့ရဲ့ကံလို့သာ ပုံချထားပြီး လက်နက်ကိုင် တပ်ဖွဲ့တွေကြားမှာ ဟိုဘက်လည်းကြောက်ရ၊ ဒီဘက်လည်း ကြောက်ရတဲ့ ဘဝမျိုးကို မဖြစ်စေချင်တော့ကြောင်း စစ်ပွဲထဲပြေးခဲ့ရပုံတွေကို ပြောပြရင်းဆိုပါတယ်။
အခုချိန်မှာတော့ ကရင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ အားလုံးနီးပါဟာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲဖို့ စာချုပ်တွေ လက်မှတ်ရေး ထိုးခဲ့ကြပြီဖြစ်တဲ့အတွက် ပျော်ရွှင်မိကြောင်းနဲ့ သေနတ်သံတွေကို စိတ်ကုန်နေပြီဖြစ်ကြောင်း ခြေထောက်တွေ ဆုံးရှုံးခဲ့တဲ့ ကိုဝင်းထွန်းနဲ့ ဦးဖဝ့်သိင်းအွာတို့ အပါအဝင် စစ်မှုထမ်းဟောင်းအိမ်ယာမှာ နေထိုင်ကြသူတွေက ဆိုပါတယ်။
လက်နက်ကိုင် တော်လှန်ရေး တပ်မတော်သား တယောက်အဖြစ် ရပ်တည်ရင်း ခြေလက် အင်္ဂါတွေ ဆုံးရှုံးခဲ့ရပြီး ဘဝရပ်တည် ရှင်သန်းရေးအတွက် အတတ်ပညာတခုခု လေ့ကျင့်သင်ကြားပေးမှုတွေ မရှိတဲ့ သူတို့တွေ အတွက်တော့ အချိန်တိုင်းဟာ ငြီးငွေ့စရာကောင်းနေပြီး ရှေ့ဆက်ရမယ့် အနာဂတ်ဟာလည်း ဝေဝါးလို့ နေပါတော့တယ်။