ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့၌ ထိုင်းအမျိုးသမီးငယ်တဦး အသတ်ခံရမှုနှင့် ပတ်သက်ပြီး စွပ်စွဲဖမ်းဆီးခြင်း ခံထားရသည့် မြန်မာ အလုပ်သမား လူငယ် ၄ ဦး အနက် အသက်မပြည့်သေးသူ ၂ ဦး၏ အမှုတွဲကို တရားရုံးက ဇန်နဝါရီ ၂၂ ရက်တွင် လက်ခံလိုက်ကြောင်း သိရသည်။
ထိုအလုပ်သမား လူငယ်နှစ်ဦးအား ယမန်နေ့က ရုံးထုတ်စစ်ဆေးရန် သတ်မှတ်ထားသော်လည်း ရုံးမထုတ်ဖြစ်ကြောင်း၊ ၎င်းတို့အား တရား စွဲဆိုထားသည့် ထိုင်းရဲတပ်ဖွဲ့အနေဖြင့် ခိုင်လုံသော သက်သေအထောက်အထားဖြင့် အမှုတွဲကို တရားရုံးသို့ မတင်ပြနိုင်ပါက ထို လူငယ်နှစ်ဦးကို လွှတ်ပေးရမည်ဖြစ်ကြောင်း ထိုအမှုအား လိုက်ပါဆောင်ရွက်ပေးနေသူ ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း (FED) မှ ဦးမင်းဦးက ဧရာဝတီကို ပြောသည်။
“အမှုတွဲကိုတော့ တရားရုံးက လက်ခံလိုက်ပြီးတော့ ဇန်နဝါရီလ ၂၅ ရက်မှာ ရုံးထုတ်မယ် ဆိုပြီးတော့ ရုံးပြန်ချိန်းထားပါတယ်”ဟု ဦးမင်းဦးက ပြောဆိုသည်။
တရားရုံး၌ ယမန်နေ့က အမှုတွဲတင်ခံရသူ ၂ ဦးသည် အသက်မပြည့်သေးသည့် မိုးဇင်အောင်နှင့် ကျော်စိုးဝင်း ဆိုသူတို့ဖြစ်ပြီး ဖမ်းဆီး ခံ ၄ ဦးအနက် ကိုဝေလင်းနှင့် ကိုစိန်ဂတုံး တို့ကို ဇန်နဝါရီလ ၁၈ ရက်က စတင်ရုံးထုတ်ခဲ့ကြောင်း၊ မတ်လ ၁၄ ရက်တွင် ၎င်းတို့နှစ် ဦးအား ဆက်လက်ကြားနာ စစ်ဆေးမည် ဖြစ်ကြောင်း ဆိုသည်။
ဖမ်းဆီးခံထားရသည့် လူငယ်များသည် ထိုင်းရဲတပ်ဖွဲ့က ၎င်းတို့အား စတင်ဖမ်းဆီး စစ်ဆေးချိန်က ညှဉ်းပန်းနှိပ်စက်ခြင်း၊ ခြိမ်းခြောက်ခြင်းများကြောင့် ပြစ်မှုကျူးလွန်ခဲ့ကြသည်ဟု ဝန်ခံပြောဆိုထားကြကြောင်း သိရသည်။
ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့၌ အသက် ၁၉ နှစ် အရွယ်ရှိ OraweeSamphaothong ခေါ် Apple ဆိုသူ အမျိုးသမီးငယ် အသတ်ခံရမှုနှင့် ပတ်သက်ပြီး ထိုလူငယ်များအား စွပ်စွဲဖမ်းဆီးထားခြင်း ဖြစ်သည်။
ထိုထိုင်းအမျိုးသမီးငယ်သည် ၂၀၁၅ ခုနှစ် စက်တင်ဘာလ၂၈ ရက်တွင် အသတ်ခံခဲ့ရခြင်း ဖြစ်သည်။
လူသတ်မှု ကျူးလွန်သူများဟု စွပ်စွဲဖမ်းဆီး ခံထားရသူများအနက် မိုးဇင်အောင်နှင့် ကျော်စိုးဝင်းတို့သည် အခင်းဖြစ်ပွားသည့် အချိန် တွင် လုပ်ငန်းခွင်၌ အလုပ်လုပ်ကိုင်နေကြသည်ဟု ၎င်းတို့၏ အလုပ်ရှင်က ရဲတပ်ဖွဲ့ထံ ထွက်ဆိုထားပြီး ၎င်းတို့ အလုပ်လုပ်နေသည့် CCTV မှတ်တမ်းကိုလည်း ရဲတပ်ဖွဲ့ထံ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထိုလူသတ်မှုနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ ရှေ့နေများကောင်စီ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက ဖွဲ့စည်းပေးထားသည့် ထိုင်းရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ကာကွယ်ရေး ကော်မတီနှင့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ကူညီပေးနေသည့် မြန်မာ အလုပ်သမား အဖွဲ့အစည်းများက ကူညီဆောင်ရွက်ပေးလျက် ရှိသည်။