ညောင်ဦးခရိုင်တွင်းမှာရှိတဲ့ စက်စက်ယို ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆရာတော် ဦးနာယဒရဲ့ မိန့်မှာချက်နဲ့ ကလေး တိုင်းလိုလို သျှောင်ပေစူးလို့ ခေါ်တဲ့ ဆံရစ်ဝိုင်း ဆံပင်ပုံစံကို ထားရှိကြတာဖြစ်ပြီး အဲဒီထဲက ကလေး ၃ယောက်ဟာ ရန် ကုန်မြို့ကို လည်ပတ်လေ့လာဖို့အတွက် ဒီကနေ့ မနက် ၉ နာရီက ရန်ကုန်မြို့၊ နာရေးကူညီမှု အသင်း(ရန်ကုန်) ရုံးချုပ်ကို ရောက်ရှိနေပါတယ်။
စက်စက်ယို ကျေးရွာဟာ မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ငါးသရောက်မြို့နယ်တွင်းမှာ တည်ရှိပြီး တရွာလုံးက ကလေး ပေါင်း ၂၄ ဦးဟာ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တခု ဖြစ်တဲ့ သျှောင်ပေစူး ဆံပင်ပုံစံကို ထားရှိကြတယ်လို့ ကလေး ၃ ယောက်နဲ့ အတူ ရန်ကုန်မြို့ကို ရောက်ရှိလာတဲ့ ဆရာတော် ဦးနန္ဒမာလာက ဆိုပါတယ်။
“ ရန်ကုန်မြို့က နာရေးကူညီမှု အသင်းကို အဓိက လာရတဲ့ ရည်ရွယ်ချက်က ဆရာတော်တို့ ရွာမှာ ရေရှားပါးတဲ့ အတွက် မိုးတွင်းအခါမှာ မိုးရေ သိုလှောင်ထားနိုင်ဖို့ ရေလှောင်ကန်တခု တည်ဆောက်နိုင်ဖို့ အကူအညီ လာတောင်းတာပါ” လို့ ဆရာတော် ဦးနန္ဒမာလာက ပြောပါတယ်။
ရောက်ရှိလာတဲ့ ကလေးသုံးယောက်က အသက် ၁၄ နှစ် အရွယ် မောင်ဇော်မျိုးအောင်၊ အသက် ၁၂ နှစ် အရွယ်တွေဖြစ် တဲ့ မောင်ရဲမင်းထက်နဲ့ မောင်အေးသောင်တို့ ဖြစ်ကြပါတယ်။
“ ကျနော်တို့ ရန်ကုန်မြို့ကို တခါမှ မရောက်ဖူးပါဘူး။ အခု ရောက်လာတော့ ပျော်ပါတယ်။ ရွာမှာ ကျန်ခဲ့တဲ့ သူငယ်ချင်း တွေကလည်း လာချင်နေပါတယ်။ ကျနော်တို့ကို ရွှေတိဂုံလိုက်ပို့ပေးမယ်လို့ ပြောပါတယ်။ နောက်ပြီး လျှပ်စစ်ရထားလည်း စီးရမယ်လို့ ပြောပါတယ်” လို့ မောင်ဇော်မျိုးအောင်က ဆိုပါတယ်။
သူတို့တွေဟာ ရန်ကုန်မြို့မှာ ၂ ရက်တာ နေထိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။