သတင်း

ရန်ကုန်တွင် ခွင့်ပြုချက်မဲ့ အထပ်မြင့်များ ဆောင်လုပ်မှု စည်/ပင် မတားနိုင်

This article has been converted from Zawgyi One to Unicode

ရန်ကုန်မြို့တွင် ဥပဒေနှင့် မညီသည့် ခွင့်ပြုချက်မဲ့ အထပ်မြင့် အဆောက်အအုံများ တည်ဆောက်နေသော်လည်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ(YCDC)က ပိတ်ပင် တားဆီးပိုင်ခွင့်မရှိ ဖြစ်နေကြောင်း ယင်းကော်မတီဝင် ဦးခင်လှိုင်က ပြောသည်။

ဇန်နဝါရီ ၂၂ ရက်နေ့က YCDC တွင် ပြုလုပ်ကျင်းပသည့် မြို့မြေအသုံးချမှု ဇုန်များနှင့် အထပ်မြင့် အဆောက်အအုံ ကိစ္စရပ်များ အကြောင်း ဆွေးနွေးခြင်း သတင်းစာ ရှင်းလင်းပွဲတွင် ဦးခင်လှိုင်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဦးခင်လှိုင်က“စည်ပင်မှာ လုပ်ထုံးလုပ်နည်း၊ နည်းဥပဒေ ရှိနေပေမယ့် ဘာလို့ မလုပ်နိုင်တာလဲဆိုတော့ ရန်ကုန်မြို့တော် စည်ပင်၂၀၁၀ ရွေးကောက်ပွဲပြီးနောက် အစိုးရသစ် လက်ထက်မှာတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရရဲ့ လက်အောက်ကို ရောက်ရှိသွားတာ ဖြစ်ပါ တယ်။ အခွန်အကောက်နဲ့ ပြုပြင်ဆောင်ရွက်ရာမှာ ဘာလုပ်လုပ် တိုင်းခွင့်ပြုချက်ကို ရယူရတယ်။ ဒီကနေပြီး ဘယ်လောက်ပဲ ကန့်သတ် ကန့်သတ် တိုင်းကနေ ခွင့်ပြုရင် ဘာမှ လုပ်လို့ မရပါဘူး။ မြင့်တဲ့အဖွဲ့အစည်းက လုပ်တဲ့အတွက် မလွန်ဆန်နိုင်ဘဲ ခေါင်းငြိမ့်ခဲ့ရတာမျိုး တွေလည်း ရှိပါတယ်”ဟု ဦးခင်လှိုင်က ပြောသည်။

ဥပဒေနှင့် မညီသော အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်ခြင်းကို မတားဆီးနိုင်သည်မှာ ကြာပြီဖြစ်ကြောင်း၊ စည်/ပင် ဝန်ထမ်း များ ကိုယ်တိုင် ဥပဒေကို လိုက်နာခြင်း မရှိခြင်းကြောင့် ယခုကဲ့သို့ ဥပဒေနှင့် မကိုက်ညီသည့် စည်းကမ်း ချိုးဖောက် ဆောင်ရွက်မှုများ ဖြစ်ပေါ်နေရခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ကျနော်တို့ဆီမှာ ရှိကြတဲ့ ဋ္ဌာနနဲ့ ဌာနမှူးတွေရော လက်ထောက်၊ ဒုတိယ ဋ္ဌာနမှုးတွေ ဝန်ထမ်း အ သီးသီးကလည်း ဥပဒေကို အသိအမှတ်မပြုဘူး။ လိုက်နာခြင်း မရှိဘူး။ ကိုယ်ထုတ်တဲ့ ဥပဒေ ကိုယ်မလိုက်နာတာ ဖြစ်တဲ့အတွက် ယနေ့ ရန်ကုန်မြို့တော်မှာ စည်းမဲ့ကမ်းမဲ့ လုပ်ငန်းရပ်တွေ များစွာ ပေါ်ထွက်လာတာဖြစ်တယ်”ဟု ဦးခင်လှိုင်က ပြောသည်။
ထို့ပြင် အထပ်မြင့် အဆောက်အဦများ တည်ဆောက်ခွင့်နှင့် ပတ်သက်ပြီး ပြည်ထောင်စုအဆင့်ရှိ ပုဂ္ဂိုလ်များ အပါအဝင် ဝန်ကြီးဋ္ဌာနများ သည် ဆောက်လုပ်ခွင့် ခွင့်ပြုချက် ရယူရန် တင်ပြဆောင်ရွက်မှု မရှိဘဲ လုပ်ကိုင်နေသည်ဟု သိရသည်။

ရန်ကုန်မြို့တွင် ပြည်ထောင်စုအဆင့်ရှိသည့်မြေ၊ ဝန်ကြီးဌာနပိုင်မြေ၊ ဝန်ကြီးဌာနက စီမံခန့်ခွဲသည့်မြေ၊ တပ်ပိုင်မြေများ၊ တပ်ပိုင်မြေတွင် ဆောက်လုပ်သည့် အဆောက်အအုံ၊ တပ်ပိုင်မြေနှင့် ဆက်စပ်ပြီး ဆောက်လုပ်သည့် လုပ်ငန်း၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၏ အ ဆောက်အအုံ၊ ပြည်ထောင်စုအဆင့်ရှိသည့် ကျန်းမာရေးဝန်ကြီးဌာန အပါအဝင် အခြား ဝန်ကြီးဌာနများသည် အဆောက်အအုံများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဆောက်လုပ်သည့် ပန်းဘဲတန်း၊ လသာ၊ ကျောက်တံတား မြို့နယ်များတွင် အဆောက်အဦ လုပ်ငန်းများမှာလည်း ပြီးစီးသွားမှသာ ခွင့်ပြုချက် တင်ပြသည့် အခြေအနေရှိကြောင်း ၎င်းက ပြောသည်။

“ဆောက်လုပ်ခွင့်ကို သာမန်ပြည်သူတွေက တင်တယ်။ ပြည်ထောင်စုအဆင့်ရှိတဲ့ ပုဂ္ဂိုလ်တွေက တင်ပြခြင်း မရှိဘဲ လုပ်ချင်သလို လုပ်တယ်”ဟု ကော်မတီဝင် ၇ ဦးခင်လှိုင်က ပြောသည်။

ပြီးခဲ့သည့် လွှတ်တော်အတွင်းကလည်း ဥပဒေနှင့် မညီသည့် အထပ်မြင့် အဆောက်အအုံများ ရပ်ဆိုင်းပေးရန် ပြည်ထောင်စုအစိုးရသို့ အရေးကြီးအဆိုကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဒေါ်မေဝင်းမြင့်က ရန်ကုန် ဆေးရုံကြီးဝင်း အတွင်း ဆောက်လုပ်နေသည့် အဆောက်အအုံနှင့် တက္ကသိုလ်ရိပ်သာလမ်း အမှတ် ၇၄ တွင် ဆောက်လုပ်နေသည့် အဆောက် အအုံများကို ဥပမာပေး ထောက်ပြခဲ့ခြင်းကြောင့် ယင်းလုပ်ငန်းများ ရပ်ဆိုင်းထားရကြောင်း သိရသည်။

Loading