သမ္မတဦးသိန်းစိန်က နိုင်ငံရေးအကျဉ်းသားများကို အကန့်အသတ်ဖြင့် လွှတ်ပေးမှု အပေါ် လူ့အခွင့်အရေး စောင့်ကြည့် ရေး အဖွဲ့ (HRW) က ဝေဖန်လိုက်ပြီး နိုင်ငံရေး အကျဉ်းသားများအားလုံးကို လွှတ်ပေးရန်နှင့် နိုင်ငံရေး ဖမ်းဆီး တရားရုံးတင်မှုများ နိဂုံးချုပ်ရန် တောင်းဆိုလိုက်သည်။
သမ္မတဦးသိန်းစိန်အစိုးရက ဇန်နဝါရီလ ၂၂ ရက်နေ့တွင် အကျဉ်းသား ၁၀၂ ဦး လွှတ်ပေးခဲ့ရာတွင် နိုင်ငံရေးအကျဉ်းသား ၅၂ ဦး သာပါဝင်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ၁၀၀ နီးပါး အကျဉ်းထောင်များတွင် ရှိနေဆဲဖြစ်ကြောင်း HRW အဖွဲ့၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
“သမ္မတဦးသိန်းစိန်အနေနဲ့ သိပ်မကြာခင် ရာထူးက ဆင်းပေးရတော့မှာပါ။ သူ့အနေနဲ့ သူရဲ့လုပ်ပိုင်ခွင့် အတွင်းကနေ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးမယ်ဆိုတဲ့ ပြောဆိုခဲ့မှုအတိုင်း လွှတ်ပေးသင့်ပါတယ်။ အဲဒီလိုမှမဟုတ်ရင်တော့ သူအနေနဲ့ နာမည်ခံ ပြုပြင်ပြောင်းလဲသမားအဖြစ်နဲ့ သူ့ နာမည်က မြန်မာ့နိုင်ငံရေးမှာ ကျန်ရစ်မှာပါ” ဟု HRW အဖွဲ့၏ အာရှရေးရာ ဒါရိုက်တာ Brad Adams က ပြောသည်။
HRW ၏ ထုတ်ပြန်ချက်တွင် ယမန်နေ့က ထောင်ဒဏ် ၆ လ ချမှတ်ခံရသည့် ခွန်ဂျာလီ အမှုနှင့်ပတ်သက်၍ စိုးရိမ် ကြောင်း ထုတ်ပြန်ပြောဆိုခဲ့ပြီး ချောစန္ဒီထွန်း၊ မောင်ဆောင်းခတို့နှင့်ပတ်သက်၍လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် တရားမဝင် နယ်စပ်ဖြတ်ကျော်မှုဖြင့် အဖမ်းခံထားရသော ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး ခေါင်းဆောင် ဦးဂမ္ဘီရ ခေါ် ဦးညီညီလွင် အမှုနှင့်ပတ်သက်၍လည်း စိုးရိမ်ကြောင်း ထုတ်ပြန်ပြောဆိုထားပြီး အမျိုးသားပညာရေး ဥပဒေကို သပိတ်မှောက်ခဲ့ကြသော ကျောင်းသား ၅၀ နီးပါး ဆက်လက် ဖမ်းဆီး တရားစွဲ ဆို ခံနေရသည့် အမြန်ဆုံး လွှတ်ပေးမည်ဟု မျှော်လင့်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်လိုက် ပြန်ဖမ်းလိုက် လုပ်နေတာကို ရပ်ဖို့လိုနေပါပြီ” ဟု Brad Adams က ထုတ်ပြန် ချက်တွင် ပြောဆိုထားသည်။
နိုဝင်ဘာလ ၈ ရက်နေ့ ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန်နှင့် နိုင်ငံတကာ လူ့အခွင့်အရေးစံချိန်စံညွှန်းမကိုက်ညီသော ဥပဒေများကို ပြင်ဆင်ဖျက်သိမ်းရန် တိုက်တွန်းတောင်းဆိုထားသည်။