ဧရာဝတီတိုင်း အတွင်းရှိ စားကျက်မြေဧက ၃ သိန်းကျော် ရှိသည့်အနက် ဧက ၂ သိန်း နီးပါးကို စားကျက်မြေအဖြစ်မှ ပယ်ဖျက်၍ လယ်ယာမြေနှင့် ကျေးရွာမြေများအဖြစ် သတ်မှတ်ရန် ပြည်ထဲရေး ဝန်ကြီးဌာနက ခွင့်ပြုလိုက်ကြောင်း သိရသည်။
“မြေဧက ၂ သိန်းနီးပါးကို စားကျက်မြေအဖြစ် ပယ်ဖျက်ဖို့ ပြည်ထဲရေးဌာနက ခွင့်ပြုပေးလိုက်ပါပြီ။ နှစ်ပေါင်းများစွာ လယ်လုပ် ထား တဲ့ စားကျက်မြေတွေဆိုရင် လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ပုံစံ ၇ ထုတ်ပေးဖို့နဲ့ ရွာတည်ထားတဲ့ မြေတွေကိုတော့ ရွာမြေအဖြစ် သတ်မှတ်ပေးဖို့ ကိစ္စတွေကို နောက်အစိုးရဆီကို လွှဲပြောင်းပေးသွားမှာ ဖြစ်ပါတယ်”ဟု ဧရာဝတီတိုင်း အစိုးရအဖွဲ့ဝင် လယ်ယာ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစန်းမောင်က ဧရာဝတီကို ပြောသည်။
ဧရာဝတီတိုင်းအတွင်း မြို့နယ်ပေါင်း ၂၆ မြို့နယ် ရှိသည့်အနက် သာပေါင်းမြို့နယ်မှလွဲ၍ ကျန် ၂၅ မြို့နယ်မှ ကျေးရွာများနှင့် လယ် ယာ စိုက်ပျိုး လုပ်ကိုင်နေသော တောင်သူလယ်သမားများက စားကျက်မြေအဖြစ်မှ ပယ်ဖျက်ခွင့်ပြုရန် ဧရာဝတီတိုင်း အစိုးရအဖွဲ့ထံ တင်ပြခဲ့ကြရာက တိုင်းအစိုးရက ပြည်ထဲရေးဝန်ကြီးဌာနထံ ထပ်ဆင့် တင်ပြခဲ့ခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။
စားကျက်မြေအဖြစ်မှ ပယ်ဖျက်ရန် ပြည်ထဲရေးဝန်ကြီးဌာနက ခွင့်ပြုခဲ့သည့်မြေ ၁၉၂,၂၂၃ ဒသမ ၅၃ ဧကပေါ်တွင် ကျေးရွာပေါင်း ၉၅၃ ရွာ ပါဝင်နေပြီး လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ ခန့်မှစ၍ လက်ရှိအချိန်အထိ စိုက်ပျိုးနေသည့် တောင်သူလယ်သမား ၃၄,၀၀၀ ကျော်တို့၏ လယ်ယာစိုက်ပျိုးနေသော စားကျက်မြေများလည်း ပါဝင်နေကြောင်း ဧရာဝတီတိုင်း ဒေသကြီး အစိုးရရုံး စာရင်းများအရ သိရ သည်။
ဧရာဝတီတိုင်းအတွင်း ခရိုင် ၆ ခုရှိသည့်အနက် ပုသိမ်ခရိုင်သည် စားကျက်မြေအဖြစ်မှ ပယ်ဖျက်ခွင့် အများဆုံးရရှိသည့် ခရိုင်ဖြစ်ပြီး ဧကပေါင်း ၇၀,၁၄၀ ဒသမ ၅၄ ဧက ပယ်ဖျက်ခွင့် ရရှိထားသည်ဟု ဆိုသည်။
ထို့ကြောင့် စားကျက်မြေပေါ်တွင် လယ်စိုက်နေသည့် ပုသိမ်ခရိုင်အတွင်းရှိ တောင်သူလယ်သမား ၃,၄၅၅ ဦးကို လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ပုံစံ ၇ ထုတ်ပေးသွားမည်ဖြစ်ပြီး စားကျက်မြေပေါ်တွင် ရွာတည်ထားသည့် ပုသိမ်ခရိုင်အတွင်းရှိ ကျေးရွာပေါင်း ၃၅၆ ရွာ၏ မြေများကို ရွာမြေအဖြစ် သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်း အစိုးရအဖွဲ့က ပြောသည်။
“သက္ကရာဇ် ၂၀၅၀ မှာ မြန်မာတနိုင်ငံလုံးရဲ့ လူဦးရေကို သန်း ၁၀၀ လို့ မှန်းထားတယ်။ မှန်းထားတဲ့အတွက် စိုက်ပျိုးထုတ်လုပ်မှု ဧကတွေ တိုးချဲ့ဖို့ လိုတယ်။ နောက်တခါ အထွက်နှုန်းတွေ တိုးချဲ့ဖို့ လိုပါတယ်။ ဒါကြောင့် တကယ်မလိုအပ်တဲ့ စားကျက်မြေတွေကို တိုးပွားလာမယ့် မြန်မာပြည်လူဦးရေ စားနပ်ရိက္ခာအတွက် လယ်စိုက်ပျိုးဖို့ အသုံးချသင့်တယ်လို့ ဆုံးဖြတ်ပြီး ကျနော်တို့ ပြည်ထဲရေး ဌာနကို တင်ပြခဲ့တာပါ”ဟု ဝန်ကြီး ဦးစန်းမောင်ကလည်း ပြောပြသည်။
လယ်ယာစိုက်ပျိုးနေသည့် ကုန်းတွင်းပိုင်း စားကျက်မြေများကို ပယ်ဖျက်သည့်အပေါ် သဘောတူသော်လည်း သဘာဝဘေး အန္တရာယ် အချိန်မရွေး ကျရောက်နိုင်သည့် ဒေးဒရဲ၊ ဖျာပုံ၊ ဘိုကလေး၊ ငပုတော၊ လပွတ္တာ ဒေသများရှိ ဒီရေတော စားကျက်မြေများကို ဒေသလုံခြုံရေးအတွက် စားကျက်မြေအဖြစ် မူလအတိုင်း ထားရှိသင့်ကြောင်း သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူ ဦးထွန်းထွန်းဦး က ပြောသည်။
“ဒေးဒရဲလို ပင်လယ်နံဘေး ဒေသမျိုးတွေက သဘာဝဘေး အချိန်မရွေး ကျရောက်နိုင်ပါတယ်။ မုန်တိုင်းလို၊ ဆူနာမီလို သဘာဝဘေး ဖြစ်ချိန်မှာ ဒီရေတောတွေကဒေသအတွက် အရမ်းအရေးကြီးတယ်။ ဒေးဒရဲမှာဆိုရင် ဒီရေတော စားကျက်မြေတွေရှိပေမယ့် အာဏာပိုင်တွေက ရောင်းစားလို့ အကုန်လယ်တွေ ဖြစ်ကုန်ပြီ။ အဲဒီတော့ ဒီရေတောအဖြစ်ထားတဲ့ စားကျက်မြေတွေကိုတော့ ဒေသ လုံခြုံရေးအတွက် မပယ်ဖျက်ဘဲ မူလအတိုင်းထားဖို့ လိုပါတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။
ဧရာဝတီတိုင်းအတွင်းရှိ စားကျက်မြေ ဧကပေါင်း ၁၉၂၂၂၃ ဒသမ ၅၃ ကို ပြည်ထဲရေး ဝန်ကြီးဌာနက ပယ်ဖျက်ပြီး ဖြစ်သည့်အတွက် စားကျက်မြေ ၁၀၇၉၈၆ ဒသမ ၀၀၈ ဧကနှင့် ရိုးချောင်း ၁၉၃ ဧက ကျန်ရှိနေကြောင်း တိုင်းအစိုးရ အဖွဲ့ရုံး စာရင်းများအရ သိရ သည်။