တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နောင်တက်လာမည့် အစိုးရနှင့် တိုင်းပြည် တည်ငြိမ်အေးချမ်းရေး လုပ်ငန်းများ ပူးတွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၂၄ ရက်နေ့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် နေပြည်တော်တွင် တွေ့ဆုံစဉ် ပြောဆိုလိုက်သည်။
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော တပ်မတာ် ထိပ်တန်း ခေါင်းဆောင်များ တွေ့ဆုံစဉ် သတင်းမီဒီယာ ကိစ္စ၊ တိုင်းပြည်အကျိုးအတွက် ပူးပေါင်း ဆောင်ရွက်မည့် ကိစ္စ များအပြင် ငြိမ်ချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်ရှိတပ်မတော်အနေဖြင့် Standard Army အဖြစ် တိုက်စွမ်းအား၊ တိုက်စွမ်းရည်များ မြှင့်တင်ခြင်းဖြင့် တပ်မတော်၏ စွမ်းဆောင်ရည် မြင့်မားလာအောင် လုပ်ဆောင် ပေး နေရာ တွင် တပ်မတော်သားတိုင်း ပညာရည်မြှင့်တင်ရေးများ လုပ်ဆောင်ပေးလျက်ရှိကြောင်း၊ ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်းနေချိန်ဖြစ်၍ ပြည်သူများ၏ ဒီမိုကရေစီ ကျင့်စဉ်များ၊ အသိပညာ ပေး မှုများ ပံ့ပိုးလုပ်ဆောင်ပေးပါက ကောင်းမွန်ပါကြောင်း၊ နောင်အစိုးရနှင့်လည်း တည်ငြိမ် အေးချမ်း ရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ပြောဆိုသည်။
တည်ငြိမ်အေးချမ်းရေးတွင် တရားဥပဒေစိုးမိုးရေးနှင့်လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးအပိုင်းများရှိကြောင်း၊ တပ်မတော်အနေဖြင့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် လိုက်လျောနိုင်သမျှလိုက်လျော၍ NCA လက်မှတ်ရေးထိုးခြင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပခြင်းတို့တွင် ထာဝရငြိမ်းချမ်းရေး အတွက် အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်နေကြောင်း၊ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုး တက်မှု အတွက် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးသည် သေရေးရှင်ရေးတမျှ မရှိမဖြစ် အရေးကြီး လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ စတင်ချိန်မှ သတ်မှတ်ကာလအတွင်း DDR/SSR လုပ်ငန်း စဉ်များ ပြီးပြတ်အောင် လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ တစ်ဦးနှင့်တစ်ဦး Gentleman Agreement များကိုလည်း လိုက်နာ စောင့်ထိန်းရန် လိုအပ်ကြောင်း၊ တရားဥပဒေ စိုးမိုးရေးအပိုင်းတွင်လည်း အစိုးရ၊ လွှတ်တော်တို့အား ကူညီလုပ်ဆောင် လျက်ရှိကြောင်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဆိုသည်။
တပ်မတော်နှင့် သတင်းမီဒီယာကောင်စီ တွေ့ဆုံပွဲသို့ တပ်ချုပ်မင်းအောင်လှိုင်နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ပူးတွဲတာဝန် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီး များ တက်ရောက်ကြပြီး မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဦးခင်မောင်လေး နှင့် ဒုတိယဥက္ကဋ္ဌ များဖြစ်ကြသည့် ဦးဖေမြင့်နှင့် ဒေါက်တာ မျိုးသန့်တင်၊ အတွင်းရေးမှူး ဦးသီဟစောနှင့် အဖွဲ့ဝင်များ၊ ရုံးအဖွဲ့များ၊ စုစုပေါင်း ၂၄ ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။