ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့ မင်္ဂလာရပ်ကွက်တွင် ဇန်နဝါရီလ ၂၃ ရက်နေ့ ညက လက်နက်ကြီးကျည် ကျရောက်သဖြင့် ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ထိတ်လန့်နေကြောင်း နမ့်ဆန် ဒေသခံများက ပြောဆိုသည်။
လက်နက်ကြီးကျည် ကျရောက်သဖြင့် နမ့်ဆန်မြို့တွင်းရှိ အိမ် ၂ လုံး ပျက်စီးသွားကြောင်း၊ လက်နက်ကြီးကျည်ကြောင့် ဒဏ်ရာရရှိသည့် ဒေသခံ ၄ ဦးတွင် ၃ ဦးမှာ ကလေးများ ဖြစ်ကြောင်း၊ ဒဏ်ရာရရှိသူ ဒေသခံများကို လားရှိုးဆေးရုံသို့ ပို့ဆောင်ထားပြီး စိုးရိမ် စရာ မရှိကြောင်း နမ့်ဆန်မြို့ ပလောင်(တအာင်း) အမျိုးသား ပါတီ ရုံးအဖွဲ့မှူး ဦးလှကျော်က ဧရာဝတီသို့ ပြောသည်။
ဦးလှကျော်က“ပစ်တာတော့ တပ်ကုန်း(နမ့်ဆန်မြို့ထဲ)ကို လှမ်းပစ်တာပဲ။ လက်နက်ကြီးကတော့ တလုံးပါ။ ဘယ်အဖွဲ့ပစ်လဲ ဆိုတာ မသိဘူး။ ည သန်းခေါင် ပစ်တာဆိုတော့ ပြည်သူတွေက ထိတ်လန့်နေကြတယ်။ သွားသတိ၊ လာသတိနဲ့ နေနေရတယ်”ဟုလည်း ပြောပြသည်။
နမ့်ဆန်မြို့အတွင်း လက်နက်ကြီးကျည် ကျပြီးနောက်ပိုင်းတွင် နမ့်ဆန်မြို့ ဝန်းကျင်တွင် လက်နက်သံများ ကြားနေရသေးသည်ဟု ဦးလှကျော်က ဆက်ပြောသည်။
ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) ပြန်ကြားရေး တာဝန်ခံ မိုင်းအိုက်ကျော်က“ကျနော် လိုက် စုံစမ်း ရသလောက်တော့ ကျနော်တို့ လူတွေမဟုတ်ဘူး။ သေချာတော့ မသိသေးဘူး။ ၂၃ ရက် ညသန်းခေါင်မှာ ကျနော်တို့နဲ့ အစိုးရနဲ့ တိုက်ပွဲ မဖြစ်ဘူး။ ၂၄ ရက်နေ့မှာတော့ တိုက်ပွဲ ဖြစ်ခဲ့ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ဇန်နဝါရီ ၂၄ ရက်နေ့ ညနေ ၃နာရီက TNLA နှင့် အစိုးရ တပ်မတော်တို့သည် နမ့်ဆန်မြို့နယ် လီလုကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ခဲ့ ကြောင်း၊ ထို့အတူ TNLA နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း(RCSS/SSA)တို့ကြား ဇန်နဝါရီလ ၁၇ ရက်မှ စတင်၍ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလျက် ရှိကြောင်းလည်း မိုင်းအိုက်ကျော်က ပြောပြသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် စေကင်း ကျေးရွာတွင် အစိုးရ တပ်မတော်နှင့် ပန်းဆေးပြည်သူ့စစ် အဖွဲ့တို့က ဒေသခံ ရွာ သားများကို ဖမ်းဆီးနှိပ်စက်သည့် ဖြစ်စဉ်တခု ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအတွင်းက ဖြစ်ပွားခဲ့ရာ ယင်းကိစ္စကို အစိုးရအနေဖြင့် တာဝန်ယူ ဖြေရှင်းပေးရန် ပလောင်(တအာင်း) အမျိုးသမီး အဖွဲ့အစည်း၊ ပလောင်(တအာင်း)ကျောင်းသားနှင့် လူငယ်များအဖွဲ့ တို့က တောင်းဆိုထားသည်။